မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ယေရှုလို သစ်တိုင်တင် အသတ်ခံရသူတွေကို ထုံးစံ​အတိုင်း သင်္ဂြိုဟ်ဖို့ ရောမတွေ ခွင့်ပြုသလား

ရာဇဝတ်သား နှစ်ယောက် အလယ်မှာ ယေရှု သစ်တိုင်တင်ခံရတဲ့ ကျမ်းမှတ်တမ်းကို လူ​အတော်များများ သိကြတယ်။ (မ. ၂၇:၃၅-၃၈) ဒါပေမဲ့ ယေရှုရဲ့ အလောင်းကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်တယ်၊ သင်္ချိုင်းဂူထဲ သင်္ဂြိုဟ်တယ် ဆိုတဲ့ ကျမ်းစာ ဖော်ပြချက် တိကျမှု မရှိဘူးလို့ တချို့ အငြင်းပွား​ကြတယ်။—မာ. ၁၅:၄၂-၄၆

သေဒဏ် ပေးခံရတဲ့ ရာဇဝတ်သားကို သင်္ချိုင်းဂူ​မှာ သင်္ဂြိုဟ်ခွင့် ပြုပါ့မလားလို့ ခရစ်ဝင်ကျမ်း ဝေဖန်ရေးသမားတချို့ သံသယ ဝင်ကြတယ်။ ဘာကြောင့်လဲ။ နောက်ခံကို စမစ်ဆိုနီယန် မဂ္ဂဇင်း သတင်းသမား အာရီယယ် ဆာဘာ ရှင်းပြတယ်– “သစ်တိုင်တင် သတ်ခြင်းဟာ လူ့အသိုင်းအဝိုင်းထဲက ဆန်ကုန်မြေလေးတွေအတွက် သတ်မှတ်​ထားတဲ့ ပြစ်ဒဏ် ဖြစ်တယ်။ အဲဒီလို​လူတွေကို ရောမတွေ ဂုဏ်သိက္ခာ​ရှိရှိ ဂူသွင်း သင်္ဂြိုဟ်ခွင့် ပေးတယ်ဆိုတာ ပညာရှင်တချို့အတွက် ရယ်စရာ ဖြစ်​နေတယ်။” ရောမတွေ​က သေဒဏ် ပေးခံရတဲ့ ရာဇဝတ်သားတွေကို အဆုံးစွန်ထိ အရှက်တကွဲ ဖြစ်စေချင်​ကြတယ်။ ဒါကြောင့် အလောင်းတွေကို သားရဲ​တိရစ္ဆာန်တွေ စားဖို့ ပစ်ထားပြီး ကျန်ကြွင်းတဲ့ အပိုင်းအစတွေကို သင်္ချိုင်းတစ်ခုခုမှာ တခြားအလောင်းတွေနဲ့ ရောပြီး သွားပစ်လိုက်ကြတယ်။

ဒါပေမဲ့ သေဒဏ် ပေးခံရတဲ့ ဂျူး​တချို့​ရဲ့ ရုပ်ကြွင်းကိုတော့ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်ဆိုတာ ရှေးဟောင်း သုတေသန တွေ့ရှိချက်​က ဖော်ပြတယ်။ ပထမရာစုတုန်းက သေဒဏ် ပေးခံရတဲ့ လူတစ်ယောက်ရဲ့ အရိုးစုကို ၁၉၆၈ မှာ တူးဖော်တွေ့ရှိခဲ့ကြတယ်။ ဂျေရုဆလင်​မြို့နားက ဂျူး​မိသားစု တစ်စု​ရဲ့ သင်္ချိုင်းဂူထဲမှာ တွေ့တာ။ သူ့အရိုးစုကို အရိုးအိုးထဲ ထည့်ထားတယ်။ အဲဒီအရိုးစုထဲမှာ ဖနောင့်ရိုးလည်း ပါတယ်။ သစ်သားပြားကို ဖနောင့်ရိုးနဲ့ ကပ်ပြီး ၄.၅ လက်မ (၁၁.၅ စင်တီမီတာ) အရှည်​ရှိတဲ့ သံနဲ့ ရိုက်ထားတာ။ “အဲဒါ ယဟောခါနန်လို့ ခေါ်တဲ့ အမျိုးသား​တစ်ယောက်ရဲ့ ဖနောင့်ပါ။ ဒီဖနောင့်ဟာ သင်္ချိုင်းဂူ​မှာ ယေရှု သင်္ဂြိုဟ်​ခံရတယ်​ဆိုတဲ့ ခရစ်ဝင်ကျမ်း မှတ်တမ်း မှန်ကန်ကြောင်း အထောက်အထားပါပဲ။ ယေရှုခေတ်တုန်းက သစ်တိုင်တင် သတ်ခံရသူတချို့ကို ဂျူး​ထုံးစံ​အတိုင်း ဂူသွင်း သင်္ဂြိုဟ်ဖို့ ရောမတွေ ခွင့်ပြုတယ်ဆိုတဲ့ သာဓကတစ်ခုပဲ” လို့ ဆာဘာ ပြောတယ်။

ဒီဖနောင့်ရိုးကြောင့် သစ်တိုင်ပေါ် ယေရှု ဘယ်လိုပုံစံနဲ့ ချိတ်ဆွဲ​ခံရတယ်​ဆိုတဲ့ အမြင်တွေ ကွဲပြားမှု ရှိနိုင်တယ်။ ဒါပေမဲ့ သေဒဏ် ပေးခံရတဲ့ ရာဇဝတ်သားတချို့ ဂူသွင်း သင်္ဂြိုဟ်ခံရတယ်ဆိုတဲ့အချက်ကတော့ တိကျမှန်ကန်တာ ထင်ရှားတယ်။ ယေရှုရဲ့ အလောင်း သင်္ချိုင်းဂူထဲ သင်္ဂြိုဟ်​ခံရတယ်​ဆိုတဲ့ ကျမ်းစာအဆို တိကျမှန်ကန်တယ်။ အဲဒါကို ဒီအထောက်အထားက သက်သေထူတယ်။

ပိုအရေးကြီးတာက သူဌေးတစ်ယောက်ရဲ့ သင်္ချိုင်းဂူ​မှာ ယေရှု သင်္ဂြိုဟ်​ခံရမယ်လို့ ယေဟောဝါ ကြို​ဟော​ထားတယ်။ အဲဒီစကား မပြည့်စုံအောင် ဘယ်သူမှ မတားဆီးနိုင်ဘူး။—ဟေရှာ. ၅၃:၉။ ၅၅:၁၁