မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

အီဂျစ်​ပြည်မှာ အစ္စရေး​တွေ ကျွန်ခံခဲ့ရ​ကြောင်း ကျမ်းစာ​ဖော်ပြချက်​အပြင် တခြား ဘာ​အထောက်အထား ရှိသေး​သလဲ။

ယောသပ်​ကို မိဒျန်​လူမျိုး​တွေ အီဂျစ်​ပြည်​ဆီ ခေါ်သွား​ပြီးနောက် ဘိုးဘေး​ယာကုပ်နဲ့ မိသားစုဟာ ခါနန်ပြည်​ကနေ အီဂျစ်ပြည်ကို ပြောင်းရွှေ့​သွားတယ်လို့ ကျမ်းစာ မှတ်တမ်းမှာ ဖော်ပြ​ထားတယ်။ နိုင်း​မြစ်ဝကျွန်းပေါ်​ဒေသ၊ ဂေါရှင်​အရပ်မှာ သူတို့ အခြေချ နေထိုင်ခဲ့​ကြတယ်။ (က. ၄၇:၁၊ ၆) ‘လူဦးရေ များသည်ထက် များပြီး အင်အားကြီး​မား​လာ’ တယ်။ ဒါကြောင့် အစ္စရေးတွေကို အီဂျစ်တွေ ကြောက်​လာပြီး ကျွန်​အဖြစ် ခိုင်းစေ​ကြတယ်။—ထွ. ၁:၇-၁၄

ဝေဖန်ရေး​သ​မား​တချို့က အထက်ပါ ကျမ်း​မှတ်တမ်း​ကို ဒဏ္ဍာရီ​လို့ ပြောပြီး သရော်​ကြတယ်။ ဒါပေမဲ့ ရှေး​အီဂျစ်​ပြည်မှာ ဆီးမိုက်​လူမျိုး​တွေ * ကျွန်ခံခဲ့ရ​ကြောင်း အထောက်အထား​တွေ ရှိတယ်။

ဥပမာ၊ အီဂျစ်​ပြည် မြောက်ပိုင်း​မှာ အခြေချ နေထိုင်သူတွေ ရှိခဲ့​ကြောင်း ရှေးဟောင်း သုတေသီ​တွေ ရှာဖွေ​တွေ့ရှိခဲ့တယ်။ အဲဒီ​ဒေသမှာ ဆီးမိုက်​တွေ အခြေချ​နေထိုင်ခဲ့တယ်​ဆိုတဲ့ အထောက်အထား ၂၀ ကျော် ရှိတယ်လို့ ကျမ်းပညာရှင် ဂျွန် ဘင်​စ​န် ပြောတယ်။ ဒါ့အပြင် “ဘီစီ ၁၈၀၀ ကနေ ၁၅၄၀ အတွင်း အီဂျစ်​ပြည်ဟာ အနောက်​အာရှ​ကနေ ပြောင်းလာတဲ့ ဆီးမိုက်​စကားပြော​သူတွေ အကြိုက်ဆုံး နေရာ​ပဲ။ အဲဒီ​အချိန်ကာလ​ဟာ ကမ္ဘာဦးကျမ်းမှာ ဖော်ပြ​ထားတဲ့ အချိန်၊ ဖြစ်ရပ်တွေ​နဲ့ ကိုက်ညီ​နေတယ်” လို့ အီဂျစ်​သမိုင်း​ပညာရှင် ဂျိမ်း ကေ ဟော့ဖ်​မီး​ယား ပြောတယ်။

အီဂျစ်​ပြည် တောင်ပိုင်း​မှာလည်း နောက်ထပ် အထောက်အထား ရှိသေးတယ်။ ဘီစီ ၂၀၀၀ ကနေ ၁၆၀၀ ခန့် ရက်စွဲ​တပ်ထားတဲ့ ကျူစာ​တစ်ခုမှာ အီဂျစ်​ပြည် တောင်ပိုင်း​က အိမ်​တစ်အိမ်​မှာ အလုပ်​လုပ်တဲ့ ကျွန်တွေရဲ့ နာမည်ကို ဖော်ပြ​ထားတယ်။ အဲဒီ​ထဲမှာ ဆီးမိုက်​နာမည် ၄၀ ကျော် ပါတယ်။ အဲဒီ​ကျွန်တွေဟာ ထမင်းချက်၊ ရက်​ကန်း​သ​မား၊ အလုပ်ကြမ်းသမားတွေ ဖြစ်တယ်။ “အီဂျစ်​ပြည် တောင်ပိုင်း အိမ်​တစ်အိမ်​တည်း​မှာ​တင် ဆီးမိုက်​လူမျိုး ၄၀ ကျော်​လောက် အလုပ်လုပ်တယ်​ဆိုရင် အီဂျစ်​တစ်ပြည်လုံး၊ အထူးသဖြင့် မြစ်ဝကျွန်းပေါ်​ဒေသမှာ ဆီးမိုက်​လူမျိုး အတော်​များ​နိုင်တယ်” လို့ ဟော့ဖ်​မီး​ယား ပြောတယ်။

စာရင်း​မှာ ပါတဲ့ ကျွန်​နာမည်​တချို့ဟာ “ကျမ်းစာမှာ ပါတဲ့ နာမည်တွေနဲ့ ဆင်တူတယ်” လို့ ရှေးဟောင်း သုတေသီ ဒေးဗစ် ရိုး​လ် ရေးတယ်။ ဥပမာ၊ အိ​သ​ခါ၊ အာရှာ၊ ရှိ​ဖ​ရ​စတဲ့ နာမည်တွေနဲ့ ဆင်​တယ်။ (ထွ. ၁:၃၊ ၄၊ ၁၅) “ဒါက အစ္စရေး​တွေ အီဂျစ်​ပြည်မှာ ကျွန်ခံခဲ့ရ​တယ်​ဆိုတဲ့ တကယ့်​အထောက်အထား​ပါပဲ” လို့ ရိုးလ် ကောက်ချက်​ချတယ်။

“အီဂျစ်​ပြည်မှာ ကျွန်ခံ​တာ၊ လွတ်မြောက်​တာ​နဲ့​ပတ်သက်တဲ့ ကျမ်းစာ​ဖော်ပြချက်​အတွက် ခိုင်လုံတဲ့ သမိုင်း​အထောက်အထား ရှိပါတယ်” လို့ ဘင်​စ​န် ပြောတယ်။

^ အပိုဒ်၊ 4 ဆီးမိုက်​ဆိုတဲ့ နာမည်ဟာ နောဧ​သား သုံးယောက်​ထဲ​က တစ်ယောက်​ဖြစ်တဲ့ ရှေမ​ဆီကနေ ဆင်းသက်​လာတယ်။ ရှေမရဲ့ သားစဉ်မြေးဆက်​တွေ​ထဲမှာ ဧလံ၊ အဆီးရီးယား၊ အစောပိုင်း ခါလဒဲ၊ ဟီဘရူး၊ ဆီးရီးယား၊ အာရပ်မျိုးနွယ်​တွေ ပါဝင်​ပုံ​ရတယ်။