မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျန်းမာအောင် နေထိုင်ပါ

ကျန်းမာအောင် နေထိုင်ပါ

ကျန်းမာမယ်ဆိုရင် ကျောင်းကနေ သင် ပိုအကျိုးရမှာဖြစ်တဲ့အပြင် သင့် အသက်တာမှာလည်း ပိုပျော်ရွှင်လာမယ်။

ကျွန်ုပ်တို့ ကိုယ်ခန္ဓာဟာ ဘုရားသခင် ဖန်ဆင်းပေးထားရာဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၁၃၉:၁၄) ဒီခန္ဓာကိုယ်ကို ဂရုစိုက် စောင့်ရှောက်သင့်ပါတယ်။ ဥပမာ– သင့်မှာ ကားတစ်စီးရှိတယ်၊ ဒါပေမဲ့ သင်က ကားကို ပြုပြင်ထိန်းသိမ်းဖို့ တစ်ခါမှ အချိန်မပေးဘူး ဆိုပါစို့။ ကား မပျက်သရွေ့တော့ သင် အသုံးပြုနိုင်မှာ ဖြစ်တယ်။ သင့်ကိုယ်ခန္ဓာလည်း အလားတူပါပဲ။ ဘယ်လို “ပြုပြင်ထိန်းသိမ်း” မှုတွေ လိုအပ်ပါသလဲ။

အနားယူပါ။

လုံလုံလောက်လောက် မအိပ်ဘူးဆိုရင် မျက်တွင်းတွေ ချောင်နေနိုင်တယ်၊ လန်းလန်းဆန်းဆန်း မရှိဘဲ နုံးနေနိုင်တယ်၊ စိတ်ရှုပ်ထွေးပြီး စိတ်ကျဝေဒနာတောင် ခံစားရနိုင်တယ်။ ဒါပေမဲ့ လုံလုံလောက်လောက် အနားယူတာက သင့်ကို ခွန်အား ပြည့်နေစေပါလိမ့်မယ်။ အဲဒီအပြင် သင့်ကိုယ်ခန္ဓာ ကြီးထွားနေမှုကို ထောက်ကူတယ်၊ ဦးနှောက်ကို ပိုသွက်လာစေတယ်၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ပျော်ရွှင် လန်းဆန်းစေနိုင်တယ်။ ဒါတွေကို သင် အနားယူလိုက်ရုံနဲ့ ရရှိနိုင်တယ်။

အကြံပြုချက်– ဖြစ်နိုင်မယ်ဆိုရင် ညတိုင်း အချိန်မှန်မှန် အိပ်ရာဝင်ပါ။

အာဟာရရှိတဲ့ အစာတွေ စားပါ။

ဆယ်ကျော်သက်အရွယ်ဟာ ကိုယ်ခန္ဓာ အလျင်အမြန် ကြီးထွားနေတဲ့အရွယ် ဖြစ်တယ်။ ဥပမာ၊ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်ကြားမှာရှိတဲ့ ယောက်ျားလေးအများစုက ကိုယ်ခန္ဓာအလေးချိန် နှစ်ဆတက်လာတယ်။ မိန်းကလေးတွေလည်း မြန်မြန်ဆန်ဆန်ပဲ ထွားတက်လာကြတယ်။ ကြီးထွားနေတဲ့ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အစာအာဟာရတွေကို သင်ပံ့ပိုးပေးနေကြောင်း သေချာစေပါ။

အကြံပြုချက်– မနက်စာ မစားဘဲမနေပါနဲ့။ အတန်းမစခင် အစာစားထားတာက ကောင်းကောင်း အာရုံစိုက်နိုင်အောင် ထောက်ကူပေးပြီး မှတ်မိနိုင်စွမ်း တိုးစေနိုင်တယ်။

လေ့ကျင့်ခန်းလုပ်ပါ။

“ကာယဆိုင်ရာ လေ့ကျင့်မှုသည် အကျိုးပေးသင့်သလောက် ပေး၏” ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ တိမောသေ ၄:၈ခမ) လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေနဲ့ အရိုးတွေကို သန်မာစေတယ်၊ သက်လုံကောင်းစေတယ်၊ ကိုယ်အလေးချိန်ကို ထိန်းပေးတယ်၊ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေတယ်၊ ကိုယ်ခံစွမ်းအားကို တိုးစေတယ်၊ စိတ်ဖိစီးမှု နည်းစေတယ်၊ စိတ်ဓာတ် မြှင့်တင်ပေးနိုင်တယ်။ သင်နှစ်သက်တဲ့ လုပ်ဆောင်မှုတွေနဲ့ လေ့ကျင့်ခန်း လုပ်နိုင်တဲ့အတွက် သင့်ကိုလည်း ပျော်ရွှင်စေနိုင်ပါတယ်။

အဓိကအချက်– လုံလုံလောက်လောက် အနားယူတာ၊ အစာအာဟာရ မျှတအောင် စားတာ၊ သင့်တော်တဲ့ လေ့ကျင့်ခန်း လုပ်တာက သင့်ကိုယ်ခန္ဓာကို ဆက်ပြီး ကျန်းမာနေဖို့ ထောက်ကူပေးပါတယ်။ ကျောင်းစာဘက်မှာလည်း တိုးတက်လာပါလိမ့်မယ်။ *

အခုပဲ စလုပ်ကြည့်ပါ။ သင့်တော်တဲ့ လေ့ကျင့်ခန်းတစ်ခု လုပ်ဖို့ စီစဉ်ပါ။ သင့်ရဲ့ အိပ်ချိန် နိုးချိန်တွေ၊ တစ်လအတွင်း သင်စားတဲ့ အစားအစာတွေကို မှတ်ထားကြည့်ပါ၊ ပြုပြင်ဖို့လိုတဲ့အချက်ကို မှတ်သားပါ။

“ကျွန်တော် လမ်းလျှောက်လေ့ကျင့်ခန်း လုပ်တဲ့အခါ အစပိုင်းမှာတော့ ပင်ပန်းသလို ထင်ရပေမဲ့ ပိုပြီး အားပြည့်လာသလိုပဲ။”—ဂျေဆင်၊ နယူးဇီလန်။

“ဘုရားသခင်က ကိုယ်ခန္ဓာအတွက် အစားအစာတွေကို ပေးထားတဲ့အတွက် ကျွန်မ ကိုယ်ခန္ဓာအတွက် အသင့်လျော်ဆုံး အစားအစာကိုပဲ စားချင်တယ်။”—ဂျေးလ်၊ အမေရိကန်ပြည်ထောင်စု။

“ကျွန်မက တစ်ပတ်ကိုသုံးကြိမ် ပြေးတယ်၊ နှစ်ကြိမ် စက်ဘီးစီးတယ်။ လေ့ကျင့်ခန်းလုပ်တာက ပိုအားပြည့်စေပြီး ဖိစီးမှုကို လျော့ပါးစေတယ်။”—ဂရေ့စ်၊ ဩစတြေးလျ။

^ အပိုဒ်၊ 9 ကျန်းမာရေးနဲ့ဆိုင်တဲ့ ထပ်ဆင့် အချက်အလက်တွေအတွက် ယေဟောဝါသက်သေများ ထုတ်ဝေတဲ့ လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁ [အင်္ဂလိပ်] အခန်း ၁၀ မှာ ကြည့်ပါ။