မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေးခေတ် ဂျေရုဆလင်မြို့ ဘယ်အချိန်မှာ ဖျက်ဆီးခံရသလဲ—အပိုင်း ၁

ရှေးခေတ် ဂျေရုဆလင်မြို့ ဘယ်အချိန်မှာ ဖျက်ဆီးခံရသလဲ—အပိုင်း ၁

ရှေးခေတ် ဂျေရုဆလင်မြို့ ဘယ်အချိန်မှာ ဖျက်ဆီးခံရသလဲ—အပိုင်း ၁

အဲဒါကိုသိဖို့ ဘာကြောင့် အရေးကြီးသလဲ၊ အထောက်အထားတွေက ဘာကို ဖော်ပြသလဲ

ဒီဆောင်းပါးဟာ ကင်းမျှော်စင်မှာပါမယ့် အခန်းဆက်ဆောင်းပါးနှစ်ခုထဲက ပထမဆုံးဆောင်းပါး ဖြစ်ပါတယ်။ ဒီဆောင်းပါးတွေမှာ ရှေးခေတ် ဂျေရုဆလင် ဖျက်ဆီးခြင်းရဲ့ ရက်စွဲနဲ့ပတ်သက်ပြီး ပညာရှင်တွေရဲ့ မေးခွန်းတွေကို ဆွေးနွေးထားပါတယ်။ ဒီအခန်းဆက်ဆောင်းပါး နှစ်ပုဒ်မှာ စာရှုသူတချို့ ဇဝေဇဝါဖြစ်နေတဲ့ မေးခွန်းတွေကို ဖြေဆိုဖို့ သေသေချာချာ ရှာဖွေထားပြီး ကျမ်းစာကို အခြေပြုထားတဲ့ အဖြေတွေ ဖော်ပြပေးထားပါတယ်။

“ဘီစီအီး ၅၈၆ ဒါမှမဟုတ် ၅၈၇ ကို ဂျေရုဆလင်ကို ဖျက်ဆီးတဲ့ခုနှစ်အဖြစ် အများက လက်ခံထားကြတယ်ဆိုပြီး သမိုင်းပညာရှင်တွေနဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေက ပြောကြတယ်။ * ဒါပေမဲ့ ယေဟောဝါသက်သေတွေက ဘီစီအီး ၆၀၇ လို့ ဘာကြောင့် ပြောရတာလဲ။ ဘာကိုအခြေခံပြီး သင်တို့ အဲလိုသတ်မှတ်ရတာလဲ။”

အဲဒီမေးခွန်းကို စာရှုသူတစ်ဦးက မေးခဲ့တာဖြစ်တယ်။ ဂျေရုဆလင်မြို့ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ဖျက်ဆီးခဲ့ချိန်နဲ့ပတ်သက်ပြီး ရက်စွဲအတိအကျကို ဘာကြောင့် စိတ်ဝင်စားသင့်ပါသလဲ။ ပထမအကြောင်းရင်းကတော့ ဘုရားသခင် ရွေးချယ်ထားတဲ့ အစ္စရေးလူမျိုးရဲ့သမိုင်းမှာ ဒီအဖြစ်အပျက်က အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လို့ပါပဲ။ အဲဒါက “ဆိုးရွားတဲ့ ကပ်ဘေး၊ အရမ်းကို ဆိုးရွားလွန်းတဲ့ ကပ်ဘေးပါပဲ” လို့သမိုင်းပညာရှင်တစ်ဦးက ပြောခဲ့တယ်။ အဲဒီခုနှစ်က အနှိုင်းမဲ့တန်ခိုးရှင် ဘုရားသခင်ကို အနှစ် ၄၀၀ ကျော် ဝတ်ပြုကိုးကွယ်ခဲ့တဲ့ အချက်အချာနေရာ ဖြစ်ခဲ့တဲ့ ဝတ်ပြုရာအိမ်တော် ဖျက်ဆီးခံလိုက်ရတဲ့ ခုနှစ်ဖြစ်တယ်။ ‘အို ဘုရားသခင်၊ လူမျိုးခြားတို့သည် သန့်ရှင်းသောဝတ်ပြုရာအိမ်တော်ကို ညစ်ညူးစေ၍ ဂျေရုဆလင်မြို့ကို ပြိုပျက်ရာဖြစ်စေကြပါပြီ’ လို့ကျမ်းရေးသူတစ်ဦးက မြည်တမ်းခဲ့တယ်။—ဆာလံ ၇၉:၁သမ္မာ။ *

