မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့် | နတ်ဝိဇ္ဇာ

နတ်ဝိဇ္ဇာ

နတ်ဝိဇ္ဇာ

လူသေတွေနဲ့ဆက်သွယ်ဖို့ ကြိုးစားတာ မှားသလား

“သေသူတို့၏ဝိညာဉ်နှင့် ဆက်သွယ်သောသူတို့ထံမှ အကြံဉာဏ်မတောင်းခံနှင့်။ ထိုသို့ပြုလျှင် သင်တို့သည် ဘာသာရေးထုံးနည်းအရ ညစ်ညမ်းကြလိမ့်မည်။”—ဝတ်ပြုရာ ၁၉:၃၁၊ ခမ။

လူတွေပြောဆိုရာ–

သေဆုံးသွားပြီဖြစ်တဲ့ ကိုယ်ချစ်ရတဲ့သူတွေ အေးအေးချမ်းချမ်းရှိမရှိဆိုတာကို သိချင်ကြတာ သဘာဝပါပဲ။ ဒါကြောင့် တချို့ဒီလိုပြောကြတယ်– “နတ်ကတော်တွေ၊ အောက်လမ်းဆရာတွေကနေတစ်ဆင့် သူတို့နဲ့ ဆက်သွယ်ကြည့်ရင် မကောင်းဘူးလား။ ဘာပဲဖြစ်ဖြစ် သူတို့အတွက် စိတ်အေးရတာပေါ့။”

သမ္မာကျမ်းစာပြောဆိုရာ–

ရှေးခေတ်တုန်းကလည်း လူသေတွေကို ဆက်သွယ်မေးမြန်းတာမျိုး ရှိခဲ့တယ်။ အဲဒီလိုရှိတဲ့အတွက်ကြောင့် အစ္စရေးလူမျိုးကို ဘုရားသခင် ဒီလို ပညတ်ပေးခဲ့တယ်– ‘သင်တို့တွင် နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကိုပြုစုသောသူ၊ လူသေကိုမေးမြန်းသောသူ တစ်စုံတစ်ယောက်မျှမရှိရ။ ထိုသို့ပြုတတ်သောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။’ (တရားဟောရာ ၁၈:၁၀–၁၂) လူသေတွေကို ဆက်သွယ်တာနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာပြောဆိုချက်က ရှင်းပါတယ်။ နတ်ဝိဇ္ဇာနဲ့ အလားတူပုံစံတစ်မျိုးမျိုးကို လုပ်မယ်ဆိုရင် “ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရ” လို့လည်း သမ္မာကျမ်းစာမှာ ပြောထားတယ်။—ဂလာတိ ၅:၁၉–၂၁

သေဆုံးသွားတဲ့သူတွေက အနှောင့်အယှက်ပေးနိုင်သလား

“အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။” —ဒေသနာ ၉:၅

လူတွေပြောဆိုရာ–

လူတွေဟာ သေဆုံးပြီးတဲ့နောက် ပုံစံတစ်မျိုးမျိုးနဲ့ ဆက်အသက်ရှင်ကြတယ်လို့ လူတော်တော်များများ ယူဆကြတယ်။ ကျန်ရစ်သူမိသားစုကို အနှောင့်အယှက်မပေးဖို့ ဆိုတဲ့မျှော်လင့်ချက်နဲ့ သေဆုံးသွားတဲ့သူနဲ့ ဆက်သွယ်ဖို့ ကြိုးစားကြတယ်။ သူတို့ဆီက အချက်အလက်တွေရဖို့ ဒါမှမဟုတ် သူတို့စိတ်ကျေနပ်စေဖို့ ဖြစ်နိုင်တယ်။

သမ္မာကျမ်းစာပြောဆိုရာ–

‘အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ သူ၏ ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။’ (ဒေသနာ ၉:၅၊ ၆) သေတယ်ဆိုတာ သေတာပါပဲ။ သမ္မာကျမ်းစာမှာ အဲဒီလိုပဲ ရိုးရိုးရှင်းရှင်း ပြောထားတယ်။ သူတို့ မစဉ်းစားနိုင်တော့ဘူး၊ ဘာမှမလုပ်နိုင်တော့ဘူး၊ ဘုရားသခင်ကိုလည်း မကိုးကွယ်နိုင်တော့ဘူး။ “သေလွန်သောသူ၊ ငြိမ်းရာထဲသို့ဆင်းသောသူရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်း” နိုင်ကြတော့ဘူးလို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ —ဆာလံ ၁၁၅:၁၇

