မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လိင်တူဆက်ဆံခြင်းအကြောင်း သမ္မာကျမ်းစာမှာ ဘာပြောထားသလဲ

လိင်တူဆက်ဆံခြင်းအကြောင်း သမ္မာကျမ်းစာမှာ ဘာပြောထားသလဲ

လိင်တူချင်းလက်ထပ်တာဟာ နိုင်ငံများစွာမှာ အချေအတင် အငြင်းပွားနေဆဲကိစ္စ ဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၅ မှာ အမေရိကန်တရားရုံးချုပ်က လိင်တူလက်ထပ်တာကို တစ်နိုင်ငံလုံးမှာ တရားဝင်ခွင့်ပြုလိုက်ပြီလို့ ကြေညာခဲ့တယ်။ သိပ်မကြာပါဘူး၊ အဲဒီအကြောင်းကို အင်တာနက်မှာ အကြီးအကျယ် ရှာဖွေကြတော့တယ်။ အမေးအများဆုံး မေးခွန်းတစ်ခုက “လိင်တူဆက်ဆံခြင်းအကြောင်း ကျမ်းစာမှာ ဘာပြောထားသလဲ” ဆိုတာပဲ။

ကျမ်းစာမှာ လိင်တူချင်း လက်ထပ်တာနဲ့ပတ်သက်ပြီး ဘာမှမဖော်ပြထားဘူး။ ဒါဆို လိင်တူဆက်ဆံခြင်းအကြောင်း ကျမ်းစာဘာပြောသလဲ။

လူအတော်များများက ကျမ်းစာကို သေချာမဆန်းစစ်ကြည့်ဘဲ အဖြေကိုသိတယ်လို့ ထင်ကြပေမဲ့ သူတို့အဖြေတွေက ကျမ်းစာနဲ့လွဲနေတယ်။ တချို့က လိင်တူဆက်ဆံခြင်းကို ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း တားမြစ်ထားတယ်လို့ ပြောတယ်။ တချို့ကျပြန်တော့ ‘လူလူချင်း ချစ်ပါ’ ဆိုတဲ့ ကျမ်းစာမိန့်မှာချက်က ဘယ်ဘဝပုံစံ၊ ဘယ်လိင်ဆက်ဆံမှုပုံစံပဲဖြစ်ဖြစ် ထောက်ခံတယ်လို့ ပြောတယ်။—ရောမ ၁၃:၉

သမ္မာကျမ်းစာက ဘာပြောသလဲ

ဘယ်အချက်မှန်မယ်လို့ သင် ထင်ပါသလဲ။

  1. ၁။ ကျမ်းစာက လိင်တူဆက်ဆံတာကို တားမြစ်တယ်။

  2. ၂။ ကျမ်းစာက လိင်တူဆက်ဆံတာကို ခွင့်ပြုတယ်။

  3. ၃။ လိင်တူဆက်ဆံသူတွေကို မုန်းတီးဖို့၊ ခွဲခြားဆက်ဆံဖို့ ကျမ်းစာက အားပေးတယ်။

အဖြေများ–

  1. ၁။ မှန်။ ‘ယောက်ျားချင်း လိင်ဆက်ဆံသူ’ တွေဟာ ‘ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရ’ ဘူးလို့ ကျမ်းစာပြောတယ်။ (၁ ကောရိန္သု ၆:၉၊ ၁၀) ဒါက မိန်းမချင်း လိင်ဆက်ဆံတာနဲ့လည်း သက်ဆိုင်တယ်။—ရောမ ၁:၂၆

  2. ၂။ မှား။ လက်ထပ်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးပဲ လိင်ဆက်ဆံသင့်တယ်လို့ ကျမ်းစာသွန်သင်တယ်။—ကမ္ဘာဦး ၁:၂၇၊ ၂၈; သုတ္တံ ၅:၁၈၊ ၁၉

  3. ၃။ မှား။ လိင်တူဆက်ဆံတာကို ကျမ်းစာမှာ တားမြစ်ထားပေမဲ့ လိင်တူသမားတွေကို နှိမ်တာ၊ အကြမ်းဖက်တိုက်ခိုက်တာ၊ သူတို့ကို ထိခိုက်နာကျင်စေတဲ့ အပြုအမူတွေ လုပ်ဖို့တော့ မသွန်သင်ထားဘူး။—ရောမ ၁၂:၁၈ [၁]