ဒုတိယအကြောင်းရင်းကတော့ သမ္မာကျမ်းစာအပေါ် သင့်ရဲ့ယုံကြည်စိတ်ချမှုကို တိုးပွားစေလို့ပါပဲ။ ပထမအချက်က “အရမ်းကို ဆိုးရွားလွန်းတဲ့ ကပ်ဘေး” စတင်ဖြစ်ပွားတဲ့ ခုနှစ်အတိအကျကို သိရှိထားခြင်းဖြစ်တယ်။ နောက်တစ်ချက်က ဂျေရုဆလင်မှာ စစ်မှန်တဲ့ ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ခြင်းဟာ မှန်ကန်တိကျတဲ့ ကျမ်းစာကြိုပြောချက်တစ်ခုကို ဘယ်လိုပြည့်စုံစေတယ်ဆိုတာကို နားလည်ထားခြင်းဖြစ်တယ်။ ဒါဆိုရင် ယေဟောဝါသက်သေတွေရဲ့ ရက်စွဲက လူအများ လက်ခံထားတဲ့ ခုနှစ်ကာလအစဉ်နဲ့ ဘာကြောင့် အနှစ် ၂၀ ကွာနေရတာလဲ။ လိုရင်းပြောရရင် ကျမ်းစာမှာပါတဲ့ အထောက်အထားတွေကြောင့်ပါပဲ။

“အနှစ်ခုနစ်ဆယ်” က ဘယ်သူ့အတွက်လဲ

ကျမ်းစာမှာပါတဲ့ ခုနှစ်ကာလအစဉ်ကို နားလည်နိုင်ဖို့ အရေးကြီးတဲ့ သဲလွန်စတစ်ခုကို ဂျေရုဆလင်ဖျက်ဆီးခြင်းမတိုင်မီ နှစ်များစွာက ဂျူးပရောဖက် (ကြိုဟောသူ) ယေရမိ ပြောခဲ့တယ်။ ‘ဂျေရုဆလင်မြို့သားအပေါင်း’ တို့ကို သူ ဒီလိုသတိပေးခဲ့တယ်– ‘ဤပြည်တစ်ပြည်လုံးသည် လူဆိတ်ညံရာ၊ လွင်တီးခေါင်ဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ်ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ဘုရင့်လက်အောက်တွင် အစေခံရကြလိမ့်မည်။’ (ယေရမိ ၂၅:၁၊ ၂၊ ၁၁၊ New International Version) နောက်ပိုင်းမှာ သူ ဒီလိုလည်း ဆက်ပြောခဲ့တယ်– “တစ်ဖန် မိန့်တော်မူသည်ကား ဗာဗုလုန်မြို့၌ အနှစ်ခုနစ်ဆယ်စေ့သောအခါ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသောကတိကောင်းကို တည်စေ၍ သင်တို့ကို ဤပြည်သို့ ငါပို့ဆောင်ဦးမည်။” (ယေရမိ ၂၉:၁၀) “အနှစ်ခုနစ်ဆယ်” ရဲ့ထူးခြားချက်က ဘာလဲ။ ဂျေရုဆလင်မြို့ကို ဖျက်ဆီးလိုက်တဲ့ ရက်စွဲကို သတ်မှတ်ဖို့ အဲဒီအချိန်ကာလက ဘယ်လိုထောက်ကူပေးသလဲ။

ဘာသာပြန်ကျမ်း အတော်များများမှာ “ဗာဗုလုန်မြို့၌” မဟုတ်ဘဲ “ဗာဗုလုန်မြို့၏” အနှစ် ၇၀ လို့ပြန်ဆိုထားကြတယ်။ (ခမ) ဒါကြောင့် ဒီ အနှစ် ၇၀ ကာလဟာ ဗာဗုလုန်အင်ပါယာနဲ့ သက်ဆိုင်တယ်လို့ သမိုင်းပညာရှင်တချို့က အခိုင်အမာပြောကြတယ်။ ဗာဗုလုန်တွေဟာ ရှေးခေတ်ယုဒပြည်နဲ့ ဂျေရုဆလင်ကို အနှစ် ၇၀ ကြာ ကြီးစိုးခဲ့ပြီး အချိန်ကာလကတော့ ဘီစီအီး ၆၀၉ လောက်ကနေ ဗာဗုလုန်မြို့ ကျရှုံးခဲ့ချိန် ဘီစီအီး ၅၃၉ အထိဖြစ်တယ်လို့ လောကပညာရှင်တွေက တွက်ချက်ခဲ့ကြတယ်။