နတ်ဝိဇ္ဇာပညာရှင်တွေက အချက်အလက်တွေကို တိတိကျကျပြောနိုင်တဲ့အခါတွေ ရှိတယ်မဟုတ်လား

“အသက်ရှင်သောသူတို့အတွက် သေသူတို့၌ အဘယ်ကြောင့် ဆည်းကပ်ရမည်နည်း။” —ဟေရှာယ ၈:၁၉၊ သမ္မာ။

လူတွေပြောဆိုရာ–

လူသေတွေနဲ့ဆက်သွယ်နိုင်တဲ့သူတွေဟာ သေဆုံးသွားသူနဲ့ သူရဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် မိတ်ဆွေတွေပဲသိတဲ့ အချက်အလက်တွေကို ပြန်ပြောပြနိုင်တယ်။

သမ္မာကျမ်းစာပြောဆိုရာ–

၁ ဓမ္မရာဇဝင် အခန်းကြီး ၂၈ မှာ သစ္စာမရှိတဲ့ အစ္စရေးဘုရင်ရှောလုဟာ ဘုရားသခင့်ပညတ်ကို ချိုးဖောက်ပြီး နတ်ဝင်သည်နဲ့ တိုင်ပင်ခဲ့တဲ့အကြောင်းပါတယ်။ သေဆုံးသွားတဲ့ ဘုရားသခင်ရဲ့လူ ရှမွေလနဲ့ဆက်သွယ်ပေးဖို့ နတ်ဝင်သည်ကို သူတောင်းပန်ခဲ့တယ်။ ရှမွေလနဲ့ သူ တကယ်ပဲ အဆက်အသွယ်ရခဲ့သလား။ မရခဲ့ပါဘူး။ ရှမွေလပုံစံ အယောင်ဆောင်ထားတဲ့ တစ်စုံတစ်ဦးနဲ့ ဆက်သွယ်ခဲ့ခြင်းဖြစ်တယ်။

အဲဒီအယောင်ဆောင်တဲ့သူကတော့ “မုသာ၏အဖ” စာတန်ရဲ့ အပေါင်းအပါ နတ်ဆိုးတစ်ဦး ဖြစ်ပါတယ်။ (ယောဟန် ၈:၄၄) နတ်ဆိုးတွေက သေသွားတဲ့သူတွေ ဆက်အသက်ရှင်တယ်လို့ ထင်ရအောင် ဘာကြောင့် လုပ်နေကြတာလဲ။ သူတို့ရဲ့ပန်းတိုင်ကတော့ ဘုရားသခင်ကို ဂုဏ်ဖျက်ဖို့ဖြစ်ပြီး ကိုယ်တော်ရဲ့တရားစကားတော် သမ္မာကျမ်းစာကို အသရေပျက်စေဖို့ ဖြစ်တယ်။—၂ တိမောသေ ၃:၁၆

အခုဖော်ပြခဲ့တဲ့အရာတွေအရဆိုရင် သေဆုံးသွားတဲ့သူတွေအတွက် မျှော်လင့်ချက်မရှိတော့ဘူးလား။ မဟုတ်ပါဘူး။ သေဆုံးသွားတဲ့သူတွေဟာ “အိပ်ပျော်” နေတာနဲ့တူပြီး အနာဂတ်မှာ အသက်ပြန်ရှင်လာဖို့ မျှော်လင့်ချက်ရှိပါတယ်။ * (ယောဟန် ၁၁:၁၁–၁၃; တမန်တော် ၂၄:၁၅) သေဆုံးသွားပြီဖြစ်တဲ့ ကျွန်ုပ်တို့ချစ်ရတဲ့သူတွေဟာ ဘာဆင်းရဲဒုက္ခမှ မခံစားရဘူးဆိုတာကိုလည်း ယုံကြည်စိတ်ချစေပါတယ်။

^ အပိုဒ်၊ 16 သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ ဆိုတဲ့စာအုပ်မှာပါတဲ့ “သေဆုံးသွားတဲ့ သင်ချစ်မြတ်နိုးရသူတွေအတွက် စစ်မှန်တဲ့မျှော်လင့်ချက်” ဆိုတဲ့ အခန်း ၇ ကိုကြည့်ပါ။ www.mt711.com/mya ကနေလည်း ဖတ်ရှုနိုင်ပါတယ်။