ယေဟောဝါသက်သေတွေ ဘာကို လက်ခံထားသလဲ

သမ္မာကျမ်းစာရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေဟာ အကောင်းဆုံးဖြစ်မှန်း ယေဟောဝါသက်သေတွေ ယုံကြည်တယ်၊ အဲဒီစံနှုန်းတွေအတိုင်း လိုက်နာကြတယ်။ (ဟေရှာယ ၄၈:၁၇) [၂] ဆိုလိုတာက၊ သူတို့ဟာ လိင်တူဆက်ဆံခြင်း အပါအဝင် လိင်ဆိုင်ရာ မသင့်တော်တဲ့အပြုအမူ မှန်သမျှကို လက်မခံကြဘူး။ (၁ ကောရိန္သု ၆:၁၈) [၃] ဒါက ယေဟောဝါသက်သေတွေ ရွေးချယ်ထားတဲ့ ဘဝပုံစံဖြစ်ပြီး ရွေးချယ်ပိုင်ခွင့်လည်း ရှိတယ်။

ယေဟောဝါသက်သေတွေဟာ ကိုယ့်ကိုပြုမူဆက်ဆံစေချင်တဲ့နည်းအတိုင်း တခြားသူတွေကို ပြုမူဆက်ဆံပြီး ရွှေပညတ်ကို ကြိုးစားလိုက်နာကြတယ်

တစ်ချိန်တည်းမှာ ယေဟောဝါသက်သေတွေဟာ ‘လူအားလုံးနဲ့ သင့်မြတ်စွာနေဖို့’ ကြိုးစားကြတယ်။ (ဟေဗြဲ ၁၂:၁၄) လိင်တူဆက်ဆံတာကို သူတို့ လက်မခံပေမဲ့ တခြားသူတွေကို သူတို့လိုလက်ခံဖို့ အတင်းမတိုက်တွန်းဘူး။ လိင်တူသမားတွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ မပါဝင်ကြသလို အဲဒီအကြောင်း ကြားတဲ့အခါမှာလည်း ဝမ်းမသာကြဘူး။ ကိုယ့်ကိုပြုမူဆက်ဆံစေချင်တဲ့နည်းအတိုင်း တခြားသူတွေကို ပြုမူဆက်ဆံပြီး ရွှေပညတ်ကို လိုက်နာကြတယ်။—မဿဲ ၇:၁၂

လိင်တူသမားတွေကို မုန်းတီးဖို့ ကျမ်းစာက အားပေးသလား

လိင်တူသမားတွေကို မုန်းတီးဖို့ ကျမ်းစာက အားပေးတယ်၊ ကျမ်းစာစံနှုန်းအတိုင်း လိုက်နာသူတွေကို အမြင်ကျဉ်းသူတွေလို့ တချို့ ပြောကြမယ်။ ‘လူတွေ အမြင်မကျယ်ခင်မှာ ကျမ်းစာကို ရေးခဲ့တာ။ အခုချိန်မှာ ငါတို့က ဘယ်လူမျိုး၊ ဘယ်နိုင်ငံသား၊ ဘယ်လိင်ဆက်ဆံမှုပုံစံမဆို လက်ခံတယ်’ လို့ တချို့ ပြောကြတယ်။ လိင်တူဆက်ဆံတာကို လက်မခံတာက အသားအရောင်မတူသူတွေကို လက်မခံတာနဲ့ အတူတူပဲလို့ သူတို့မှတ်ယူထားတယ်။ အဲဒီလိုနှိုင်းယှဉ်တာ မှန်သလား။ မမှန်ပါဘူး။ ဘာကြောင့်လဲ။

လိင်တူဆက်ဆံတဲ့ အပြုအမူကိုလက်မခံတာနဲ့ လိင်တူဆက်ဆံတဲ့ လူတွေကို လက်မခံတာက မတူပါဘူး။ လူအားလုံးကို လေးစားဖို့ ကျမ်းစာပြောတယ်။ (၁ ပေတရု ၂:၁၇) [၄] ဒါက လူတွေရဲ့ အပြုအမူအားလုံးကို ခရစ်ယာန်တွေ လက်ခံရမယ်လို့ မဆိုလိုပါဘူး။

