မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကယာဖနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦး

ကယာဖနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦး

တစ်ခါတလေမှာ ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုတစ်ခုက တိုက်ရိုက်နည်း ဒါမှမဟုတ် သွယ်ဝိုက်နည်းနဲ့ ကျမ်းစာဇာတ်ကောင်တစ်ဦး တကယ်အသက်ရှင်ခဲ့တယ်ဆိုတာ သက်သေထူတယ်။ ၂၀၁၁ ခုနှစ်မှာ အစ္စရေးပညာရှင်တွေက ကျမ်းစာဇာတ်ကောင်တစ်ဦး တကယ်တည်ရှိခဲ့တယ်ဆိုတာကို သွယ်ဝိုက်နည်းနဲ့ အတည်ပြုတဲ့ တွေ့ရှိချက်တစ်ခုကို ထုတ်ပြန်ခဲ့တယ်။ အဲဒီတွေ့ရှိချက်က လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ ခန့်က သေဆုံးသွားတဲ့ လူတစ်ယောက်ရဲ့ အရိုးသေတ္တာတစ်ခုဖြစ်တယ်။ အဲဒီအရိုးသေတ္တာကို ထုံးကျောက်နဲ့အလှဆင်ထားတယ်။

“ဘက်သ် အင်မရိမှ မာဇိ၏ယဇ်ပုရောဟိတ် ကယာဖ၊ ထိုသူ၏သား ယက်ရှဝါ၊ သူ၏သမီး မီရီယမ်” လို့ အဲဒီအရိုးသေတ္တာပေါ်မှာ ကမ္ပည်းရေးထိုးထားတာတွေ့ရတယ်။ ယေရှုကို ရုံးတင်စစ်ဆေးပြီး သေဒဏ်ပေးတုန်းက ဂျူးယဇ်ပုရောဟိတ်မင်း ကယာဖပါဝင်ခဲ့တယ်။ (ယော. ၁၁:၄၈-၅၀) သမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်က အဲဒီယဇ်ပုရောဟိတ်မင်းကို ကယာဖဟုခေါ်သော ယောသပ် ဆိုပြီးဖော်ပြခဲ့တယ်။ ဒါကြောင့် အဲဒီအရိုးသေတ္တာဟာ ယဇ်ပုရောဟိတ်မင်းနဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက်ရဲ့ အရိုးသေတ္တာဖြစ်တယ်ဆိုတာ အထင်အရှားပဲ။ ယဇ်ပုရောဟိတ်မင်းကယာဖကို “ယီဟိုစက်ဖ် ဘာ စီယာဖာ” (ကယာဖ၏သားယောသပ်) လို့လည်းခေါ်ခဲ့ကြတယ်ဆိုတာ သူ့ရဲ့အရိုးသေတ္တာပေါ်မှာ ကမ္ပည်းရေးထိုးထားတာကို ကြည့်ရင်သိနိုင်ပါတယ်။ * မီရီယမ်ဟာ ယောသပ်နဲ့ တစ်နည်းနည်းနဲ့ ဆွေမျိုးတော်စပ်သူ ဖြစ်တယ်။

အဲဒီမီရီယမ်ရဲ့အရိုးသေတ္တာကို ရှေးဟောင်းသင်္ချိုင်းဂူတစ်ခုကနေ ခိုးယူခဲ့ကြတဲ့ သူခိုးတွေလက်က သိမ်းယူခဲ့တာဖြစ်တယ်။ အဲဒီသတင်းအချက်အလက်ကို အစ္စရေးရှေးဟောင်းပစ္စည်းအာဏာပိုင်အဖွဲ့ (အိုင်အေအေ) ထံကနေ ရရှိတာဖြစ်ပါတယ်။ ဒီရှေးဟောင်းပစ္စည်းနဲ့ အဲဒီပေါ်မှာရေးထိုးထားတဲ့ ကမ္ပည်းစာကို ဆန်းစစ်ကြည့်မယ်ဆိုရင် အဲဒီအရိုးသေတ္တာဟာ အစစ်အမှန်ဖြစ်တယ်ဆိုတာ သေချာတယ်။

အရိုးသေတ္တာက ကျွန်ုပ်တို့ကို သတင်းအချက်အလက်အသစ်တစ်ခု သိရှိစေတယ်။ ဂျေရုဆလင်မြို့ ဝတ်ပြုရာအိမ်တော်မှာ အလှည့်ကျ အမှုဆောင်ဖို့အတွက် မဲချပြီးခွဲထားတဲ့အုပ်စု ၂၄ အုပ်စုထဲက နောက်ဆုံးအုပ်စုဖြစ်တဲ့ “မာဇိ” အကြောင်း အဲဒီအရိုးသေတ္တာပေါ်ကစာမှာ ဖော်ပြထားတယ်။ (၅ ရာ. ၂၄:၁၈) ကမ္ပည်းရေးထိုးထားတဲ့စာက “ကယာဖအမျိုးအနွယ်ဟာ မာဇိအုပ်စုနဲ့ ဆက်စပ်မှုရှိခဲ့တယ်ဆိုတာ ဖော်ပြနေတယ်” လို့ အိုင်အေအေက ပြောတယ်။

ကမ္ပည်းရေးထိုးထားတဲ့အထဲမှာ ဘက်သ် အင်မရိဆိုတဲ့ နာမည်ကိုလည်း ဖော်ပြထားတယ်။ အဲဒီနာမည်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေနှစ်ခုရှိတယ်။ “ပထမဖြစ်နိုင်ချေတစ်ခုက ဘက်သ် အင်မရိဆိုတဲ့နာမည်ဟာ ဣမေရရဲ့သားမြေးတွေဖြစ်တဲ့ ယဇ်ပုရောဟိတ်မိသားစုတစ်ခုရဲ့ နာမည်ဖြစ်ပြီး (ဧဇ. ၂:၃၆၊ ၃၇; နေ. ၇:၃၉-၄၂)၊ အဲဒီမိသားစုကနေ ဆင်းသက်လာသူတွေက မာဇိအုပ်စုမှာပါဝင်သူတွေ ဖြစ်နိုင်တယ်” လို့ အိုင်အေအေ ကပြောခဲ့တယ်။ “ဒုတိယဖြစ်နိုင်ချေကတော့ အဲဒီ ဘက်သ် အင်မရိဆိုတာ သေဆုံးသွားသူမီရီယမ် ဒါမှမဟုတ် သူ့မိသားစုတစ်ခုလုံးရဲ့ ဇာတိမွေးရပ်မြေကို ခေါ်ဆိုတဲ့နာမည်ဖြစ်နိုင်တယ်” လို့ အိုင်အေအေ ကပြောခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျမ်းစာမှာပါတဲ့ လူတွေနဲ့ အဲဒီလူတွေရဲ့ မိသားစုတွေဟာ တကယ့်အစစ်အမှန်တွေဖြစ်တယ်ဆိုတာ မီရီယမ်ရဲ့အရိုးသေတ္တာက သက်သေထူပါတယ်။

^ စာပိုဒ်၊ 3 ကယာဖရဲ့ အရိုးသေတ္တာနဲ့ပတ်သက်ပြီး ကင်းမျှော်စင်၊ ဇန်နဝါရီ ၁၅၊ ၂၀၀၆၊ စာမျက်နှာ ၁၀-၁၃ မှာပါတဲ့ “ယေရှုအားတရားစီရင်ခဲ့သည့် ယဇ်ပုရောဟိတ်မင်းကြီး” ဆိုတဲ့ဆောင်းပါးကိုကြည့်ပါ။