ဒါပေမဲ့ အဲဒီအနှစ် ၇၀ ကာလဟာ ဘုရားသခင် ပြင်းပြင်းထန်ထန် အပြစ်ပေးတဲ့ အချိန်ကာလဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီကာလဟာ ဘုရားသခင်ရဲ့စကားကို နားထောင်မယ်ဆိုပြီး ကတိပြုထားတဲ့ ယုဒပြည်နဲ့ ဂျေရုဆလင်မြို့နေလူထုကို အဓိကရည်ရွယ်ပြီး အပြစ်ပေးတဲ့ကာလဖြစ်တယ်။ (ထွက်မြောက်ရာ ၁၉:၃-၆) သူတို့ဟာ မကောင်းတဲ့အကျင့်တွေကို မစွန့်လွှတ်တဲ့အတွက် ဘုရားသခင်က ဒီလိုမိန့်ဆိုခဲ့တယ်– ‘ဤပြည်နှင့် ပြည်သားများကိုလည်းကောင်း၊ ပတ်၀န်းကျင်၌ရှိသော လူအမျိုးမျိုးတို့ကိုလည်းကောင်း စစ်တိုက်စေခြင်းငှာ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာကို ငါမှာလိုက်မည်။’ (ယေရမိ ၂၅:၄၊ ၅၊ ၈၊ ၉) အိမ်နီးချင်းနိုင်ငံတွေလည်း ဗာဗုလုန်ရဲ့အမျက်ဒေါသကို ခံရမှာဖြစ်ပေမဲ့ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရပြီး အနှစ် ၇၀ ကြာ ပြည်နှင်ဒဏ်ခံရခြင်းက ဂျေရုဆလင်မြို့ “ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့်” ‘ငါ၏လူမျိုးခံရသော အပြစ်ဒဏ်’ လို့ ယေရမိက ဖော်ပြခဲ့တယ်။—မြည်တမ်းစကား ၁:၈; ၃:၄၂; ၄:၆

ဒါကြောင့် သမ္မာကျမ်းစာအရ အနှစ် ၇၀ ဟာ ယုဒပြည်အတွက် ခါးသီးပြင်းထန်တဲ့ အပြစ်ဒဏ်ခံရာ ကာလဖြစ်တယ်။ အဲလိုပြင်းပြင်းထန်ထန် အပြစ်ပေးဖို့အတွက် ဗာဗုလုန်ကို လက်ကိုင်တုတ်အဖြစ် ဘုရားသခင် အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ဂျူးတွေကို ဘုရားသခင် ဒီလိုပြောခဲ့တယ်– ‘အနှစ်ခုနစ်ဆယ်စေ့သောအခါ သင်တို့ကို ဤပြည် [ယုဒပြည်နှင့် ဂျေရုဆလင်မြို့] သို့ ငါ ပို့ဆောင်ဦးမည်။’—ယေရမိ ၂၉:၁၀

“အနှစ် ခုနစ်ဆယ်” က ဘယ်အချိန်မှာ အစပြုခဲ့သလဲ

ယေရမိရဲ့ ကြိုဟောချက် ပြည့်စုံပြီးတဲ့နောက် အနှစ် ၇၀ အကြာမှာ အသက်ရှင်ခဲ့တဲ့ သမိုင်းပညာရှင် ကျမ်းရေးသူ ဧဇရဟာ ဘုရင်နေဗုခဒ်နေဇာရဲ့အကြောင်းကို ဒီလိုရေးသားခဲ့တယ်– ‘ဓားဘေးနှင့်လွတ်သောသူတို့ကို ဗာဗုလုန်မြို့သို့သိမ်းသွား၍ သူတို့သည် ပေရသိ [ပါရှား] နိုင်ငံမတည်မချင်း ရှင်ဘုရင့်ထံ၊ သားတော်တို့ထံ၌ ကျွန်ခံလျက်နေရကြ၏။ ထိုသို့ဖြစ်သည်အကြောင်းကား ပြည်တော်သည် မိမိဥပုသ်နေ့များ၌ မွေ့လျော်ရသည်တိုင်အောင် ယေရမိဆင့်ဆိုသော ထာဝရဘုရားသခင်၏ စကားတော် ပြည့်စုံရမည်အကြောင်းတည်း။ ထိုပြည်သည် လူဆိတ်ညံလျက်နေသောကာလ အနှစ်ခုနစ်ဆယ်စေ့အောင် မိမိဥပုသ်နေ့များကို စောင့်သောအခွင့်ရှိသတည်း။’—၆ ရာ. ၃၆:၂၀၊ ၂၁သမ္မာ။