နှိုင်းယှဉ်ချက်ကို သုံးသပ်ကြည့်ပါ– ဆေးလိပ်သောက်တာက အန္တရာယ်ဖြစ်စေတယ်လို့ မြင်ပြီး သင် မကြိုက်ဘူး ဆိုပါစို့။ ဒါပေမဲ့ သင့်အလုပ်ဖော်က ဆေးလိပ်သောက်တတ်သူ ဖြစ်နေရင်ကော။ သူနဲ့ အမြင်မတူတာနဲ့ သင်က အမြင်ကျဉ်းသူ၊ ခွဲခြားဆက်ဆံသူ ဖြစ်သွားပြီလား။ ဆေးလိပ်သောက်တတ်တဲ့ အလုပ်ဖော်က သင့်အမြင်ကို ပြောင်းလဲပေးဖို့ တောင်းဆိုလာရင် သူကမှ အမြင်ကျဉ်းသူ ဖြစ်သွားတယ်မဟုတ်လား။

ယေဟောဝါသက်သေတွေဟာ ကျမ်းစာမှာ ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေအတိုင်း နေထိုင်ကြတယ်။ ကျမ်းစာတားမြစ်ထားတဲ့ လုပ်ရပ်မှန်သမျှကို လက်မခံကြဘူး။ ဒါပေမဲ့ သူတို့နဲ့မတူတဲ့ တခြားသူတွေရဲ့ လုပ်ရပ်တွေကို လှောင်ပြောင်တာ၊ ခွဲခြားဆက်ဆံတာမျိုးတော့ မလုပ်ပါဘူး။

ကျမ်းစာရှုထောင့်က ရက်စက်ရာကျသလား

လိင်တူစိတ်ဝင်စားတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ကော။ အဲဒီစိတ်က မွေးရာပါလား။ အဲဒီလိုသာဆိုရင် သူတို့ဆန္ဒအတိုင်း ပြုမူလုပ်ဆောင်တာကို မှားတယ်လို့ပြောတာ ရက်စက်ရာမကျဘူးလား။

လိင်တူစိတ်ဝင်စားတဲ့စိတ် ဖြစ်ရတဲ့ အကြောင်းရင်းကို ကျမ်းစာမှာ မဖော်ပြထားပေမဲ့ လူတွေရဲ့ အကျင့်စရိုက်တချို့ဟာ အမြစ်စွဲနေတတ်တယ်လို့တော့ ပြောထားတယ်။ ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှု ရချင်တယ်ဆိုရင်တော့ လိင်တူဆက်ဆံတာအပါအဝင် အပြုအမူတချို့ကို ရှောင်ကြဉ်ရမယ်လို့ ကျမ်းစာပြောတယ်။—၂ ကောရိန္သု ၁၀:၄၊ ၅

ကျမ်းစာဖော်ပြချက်က ရက်စက်ရာကျတယ်လို့ တချို့ပြောမယ်။ အဲဒီလိုပြောတဲ့သူတွေမှာ ‘ကိုယ့်ရဲ့စိတ်ဆန္ဒအတိုင်း လုပ်ရမယ်၊ အထူးသဖြင့် လိင်ဆန္ဒဆိုတာ မထိန်းချုပ်ကောင်းဘူး၊ ထိန်းချုပ်လို့လည်း မရဘူး’ ဆိုတဲ့ အမြင်ရှိလို့ပဲ။ ဒါပေမဲ့ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်တဲ့ လူတွေကို ကျမ်းစာမှာ ဂုဏ်တင်ထားပါတယ်။ တိရစ္ဆာန်တွေနဲ့မတူဘဲ လူတွေဟာ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်ပါတယ်။ —ကောလောသဲ ၃:၅ [၅]

