မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် အဘယ်အရာကို ယုံကြည်သနည်း

သင် အဘယ်အရာကို ယုံကြည်သနည်း

ဖန်ဆင်းခြင်းဆိုင်ရာ ကျမ်းစာမှတ်တမ်းကို ယုံကြည်သည်ဟု ဆိုသူအချို့သည် မြေကြီးနှင့် ယင်းအပေါ်ရှိ အရာအားလုံးကို လွန်ခဲ့သည့် နှစ်ထောင်ပေါင်း အနည်းငယ်ခန့်က ၂၄ နာရီရှိသည့် ခြောက်ရက်အတွင်း ဖန်ဆင်းခဲ့သည်ဟု ပြောဆိုကြသည်။ ဘုရားသခင်မဲ့ဝါဒီအချို့သည် ဘုရားသခင် မရှိကြောင်း၊ ကျမ်းစာသည် ဒဏ္ဍာရီဖြစ်ကြောင်းနှင့် သက်ရှိအားလုံး အမှတ်တမဲ့ မရည်ရွယ်ဘဲ ဖြစ်ပေါ်လာကြောင်း သင့်အား ယုံကြည်စေလိုသည်။

လူအများစု၏ ရှုမြင်ပုံမှာ ယင်းဆန့်ကျင်ဘက် အယူအဆနှစ်ခုကြားတွင် ဖြစ်၏။ ဤဘရိုရှာကို သင်ဖတ်ရှုခြင်းက သင်သည် ထိုသူတို့ထဲမှတစ်ဦး ဖြစ်ဖွယ်ရှိကြောင်း ဖော်ပြသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ကျမ်းစာကို လေးမြတ်ပေမည်။ သို့သော် သက်ရှိများသည် ဖန်ဆင်းခံရခြင်း မဟုတ် ဟုရှုမြင်ကြသော ဩဇာညောင်းသည့် အဆင့်မြင့်သိပ္ပံပညာရှင်များ၏ အမြင်ကိုလည်း သင်တန်ဖိုးထားပေမည်။ သင်သည် မိဘတစ်ဦးဖြစ်ပါက ဆင့်ကဲဖြစ်စဉ်နှင့် ဖန်ဆင်းခြင်းအကြောင်း သင့်ကလေးများ မေးလာသောအခါ မည်သို့ပြန်ဖြေရမည်ကို သင်စဉ်းစားမိပေမည်။

ဤဘရိုရှာ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း

ဤဘရိုရှာသည် ဖန်ဆင်းခြင်းအကြောင်း ခြားနားသည့် ယုံကြည်ချက်ရှိသူများ သို့မဟုတ် ဘုရားသခင်ကို မယုံကြည်သူတို့၏ ရှုမြင်ချက်များကို ကဲ့ရဲ့လှောင်ပြောင်ရန် မရည်ရွယ်ပါ။ ယင်းအစား ဤဘရိုရှာက သင့်ယုံကြည်ချက်အချို့၏ အခြေခံအကြောင်းရင်းကို ပြန်လည်ဆန်းစစ်ရန် လှုံ့ဆော်ပေးမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ဤဘရိုရှာတွင် ယခင်က သင်စဉ်းစားခဲ့ဖူးမည် မဟုတ်သည့် ဖန်ဆင်းခြင်းဆိုင်ရာ ကျမ်းစာမှတ်တမ်းကို ရှင်းပြထားသည်။ ထို့ပြင် သက်ရှိစတင်ခဲ့ပုံနှင့်ပတ်သက်သော သင့်ယုံကြည်ချက်သည် အဘယ်ကြောင့် အမှန်တကယ် အရေးကြီးကြောင်း အလေးပေးပါလိမ့်မည်။

ဉာဏ်ပညာကြီးမားသည့် ဖန်ဆင်းရှင်တစ်ပါး မရှိ၊ သမ္မာကျမ်းစာကို ယုံကြည်၍မရ ဟုဆိုသူတို့၏ ပြောဆိုရာများကို သင်ယုံကြည်မည်လော။ သို့မဟုတ် သမ္မာကျမ်းစာ အမှန်တကယ် ပြောဆိုရာကို သင်ဆန်းစစ်မည်လော။ အဘယ်သွန်သင်ချက်များကို သင်ယုံကြည်စိတ်ချထိုက်သနည်း– သမ္မာကျမ်းစာ၏ သွန်သင်ချက်လော သို့မဟုတ် ဆင့်ကဲဝါဒီများ၏ သွန်သင်ချက်လော။ (ဟေဗြဲ ၁၁:၁) အချက်အလက်များကို ပြန်ဆန်းစစ်ကြစို့။