တွေ့ဆုံမေးမြန်းခန်း | ရာဂျေ့ရှ် ကလာရီယာ
ဦးနှောက်သုတေသီတစ်ဦး သူ့ယုံကြည်ချက်ကို ရှင်းပြ
အင်္ဂလန်နိုင်ငံ၊ နယူးကာဆယ်လ်တက္ကသိုလ်က ပါမောက္ခ ရာဂျေ့ရှ် ကလာရီယာဟာ လူ့ဦးနှောက်အကြောင်း နှစ်ပေါင်း ၄၀ ကျော်လေ့လာခဲ့တယ်။ ဆင့်ကဲဖြစ်စဉ်ကို သူ ယုံကြည်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ယုံကြည်ချက် ပြောင်းလဲသွားတယ်။ နိုးလော့! မဂ္ဂဇင်းရေးသူတစ်ဦးက သူ့အလုပ်နဲ့ ယုံကြည်ချက်အကြောင်း မေးမြန်းခဲ့တယ်။
ခင်ဗျားရဲ့ ဘာသာရေးနောက်ခံအကြောင်း ပြောပြပါ။
ကျွန်တော့်အဖေရဲ့ ဇာတိက အိန္ဒိယနိုင်ငံဖြစ်တယ်။ အမေကတော့ ယူဂန္ဓာနိုင်ငံမှာမွေးတဲ့ အိန္ဒိယလူမျိုးပါ။ မိဘတွေဟာ အများအားဖြင့် ဟိန္ဒူထုံးစံလိုက်တယ်။ ညီအစ်ကိုသုံးယောက်အနက် ကျွန်တော်ဟာ ဒုတိယမြောက်ပါ။ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှာ နေထိုင်ကြတယ်။ အနီးတစ်ဝိုက်မှာ ဟိန္ဒူတွေ အနေများတယ်။
သိပ္ပံပညာကို ဘာကြောင့် စိတ်ဝင်စားတာလဲ။
တိရစ္ဆာန်တွေကို ကျွန်တော် စိတ်ဝင်စားတယ်။ တောရိုင်းတိရစ္ဆာန်တွေကို ကြည့်ဖို့ သူငယ်ချင်းတွေနဲ့အတူ အပျော်ခရီးထွက်လေ့ရှိတယ်။ အစမှာ ကျွန်တော့်ပန်းတိုင်က တိရစ္ဆာန်ခွဲစိတ်ကု ဆရာဝန်ဖြစ်ဖို့ပဲ။ ဒါပေမဲ့ နိုင်ရိုဘီ နည်းပညာကောလိပ်ကျောင်း ဆင်းပြီးတဲ့နောက် အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကလိုလ်မှာ ရောဂါဗေဒပညာကို ဆည်းပူးလေ့လာခဲ့တယ်။ နောက်ပိုင်း လူ့ဦးနှောက်ကို အထူးပြုလေ့လာခဲ့တယ်။
ဒီလေ့လာမှုက ခင်ဗျားရဲ့ ဘာသာရေးယုံကြည်ချက်အပေါ် သက်ရောက်မှုရှိသလား။
ရှိတာပေါ့။ သိပ္ပံပညာကို လေ့လာလေ ဟိန္ဒူဒဏ္ဍာရီနဲ့ ထုံးစံတွေကို ယုံဖို့ ခက်လေပဲ။ တိရစ္ဆာန်ကိုးကွယ်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းတို့လိုပေါ့။
ဆင့်ကဲသီအိုရီကို ဘာကြောင့် လက်ခံခဲ့တာလဲ။
လူ့ဆင့်ကဲဖြစ်စဉ်ဟာ အာဖရိက,ကနေ စတင်တယ်လို့ ယုံကြည်တဲ့ လူတွေကြားမှာ ကျွန်တော် ကြီးပြင်းလာတယ်။ ကျောင်းမှာလည်း အဲဒီလိုပဲ သင်ပေးတယ်။ ကျောင်းဆရာတွေနဲ့ တက္ကသိုလ်ပါမောက္ခတွေက နာမည်ကြီးတဲ့ သိပ္ပံပညာရှင်အားလုံး ဆင့်ကဲဖြစ်စဉ်ကို ယုံကြတယ်လို့ ကျောင်းသားတွေကို သင်ပေးတယ်။