နှိုင်းယှဉ်ချက်ကို သုံးသပ်ကြည့်ပါ– ဒေါသကြီးတာလိုမျိုး တချို့အကျင့်စရိုက်တွေဟာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်တယ်လို့ ပညာရှင်တချို့ ပြောတယ်။ အဲဒီအကြောင်းကို ကျမ်းစာမှာ အတိအကျမဖော်ပြထားပေမဲ့ တချို့ဟာ ‘ဒေါသထွက်လွယ်သူ’ ဖြစ်တယ်လို့တော့ ပြောတယ်။ (သုတ္တံ ၂၂:၂၄; ၂၉:၂၂) ဒါပေမဲ့ ‘အမျက်မထွက်နဲ့။ ဒေါသူပုန်မထနဲ့’ လို့လည်း ကျမ်းစာသတိပေးတယ်။—ဆာလံ ၃၇:၈; ဧဖက် ၄:၃၁

ဒေါသကြီးသူတွေကို အဲဒီကျမ်းစကားအတိုင်း လိုက်နာပါလို့ပြောရင် ရက်စက်ရာကျတယ်ဆိုပြီး တချို့က အဲဒီကျမ်းစကားကို သဘောမတူကြဘူး။ ဒါပေမဲ့ ဒေါသစိတ်က လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇနဲ့ဆိုင်တယ်လို့ ယုံကြည်တဲ့ ပညာရှင်တွေတောင် ဒေါသကြီးသူတွေကို ချုပ်တည်းတတ်အောင် ကြိုးစားကူညီပေးကြတယ်။

ယေဟောဝါသက်သေတွေဟာ ကျမ်းစာစံနှုန်းနဲ့ မကိုက်ညီတဲ့ ဘယ်အပြုအမူကိုမဆို ကြိုးစားထိန်းချုပ်ရမယ်လို့ လက်ခံထားကြတယ်။ ကျမ်းစာစံနှုန်းနဲ့ မကိုက်ညီတဲ့ အပြုအမူတွေထဲမှာ လက်မထပ်ထားတဲ့ အမျိုးသားနဲ့အမျိုးသမီး လိင်ဆက်ဆံတာလည်း ပါတယ်။ ကျမ်းစာမှာ ဒီလိုသတိပေးတယ်– ‘ခင်ဗျားတို့အားလုံး သန့်ရှင်းသူတွေ၊ ဂုဏ်အသရေရှိသူတွေ ဖြစ်နိုင်ဖို့ ခန္ဓာကိုယ်ကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ သိရမယ်။ လောဘကြီးတာမျိုး၊ ရမ္မက်ဆန္ဒကို မချုပ်တည်းတာမျိုး မဖြစ်ရဘူး။’—၁ သက်သာလောနိတ် ၄:၄၊ ၅

‘တချို့ဟာ အရင်က အဲဒီလိုလုပ်ခဲ့ကြ’

ဘဝပုံစံ၊ နောက်ခံအမျိုးမျိုးရှိတဲ့ ပထမရာစုအချိန်က လူတချို့ဟာ ခရစ်ယာန်ဖြစ်ချင်လာတဲ့အခါ သူတို့ရဲ့ဘဝပုံစံဟောင်းကို အပြောင်းအလဲကြီး ပြောင်းလဲခဲ့ရတယ်။ ဥပမာ၊ ကျမ်းစာမှာ ‘လိင်အကျင့်ယိုယွင်းသူ၊ ရုပ်တုကိုးကွယ်သူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ မိန်းမလျာ၊ ယောက်ျားချင်း လိင်ဆက်ဆံသူ’ တွေအကြောင်း ပြောထားပြီး ‘ခင်ဗျားတို့ထဲက တချို့ဟာ အရင်က အဲဒီလိုလုပ်ခဲ့ကြတယ်’ လို့လည်း ပြောထားတယ်။ —၁ ကောရိန္သု ၆:၉-၁၁

‘ခင်ဗျားတို့ထဲက တချို့ဟာ အရင်က အဲဒီလိုလုပ်ခဲ့ကြတယ်’ လို့ ပြောတဲ့အတွက် လိင်တူဆက်ဆံတဲ့အကျင့်ကို စွန့်ခဲ့သူတွေမှာ ဒီစိတ်ဆန္ဒတွေ ထပ်မရှိတော့ဘူးလို့ ဆိုလိုနေတာလား။ အတိအကျတော့ မပြောနိုင်ဘူး။ ကျမ်းစာမှာ ဒီလိုတိုက်တွန်းထားလို့ပဲ– ‘စွမ်းအားတော်ရဲ့ လမ်းပြမှုအတိုင်း အမြဲလျှောက်လှမ်းကြပါ။ ဒါဆိုရင် အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်ကြတော့မှာ မဟုတ်ဘူး။’—ဂလာတိ ၅:၁၆