ဒါကြောင့် အနှစ် ၇၀ ဟာ ယုဒပြည်နဲ့ ဂျေရုဆလင်မြို့ “ဥပုသ်နေ့များ၌” အနားယူရမယ့် အချိန်ကာလ ဖြစ်ပါတယ်။ ဆိုလိုတာက အဲဒီပြည်မှာ ထွန်ယက်စိုက်ပျိုးခြင်း ရှိမှာမဟုတ်ဘူး။ (ဝတ်ပြုရာ ၂၅:၁-၅) ဘုရားသခင် ရွေးချယ်ထားတဲ့လူမျိုးဟာ နာခံမှုမရှိတဲ့အတွက် သူတို့ရဲ့ပြည်ကို အနှစ် ၇၀ ကြာ ဖုန်းဆိုးမြေနဲ့ လူဆိတ်ညံရာဖြစ်ဖို့ ဘုရားသခင် အပြစ်ပေးလိုက်တာဖြစ်တယ်။ သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေထဲမှာ ဥပုသ်နှစ်တွေကို မစောင့်ထိန်းတဲ့အပြစ်လည်း ပါနိုင်တယ်။—ဝတ်ပြုရာ ၂၆:၂၇၊ ၃၂-၃၅၊ ၄၂၊ ၄၃

ယုဒပြည်ဟာ ဘယ်အချိန်မှာ ဖုန်းဆိုးမြေဖြစ်ပြီး လူဆိတ်ညံရာဖြစ်ခဲ့တာလဲ။ နေဗုခဒ်နေဇာရဲ့ ဦးစီးမှုအောက်မှာ ဗာဗုလုန်တွေဟာ ဂျေရုဆလင်မြို့ကို ဆယ်နှစ်လောက်ခြားပြီး နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့တယ်။ အနှစ် ၇၀ က ဘယ်အချိန်မှာ စတင်ခဲ့သလဲ။ ဂျေရုဆလင်မြို့ကို နေဗုခဒ်နေဇာ ပထမအကြိမ် လာဝိုင်းရံတိုက်ခိုက်တဲ့အချိန်တော့ မဖြစ်နိုင်တာ သေချာတယ်။ ဘာကြောင့်လဲ။ နေဗုခဒ်နေဇာဟာ ဗာဗုလုန်မြို့ကို ဂျေရုဆလင်မြို့က သုံ့ပန်းအတော်များများ ခေါ်ဆောင်သွားပေမဲ့ တချို့ကို ချန်ထားခဲ့တယ်။ မြို့ကိုလည်း ဒီအတိုင်း ထားခဲ့တယ်။ ပထမအကြိမ် ပြည်နှင်ဒဏ်ပေးပြီးတဲ့နောက် နှစ်အတော်ကြာတဲ့အထိ ယုဒပြည်မှာ ကျန်ရစ်ခဲ့တဲ့သူတွေဟာ ‘သာမန်ဆင်းရဲသား’ တွေဖြစ်ပြီး အဲဒီမှာ စိုက်ပျိုးရေး လုပ်ကိုင်နေတုန်းပါပဲ။ (၄ ရာ. ၂၄:၈-၁၇) ဒါပေမဲ့ နောက်ပိုင်းမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့တယ်။