နောက်ပိုင်းမှာ အသက်ရဲ့ မူလအစနဲ့ပတ်သက်လို့ ပြန်သုံးသပ်တာ ဘာကြောင့်လဲ။
ဇီဝဗေဒနဲ့ ခန္ဓာဗေဒကို လေ့လာနေတဲ့ နှစ်တွေမှာပေါ့။ ကျောင်းနေဖက်တစ်ယောက်က
ယေဟောဝါသက်သေတွေနဲ့ သူ ကျမ်းစာလေ့လာနေတယ်လို့ ပြောပြတယ်။ ကျွန်တော်လည်း စိတ်ဝင်စားသွားတယ်။ ဒါနဲ့ နိုင်ရိုဘီမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ကောလိပ်ခန်းမမှာ သက်သေခံတွေကျင်းပတဲ့ အစည်းအဝေးကို သွားတက်တယ်။ အဲဒီနောက် သက်သေခံ သာသနာပြုနှစ်ယောက်က ကျမ်းစာအကြောင်း ရှင်းပြတယ်။ ဘဝနဲ့ဆိုင်တဲ့ အရေးကြီးမေးခွန်းတွေကို ဖြေပေးနိုင်တဲ့ မဟာဒီဇိုင်နာကို သူတို့ယုံကြည်တယ်။ သူတို့ရဲ့ယုံကြည်ချက်ဟာ ဒဏ္ဍာရီမဆန်ဘူး။ ယုတ္တိရှိတယ်။ဆေးပညာက ဖန်ဆင်းခြင်းကို ယုံကြည်ဖို့ အခက်တွေ့စေသလား။
အခက်မတွေ့စေပါဘူး။ ခန္ဓာဗေဒကို လေ့လာတဲ့အခါ သက်ရှိတွေဟာ ဘယ်လောက်တောင် ပုံစံကျနပြီး ဆန်းပြားရှုပ်ထွေးသလဲဆိုတာ သိလာတယ်။ ဒီလောက်တောင် ဆန်းပြားရှုပ်ထွေးတဲ့အရာဟာ သူ့အလိုလို ဖြစ်လာတယ်ဆိုတာ ကျွန်တော့်အတွက်တော့ အဓိပ္ပာယ်မရှိဘူး။
ဥပမာတစ်ခုလောက် ပြောပြပါလား။
၁၉၇၀ ပြည့်လွန်နှစ် အစောပိုင်းကတည်းက လူ့ဦးနှောက်အကြောင်း ကျွန်တော် လေ့လာခဲ့တယ်။ လူ့ဦးနှောက်ဟာ တကယ့်ကို အံ့သြစရာပါပဲ။ အတွေးနဲ့ မှတ်ဉာဏ်တွေ သိုလှောင်ရာ၊ ကိုယ်ခန္ဓာရဲ့ လုပ်ဆောင်မှုအများစုကို အဓိကထိန်းချုပ်တဲ့နေရာ ဖြစ်တယ်။ ဦးနှောက်ဟာ အာရုံအများစုရဲ့ ဗဟိုချက်လည်းဖြစ်တယ်။ ကိုယ်ခန္ဓာအတွင်း၊ အပြင်က ပို့လာတဲ့ အချက်အလက်တွေကို အဓိပ္ပာယ်ဖော်ပေးတယ်။
ဒီလောက်အထိ ဦးနှောက် စွမ်းဆောင်နိုင်တာဟာ ရှုပ်ထွေးပြီး အနုစိတ်နိုင်လှတဲ့ ဓာတုလုပ်ဆောင်မှုနဲ့ ဦးနှောက်ရဲ့ အဓိကဆဲလ်တွေဖြစ်တဲ့ အာရုံခံဆဲလ်တွေကြောင့် ဖြစ်တယ်။ လူ့ဦးနှောက်မှာ အာရုံခံဆဲလ် သန်းထောင်နဲ့ချီ ရှိတယ်။ အဲဒီဆဲလ်တွေဟာ အာရုံကြောမျှင်တွေကတစ်ဆင့် အချင်းချင်း ဆက်သွယ်ကြတယ်။ အာရုံခံဆဲလ်တစ်ခုဟာ ထောင်နဲ့ချီတဲ့ အခက်တွေ ဖြာထွက်ပြီး တခြားအာရုံခံဆဲလ်တွေနဲ့ ဆက်သွယ်နိုင်တယ်။ ဒါကြောင့် ဦးနှောက်ထဲမှာ ဆက်သွယ်မှု အရေအတွက် အတိုင်းထက်အလွန် များတယ်။ ဒီလောက်များပြားလှတဲ့ အာရုံခံဆဲလ်တွေနဲ့ အာရုံကြောမျှင်တွေဟာ ပရမ်းပတာဖြစ်မနေဘဲ စနစ်တကျရှိနေတယ်။ အံ့မခန်းဖွယ် စွမ်းဆောင်မှုပါပဲ။
