မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျေနပ်​ရောင့်ရဲ​နိုင်​ပုံ

ကျေနပ်​ရောင့်ရဲ​နိုင်​ပုံ

အိမ်ထောင်သည်၊ တစ်ကိုယ်ရေ၊ လူကြီး၊ လူငယ်​အားလုံး ပျော်ရွှင်မှု​နဲ့ ကျေနပ်​ရောင့်ရဲမှု ခံစားချင်​ကြတယ်။ ဖန်ဆင်း​ရှင်​က​လည်း အဲဒီအတိုင်း ဖြစ်စေချင်​တဲ့​အတွက် အကြံဉာဏ်​ကောင်း​တွေ ပေး​ထား​တယ်။

အလုပ် ကြိုးစား​ပါ

“ခိုး​တတ်​တဲ့​သူလည်း မခိုး​ပါ​နဲ့​တော့။ ကောင်း​တဲ့​အလုပ်ကို ကိုယ်တိုင် ကြိုးစား​လုပ်ဆောင်ပါ။ ဒါမှ လိုအပ်​သူကို ပေးကမ်း​နိုင်​မယ်။”—ဧဖက် ၄:၂၈

အလုပ်​လုပ်တာကို ပျော်စရာ​လို့ ဖန်ဆင်း​ရှင် ယူမှတ်​စေချင်တယ်။ ဘာကြောင့်လဲ​ဆိုတော့ အလုပ် ကြိုးစား​လုပ်ရင် ကိုယ်တိုင်​နဲ့ မိသားစုကို ထောက်ပံ့​နိုင်​လို့ ပျော်ရွှင်​မယ်။ လိုအပ်​နေတဲ့​သူကို​တောင် ကူညီ​ပေး​နိုင်တယ်။ အလုပ်ရှင်​လည်း ကြိုက်တယ်။ အလုပ်​ကြိုးစား​သူဟာ အလုပ်​မြဲ​တယ်။ ကြိုးစားပမ်းစား လုပ်ကိုင်​မှု​ကြောင့် ပျော်ရွှင်​ကျေနပ်​တာ​ဟာ “ဘုရားသခင်​ဆီက​ ရတဲ့ လက်ဆောင်​ပဲ” လို့ ကျမ်းစာ​က ဆိုတယ်။—ဒေသနာ ၃:၁၃

ရိုးသားပါ

“ကျွန်တော်​တို့​ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံ​ပြုမူ​ချင်စိတ် ရှိနေတဲ့​အတွက် အမှားအမှန်​သိစိတ် ကြည်လင်​နေမှန်း ကိုယ့်ကိုယ်ကိုယ် ယုံတယ်။”—ဟီဘရူး ၁၃:၁၈

ရိုးသားတဲ့​သူဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိတယ်။ စိတ်​ငြိမ်သက်မှု ရှိပြီး နှစ်နှစ်​ခြိုက်​ခြိုက် အိပ်ပျော်​မယ်။ အဲဒီအပြင် တခြား​သူတွေက သူ့ကို ယုံကြည်ပြီး လေးစား​မယ်။ မရိုးသား​သူကတော့ အဲဒါတွေ မရဘူး။ သိစိတ် အနှောင့်အယှက်​ပေး​ပြီး မရိုးသားမှု ပေါ်​သွားမှာကို ကြောက်​နေမယ်။

ငွေ​နောက်​ပဲ မလိုက်​ပါ​နဲ့

“ခင်ဗျား​တို့​ရဲ့​ ဘဝမှာ ငွေ​တပ်မက်​တာ​ကို ရှောင်ပါ။ ရှိတာ​လေး​နဲ့ ရောင့်ရဲ​တင်းတိမ်​ပါ။”—ဟီဘရူး ၁၃:၅

အစားအသောက်​နဲ့ တခြား​အရာ​တွေ ဝယ်​ဖို့ ငွေ​လိုတယ်။ ဒါပေမဲ့ “ငွေ​တပ်မက်​တာ” က တကယ့်ကို အန္တရာယ် များ​တယ်။ ငွေ​ရဖို့​ပဲ အချိန်ပြည့် လုံးပန်း​နေ​နိုင်တယ်။ အိမ်ထောင်ရေး​ကို ထိခိုက်​လာနိုင်တယ်။ ကလေး​တွေ​ကိုလည်း အချိန်​မပေးနိုင်​တော့​ဘူး။ ကျန်းမာ​ရေး​လည်း ထိခိုက်​လာနိုင်တယ်။ (၁ တိမောသေ ၆:၉၊ ၁၀) အဲဒီအပြင် ငွေ​တပ်မက်​တဲ့​သူဟာ မရိုးမသား လုပ်မိ​နိုင်တယ်။ ပညာရှိ​တစ်ယောက် ဒီလိုပြော​ခဲ့တယ်– “သစ္စာ​ရှိသူက ကောင်းချီး အများကြီး​ ရလိမ့်မယ်။ ဖြတ်လမ်း​နည်းနဲ့ ချမ်းသာ​ဖို့ ကြိုးစားသူကတော့ အပြစ်ကင်း​မှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၈:၂၀

အကောင်းဆုံး ပညာရေး​ကို ရွေးချယ်​ပါ

“လက်တွေ့ကျ​ ဉာဏ်ပညာ​နဲ့ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ကို ကာကွယ်​စောင့်ရှောက်​ပါ။”—ပညာအလိမ္မာ ၃:၂၁

ပညာရေး​ကောင်း​မှ ယုံကြည်​စိတ်ချ​ထိုက်​သူတွေ၊ မိဘ​ကောင်း​တွေ ဖြစ်လာ​နိုင်တယ်။ ဒါပေမဲ့ လောကမှာ ရနိုင်တဲ့ ပညာရေး တစ်ခု​တည်း​နဲ့​တော့ တည်မြဲ​တဲ့ လုံခြုံမှု​နဲ့ ပျော်ရွှင်မှု မရနိုင်​ဘူး။ ဘဝ​ကဏ္ဍ​တိုင်း​မှာ တကယ် အောင်မြင်​ဖို့​ဆိုရင် ဘုရား​ ပေး​တဲ့ ပညာရေး လိုတယ်။ ဘုရား​စကား နားထောင်တဲ့​သူဟာ “လုပ်သမျှ အောင်မြင်​လိမ့်မယ်” လို့ ကျမ်းစာ​က ဆိုတယ်။—ဆာလံ ၁:၁-၃