ဗာဗုလုန်တွေဟာ ဂျူးတွေရဲ့ ပုန်ကန်မှုကြောင့် ဂျေရုဆလင်မြို့ကို ပြန်ဝိုင်းရံခဲ့ကြတယ်။ (၄ ရာ. ၂၄:၂၀; ၂၅:၈-၁၀) ဝတ်ပြုရာအိမ်တော်အပါအဝင် မြို့တော်ကြီးကို စိစိညက်ညက်ကြေအောင် ဖျက်ဆီးပစ်လိုက်တယ်။ ပြီးတော့ ပြည်သားများစွာကို သုံ့ပန်းအဖြစ် ဗာဗုလုန်ပြည်ကို ခေါ်ဆောင်သွားတယ်။ နှစ်လအတွင်းမှာပဲ “တပ်မှူးများနှင့် ပြည်သူပြည်သား [မြို့တော်မှာ ကျန်ရစ်ခဲ့သူ] အကြီးအငယ်အပေါင်းတို့သည် ခါလဒဲ [ဗာဗုလုန်] လူတို့ကို ကြောက်သောကြောင့် ထ၍ အီဂျစ်ပြည်သို့ သွားကြ၏။” (၄ ရာ. ၂၅:၂၅၊ ၂၆သမ္မာ) အဲဒီခုနှစ်ရဲ့ ဂျူးပြက္ခဒိန် ခုနစ်လမြောက်ဖြစ်တဲ့ တိရှရိလ (စက်တင်ဘာ/အောက်တိုဘာ) မှာ ဖုန်းဆိုးမြေနဲ့ လူဆိတ်ညံရာဖြစ်သွားတဲ့ ယုဒပြည်ဟာ သတ္တမနေ့မှာ အနားယူတော့တယ်လို့ ပြောနိုင်ပါတယ်။ အီဂျစ်ပြည်ရောက်နေတဲ့ ဂျူးဒုက္ခသည်တွေကို ယေရမိကနေတစ်ဆင့် ဘုရားသခင် ဒီလိုပြောခဲ့တယ်– ‘ဂျေရုဆလင်မြို့မှစသော ယုဒမြို့ရွာရှိသမျှအပေါ်သို့ ငါသင့်ရောက်စေသော ဘေးဒဏ်ကို သင်တို့သည် မြင်ရကြပြီ။ ကြည့်လော့။ ယနေ့မှာ ထိုမြို့ရွာများသည် နေသောသူမရှိ၊ လူဆိတ်ညံရာဖြစ်ကြပြီ။’ (ယေရမိ ၄၄:၁၊ ၂သမ္မာ) ဒါကြောင့် အနှစ် ၇၀ ဟာ အဲဒီအဖြစ်အပျက်ကနေ စတင်ခဲ့ပုံရတယ်။ ဘယ်နှစ်မှာ ဖြစ်ပျက်ခဲ့တာလဲ။ အဖြေသိချင်ရင် အနှစ် ၇၀ က ဘယ်အချိန်မှာ အဆုံးသတ်သွားတယ်ဆိုတာကို သိဖို့လိုတယ်။

“အနှစ်ခုနစ်ဆယ်” က ဘယ်အချိန်မှာ အဆုံးသတ်သွားတာလဲ

“ပေရသိ [ပါရှား] နိုင်ငံ” အာဏာရလာတဲ့အထိ အသက်ရှင်ခဲ့တဲ့ ပရောဖက် (ကြိုဟောသူ) ဒံယေလဟာ ဗာဗုလုန်ပြည်မှာ ရှိနေခဲ့ပြီး အနှစ် ၇၀ ဘယ်အချိန်မှာ ကုန်ဆုံးမယ်ဆိုတာကို တွက်ချက်ခဲ့တယ်။ သူ ဒီလိုရေးသားခဲ့တယ်– ‘ငါ ဒံယေလသည် ကျမ်းစာတော်များကို လေ့လာကာ ပရောဖက် ယေရမိအား ဘုရားသခင် မိန့်တော်မူသည့်အတိုင်း အနှစ်ခုနစ်ဆယ်တိုင်တိုင် ဂျေရုဆလင်မြို့ ပျက်စီးရမည့်အကြောင်းကို စဉ်းစားဆင်ခြင်လျက်နေ၏။’—ဒံယေလ ၉:၁၊ ၂ခမ။