ကျေးဇူးပြုပြီး ဆက်ပြောပြပါဦး။
ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ မိခင်ဝမ်းအတွင်း ကြီးထွားနေချိန်၊ မွေးဖွားပြီးချိန်အတွင်း အင်မတန် စနစ်ကျစွာ ဖြစ်တည်လာတယ်။ အာရုံခံဆဲလ်တွေဟာ စင်တီမီတာ အနည်းငယ် အကွာအဝေးမှာရှိတဲ့ သက်ဆိုင်ရာ အာရုံခံဆဲလ်တွေဆီ အမျှင်တွေ ပို့လွှတ်ပေးတယ်။ အမျှင်တစ်ခုဟာ သတ်သတ်မှတ်မှတ် ဆဲလ်တစ်ခုဆီ ဦးတည်သွားတာလောက် မဟုတ်ဘဲ အဲဒီဆဲလ်အတွင်းမှာရှိတဲ့ သက်ဆိုင်ရာ အပိုင်းဆီ ဦးတည်သွားတာဖြစ်တယ်။
အာရုံခံဆဲလ်တစ်ခုကနေ အမျှင်သစ်တစ်ခု ထွက်လာပြီဆိုရင် သက်ဆိုင်ရာနေရာ ရောက်တဲ့အထိ အဲဒီအမျှင်ကို “ရပ်၊” “သွား၊” “ကွေ့” စတဲ့ ဓာတုဗေဒ လမ်းညွှန်အမှတ်အသားတွေက လမ်းညွှန်ပေးတယ်။ ရှင်းလင်းတဲ့ ညွှန်ကြားချက် မရှိရင် ကြီးထွားနေတဲ့ အမျှင်တွေ မကြာခင်မှာပဲ လမ်းပျောက်သွားပါလိမ့်မယ်။ ဖြစ်စဉ်တစ်ခုလုံးကို မျိုးရိုးဗီဇ (ဒီအန်အေ) မှာ ရေးသားထားတဲ့ ညွှန်ကြားချက်တွေနဲ့ ထူးခြားပြောင်မြောက်စွာ စီစဉ်ဖွဲ့စည်း ထားတယ်။
မှတ်ဉာဏ်တွေ၊ စိတ်ခံစားချက်တွေ၊ အတွေးတွေ ဖြစ်ပေါ်စေပုံ အပါအဝင် ဦးနှောက်ရဲ့ ဖွဲ့စည်းလုပ်ဆောင်ပုံကို ကျွန်တော်တို့ အပြည့်အဝ နားလည်ဖို့ အလှမ်းဝေးလွန်းတယ်။ ဦးနှောက် ဘယ်လောက် ကောင်းကောင်း အလုပ်လုပ်တယ်၊ ဘယ်လို လှလှပပ ဖြစ်တည်လာတယ်ဆိုတာ ခဏထားဦး။ ကျွန်တော့်အတွက်တော့ ဦးနှောက် အလုပ်လုပ်တယ်ဆိုတဲ့ အချက် တစ်ချက်တည်းကပဲ ကိုယ့်ထက် အဆပေါင်းများစွာ သာလွန်တဲ့ ဉာဏ်ကြီးရှင်ကို ထောက်ပြနေတယ်။
ဘာကြောင့် ယေဟောဝါသက်သေ ဖြစ်လာသလဲ။
သက်သေခံတွေက ကျမ်းစာဟာ ဘုရားသခင့် နှုတ်ထွက်စကားဖြစ်မှန်း အထောက်အထားနဲ့ပြတယ်။ ဥပမာ၊ ကျမ်းစာဟာ သိပ္ပံစာအုပ် မဟုတ်ပေမဲ့ သိပ္ပံအကြောင်း တိတိကျကျ၊ မှန်မှန်ကန်ကန် ဖော်ပြထားတယ်။ ကျမ်းစာမှာ တိကျမှန်ကန်တဲ့ ကြိုဟောချက်တွေလည်း ပါတယ်။ ကျမ်းစာသွန်သင်ချက်အတိုင်း လိုက်လျှောက်သူတွေရဲ့ ဘဝဟာ တိုးတက်ကောင်းမွန်လာတယ်။ ကျွန်တော့်ဖြစ်ရပ်က သက်သေပဲ။ ကျွန်တော် ယေဟောဝါသက်သေဖြစ်လာတဲ့ ၁၉၇၃ ခုနှစ်ကစပြီး ကျမ်းစာဟာ ကျွန်တော့်လမ်းပြ ဖြစ်လာတယ်။ ရလဒ်အနေနဲ့ ကျွန်တော့်ဘဝ တကယ့်ကို ကျေနပ်စရာကောင်းပြီး အဓိပ္ပာယ်ပြည့်ဝလာတယ်။