ခရစ်ယာန်တစ်ယောက်မှာ မသင့်တော်တဲ့ဆန္ဒတွေ နောက်ဘယ်တော့မှ ပြန်ပေါ်မလာဘူးလို့ ကျမ်းစာမှာ မပြောထားဘူးဆိုတာ သတိပြုပါ။ အဲဒီဆန္ဒတွေအတိုင်း လိုက်ကြတော့မှာမဟုတ်ဘူးလို့ပဲ ပြောတယ်။ ခရစ်ယာန်တွေဟာ အဲဒီဆန္ဒတွေ ကြီးထွားလာပြီး အပြစ်ပြုမိတာမျိုးမဖြစ်အောင် ကြိုးစားကြတယ်။—ယာကုပ် ၁:၁၄၊ ၁၅ [၆]

ကျမ်းစာက စိတ်ဆန္ဒရှိတာနဲ့ တကယ်လုပ်တာရဲ့ ကွာခြားချက်ကို ဖော်ပြတယ်။ (ရောမ ၇:၁၆-၂၅) ဖောက်ပြန်လိုစိတ်၊ ဒေါသစိတ်၊ လောဘကြီးစိတ် စတဲ့ မသင့်တော်တဲ့ စိတ်ဆန္ဒတွေကို ထိန်းချုပ်နိုင်သလိုပဲ လိင်တူစိတ်ဝင်စားတဲ့လူတစ်ယောက်ဟာ သူ့စိတ်ဆန္ဒကို ထိန်းချုပ်နိုင်ပါတယ်။—၁ ကောရိန္သု ၉:၂၇; ၂ ပေတရု ၂:၁၄၊ ၁၅

ကျမ်းစာမှာပါတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို ယေဟောဝါသက်သေတွေ ယုံကြည်လက်ခံကြတယ်။ ဒါပေမဲ့ သူတို့အမြင်အတိုင်းလိုက်ဖို့ အတင်းမတိုက်တွန်းသလို ကိုယ်နဲ့အမြင်မတူတဲ့သူတွေ ရထားတဲ့ လူ့အခွင့်အရေးဥပဒေတွေကို ဆန့်ကျင်ဖို့လည်း မကြိုးစားကြဘူး။ ကျမ်းစာသတင်းတရားက ကောင်းကျိုးဖြစ်စေတဲ့အတွက် ယေဟောဝါသက်သေတွေဟာ နားထောင်လိုသူတိုင်းကို ထက်ထက်သန်သန် ဟောပြောနေပါတယ်။—တမန်တော် ၂၀:၂၀

^ ၁။ ရောမ ၁၂:၁၈– “လူအားလုံးနှင့် သင့်မြတ်စွာ နေကြလော့။”

^ ၂။ ဟေရှာယ ၄၈:၁၇ကဘ– ‘ငါယေဟောဝါဟာ မင်းတို့ရဲ့ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်ပဲ။’

^ ၃။ ၁ ကောရိန္သု ၆:၁၈– ‘လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ။’

^ ၄။ ၁ ပေတရု ၂:၁၇– ‘လူအမျိုးမျိုးကို လေးစားကြပါ။’

^ ၅။ ကောလောသဲ ၃:၅– ‘လိင်အကျင့်ယိုယွင်းခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ရမ္မက်ဆန္ဒကို မချုပ်တည်းခြင်းကို ဖြစ်ပေါ်စေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သေစေကြပါ။’

^ ၆။ ယာကုပ် ၁:၁၄၊ ၁၅– “လူတစ်ဦးစီသည် မိမိတပ်မက်မှု၏ ဖြားယောင်းသွေးဆောင်ခြင်းအားဖြင့် စမ်းသပ်ခံရ၏။ ထို့နောက် တပ်မက်မှုသည် သန္ဓေတည်သောအခါ အပြစ်ကို ဖွားတတ်၏။ တစ်ဖန် အပြစ်ပြုပြီးသည့်အခါ သေခြင်းသို့ ပို့ဆောင်တတ်၏။”