ဧဇရလည်း ယေရမိရဲ့ ကြိုဟောချက်တွေကို စဉ်းစားဆင်ခြင်ပြီး “အနှစ်ခုနစ်ဆယ်” ကို “အမိန့်တော်စာကို ထုတ်” ပြန်ဖို့ ‘ပေရသိ [ပါရှား] ဘုရင် ကုရုမင်း၏စိတ်ကို ထာဝရဘုရားသခင် နှိုးဆော်တော်မူ’ ချိန်နဲ့ ချိတ်ဆက်ခဲ့တယ်။ (၆ ရာ. ၃၆:၂၁၊ ၂၂သမ္မာ) ဘယ်အချိန်မှာ ဂျူးတွေ လွတ်မြောက်သွားသလဲ။ တိုင်းတစ်ပါးမှာ ပြည်နှင်ခံရာကာလက ကုန်ဆုံးသွားပြီဆိုတဲ့ အမိန့်ကို “ပေရသိ [ပါရှား] ဘုရင် ကုရုမင်းနန်းစံ ပထမနှစ်” မှာ ထုတ်ပြန်ခဲ့တယ်။ ( “သမိုင်းတွင်တဲ့ ရက်စွဲ” လေးထောင့်ကွက်မှာ ဖတ်ကြည့်ပါ။) ဒါကြောင့် ဘီစီအီး ၅၃၇ အကုန်ပိုင်းမှာ ဂျူးတွေဟာ စစ်မှန်တဲ့ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ဖို့ ဂျေရုဆလင်မြို့ကို ပြန်လာခဲ့ကြတယ်။—ဧဇရ ၁:၁-၅; ၂:၁; ၃:၁-၅

အနှစ် ၇၀ ဟာ ပကတိအချိန်ကာလတစ်ခုဖြစ်ပြီး ဘီစီအီး ၅၃၇ မှာ အဆုံးတိုင်သွားတယ်လို့ ကျမ်းစာအရ တွက်ချက်နိုင်ပါတယ်။ အနှစ် ၇၀ ကို နောက်ကြောင်းပြန်တွက်ကြည့်ရင် စတင်ခဲ့ချိန်က ဘီစီအီး ၆၀၇ မှာဖြစ်တယ်။

ဒါပေမဲ့ ဂျေရုဆလင် ဖျက်ဆီးခံရချိန်က ဘီစီအီး ၆၀၇ ဖြစ်တယ်လို့ ကျမ်းစာအထောက်အထားတွေက ရှင်းရှင်းလင်းလင်း ဖော်ပြတယ်ဆိုရင် ကျမ်းပညာရှင်တွေက ဘီစီအီး ၅၈၇ ဖြစ်တယ်လို့ ဘာကြောင့် အခိုင်အမာပြောရတာလဲ။ အကြောင်းရင်းက သူတို့ဟာ ရှေးခေတ် သမိုင်းပညာရှင်တွေရဲ့ စာပေတွေနဲ့ တော်လ်မီကျမ်းဂန်စုတွေကို မှီငြမ်းကြလို့ပါပဲ။ အဲဒီစာပေတွေကို သမ္မာကျမ်းစာထက် ပိုပြီးယုံကြည်အားထားလို့ရပါသလား။ ကြည့်ကြရအောင်။

ရှေးခေတ် သမိုင်းပညာရှင်တွေရဲ့အဆို ဘယ်လောက်တိကျမှန်ကန်သလဲ

ဂျေရုဆလင်မြို့ ဖျက်ဆီးခံရခါနီးမှာ အသက်ရှင်ခဲ့တဲ့ သမိုင်းပညာရှင်တွေဟာ လက်သစ်ဗာဗုလုန်ဘုရင်တွေအကြောင်း အမျိုးမျိုးပြောဆိုခဲ့ကြတယ်။ * ( “လက်သစ်ဗာဗုလုန်ဘုရင်များ” လေးထောင့်ကွက်မှာ ဖတ်ကြည့်ပါ။) ပညာရှင်တွေ တွက်ချက်ပြတဲ့ ခုနှစ်ကာလက ကျမ်းစာမှာဖော်ပြထားတဲ့ ခုနှစ်ကာလနဲ့ မကိုက်ညီဘူး။ ဒါပေမဲ့ သူတို့ရဲ့စာပေတွေက ဘယ်လောက်အထိ ယုံကြည်စိတ်ချနိုင်ပါသလဲ။

လက်သစ်ဗာဗုလုန်ခေတ်နဲ့ အနီးစပ်ဆုံးကာလမှာ အသက်ရှင်ခဲ့တဲ့ သမိုင်းပညာရှင်တွေထဲက တစ်ဦးကတော့ ဗာဗုလုန်လူမျိုး “ဗေလယဇ်ပုရောဟိတ်” တစ်ဦးဖြစ်တဲ့ ဘာရာဆက်စ်ဖြစ်တယ်။ ဘီစီအီး ၂၈၁ လောက်မှာ ရေးသားခဲ့တဲ့ သူ့ရဲ့မူရင်းစာပေ (Babyloniaca) က ပျောက်ပျက်သွားပြီး တခြားသမိုင်းပညာရှင်တွေက အပိုင်းအစတွေလောက်ကိုပဲ ထိန်းသိမ်းထားနိုင်ခဲ့ကြတယ်။ “ဗာဗုလုန်မှာ အသေအချာ ထိန်းသိမ်းထားရှိတဲ့ စာပေတွေ” ကို အသုံးပြုခဲ့တယ်လို့ ဘာရာဆက်စ်က အခိုင်အမာပြောတယ်။ ဘာရာဆက်စ်ဟာ အမှန်တကယ်ပဲ တိကျမှန်ကန်တဲ့ သမိုင်းပညာရှင်တစ်ဦး ဟုတ်ပါသလား။ နမူနာတစ်ခုကို သုံးသပ်ကြည့်ရအောင်။

အာရှုရိဘုရင် သနာခရိပ်ဟာ “[သူ့] အစ်ကို မင်းပြု” ပြီးတဲ့နောက်မှာ နန်းတက်ခဲ့တယ်။ သူ့ရဲ့နောက်မှာ “သူ့ရဲ့သား [အီစာဟက်ဒန်] က ၈ နှစ်ကြာ နန်းထိုင်ခဲ့တယ်။ အဲဒီနောက် ဆန်မူဂတ်စ် [ရှာမက်ရှ်-ရှူမာ-အူကင်] က ၂၁ နှစ်ကြာ အုပ်စိုးခဲ့တယ်” လို့ဘာရာဆက်စ်က ရေးသားခဲ့တယ်။ (III, 2.1, 4) ဒါပေမဲ့ သနာခရိပ်ဟာ သူ့ရဲ့အစ်ကိုနေရာမှာမဟုတ်ဘဲ ခမည်းတော် သာဂုန် ၂ ရဲ့နေရာကို ဆက်ခံခဲ့တယ်လို့ ဘာရာဆက်စ်ခေတ်မတိုင်မီ ကြာမြင့်စွာက ရေးသားခဲ့တဲ့ ဗာဗုလုန်သမိုင်း မှတ်တမ်းမှတ်ရာတွေမှာ ဖော်ပြထားတယ်။ အီစာဟက်ဒန်ကလည်း ၈ နှစ်မဟုတ်ဘဲ ၁၂ နှစ်ကြာအုပ်စိုးခဲ့ပြီး ရှာမက်ရှ်-ရှူမာ-အူကင်ကလည်း ၂၁ နှစ်မဟုတ်ဘဲ အနှစ် ၂၀ အုပ်စိုးခဲ့တယ်။ ဘာရာဆက်စ်ဟာ ဗာဗုလုန်သမိုင်းမှတ်တမ်းတွေကို ရှာဖွေလေ့လာခဲ့တယ်ဆိုတာကို ကျမ်းပညာရှင် အာရ်. ဂျေ. ဗန် ဒါ စပက်ခ်က အသိအမှတ်ပြုပြီး ဒီလိုရေးခဲ့တယ်– “အဲဒီအပြင် သူ့ကိုယ်ပိုင်အတွေးအခေါ်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ဖြည့်စွက်ထားသေးတယ်။”

ဘာရာဆက်စ်ကို တခြားကျမ်းပညာရှင်တွေက ဘယ်လိုရှုမြင်ကြသလဲ။ “အများအားဖြင့် ဘာရာဆက်စ်ကို သမိုင်းပညာရှင်တစ်ဦးအဖြစ် ရှုမြင်ထားကြတယ်” ဆိုပြီး ဘာရာဆက်စ်ရဲ့ စာပေတွေကို အသေအချာ လေ့လာခဲ့တဲ့ အက်စ်. အမ်. ဘာစတိန်းက ပြောပြတယ်။ ဒါပေမဲ့ သူ ဒီလို ကောက်ချက်ချခဲ့တယ်– “သူ့ကို သမိုင်းပညာရှင်လို့ ပြောရလောက်အောင် သူ့ရဲ့စာပေတွေက အရည်အသွေးမပြည့်မီပါဘူး။ လက်ရှိ သူ့ရဲ့စာအုပ် (Babyloniaca) ထဲမှာတောင် ရိုးရှင်းတဲ့ အချက်အလက်နဲ့ပတ်သက်ပြီး အမှားအတော်များများ ပါရှိနေတာက အံ့ဩစရာကောင်းတယ် . . . သမိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး အမှားတွေ အဲလောက်များတာက လက်မခံနိုင်စရာပဲ။ ဒါပေမဲ့ ဘာရာဆက်စ်ရဲ့ ရည်ရွယ်ချက်က သမိုင်းစာပေရေးသားဖို့ မဟုတ်ပါဘူး။”

အထက်မှာ ဖော်ပြထားတဲ့အရ အသင်ကော ဘယ်လိုယူဆပါသလဲ။ ဘာရာဆက်စ်ရဲ့ တွက်ချက်မှုတွေကို တိကျမှန်ကန်တယ်လို့ တစ်သမတ်တည်း ယူမှတ်လို့ရပါသလား။ ဘာရာဆက်စ်ရဲ့စာပေတွေကို မှီငြမ်းပြီး မိမိတို့ရဲ့ ခုနှစ်ကာလစဉ်အများစုကို တွက်ချက်ခဲ့ကြတဲ့ တခြားသမိုင်းပညာရှင်တွေနဲ့ ပတ်သက်ပြီးတော့ကော။ သူတို့ရဲ့သမိုင်းဆိုင်ရာ တွက်ချက်မှုတွေကို ယုံကြည်စိတ်ချလို့ရပါသလား။

တော်လ်မီကျမ်းဂန်စု

အစဉ်အဆက် လက်ခံခဲ့ကြတဲ့ ဘီစီအီး ၅၈၇ ကို ထောက်ခံဖို့ စီအီး ဒုတိယရာစုက နက္ခတ္တပညာရှင်တစ်ဦးဖြစ်တဲ့ ကလောဒီးယပ်စ် တော်လ်မီရဲ့ ကျမ်းဂန်စုကိုလည်း အသုံးပြုခဲ့ကြပါတယ်။ တော်လ်မီ ရေးသားပြုစုခဲ့တဲ့ ဘုရင်တွေရဲ့စာရင်းကို လက်သစ်ဗာဗုလုန်ခေတ်အပါအဝင် ရှေးခေတ်သမိုင်း ခုနှစ်ကာလစဉ်ရဲ့ အဓိကကျတဲ့အခြေခံလို့ သတ်မှတ်ခဲ့ကြတယ်။

တော်လ်မီဟာ သူ့ရဲ့စာရင်းကို လက်သစ်ဗာဗုလုန်ခေတ် ကုန်ပြီးတဲ့နောက် အနှစ် ၆၀၀ အကြာမှာ ပြုစုခဲ့တာဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့စာရင်းထဲက ပထမဆုံးဘုရင် စတင်အုပ်စိုးချိန်ကို သူ ဘယ်လိုသတ်မှတ်ခဲ့ပါသလဲ။ လကြတ်ခြင်းကိုအခြေခံပြီး နက္ခတ္တပညာဆိုင်ရာ တွက်ချက်မှုတွေကို အသုံးပြုခြင်းအားဖြင့် စာရင်းထဲက ပထမဆုံးဘုရင်ဖြစ်တဲ့ “နဗိုနေဇာ စတင်အုပ်စိုးချိန်” ကိုတွက်ချက်နိုင်ခဲ့တယ်လို့ တော်လ်မီက ရှင်းပြတယ်။ဒါကြောင့် တော်လ်မီကျမ်းဂန်စုဟာ “နက္ခတ္တပညာရှင်တွေအတွက် တိကျမှန်ကန်တဲ့ အချိန်ကာလစဉ် သတ်မှတ်ပေးဖို့ သူ့စိတ်ကူးပုံဖော်ချက်” ဖြစ်ပြီး “သမိုင်းပညာရှင်တွေအတွက် ဘုရင်တွေရဲ့ နန်းတက်ချိန်နဲ့ နတ်ရွာစံချိန်တွေနဲ့ပတ်သက်တဲ့ တိကျမှန်ကန်တဲ့ မှတ်တမ်းတစ်ခု” တော့မဟုတ်ပါဘူးလို့ ဗြိတိသျှပြတိုက်က ခရစ္စတိုဖာ ဝေါ်လ်ကာက ဆိုတယ်။

“တော်လ်မီကျမ်းဂန်စုဟာ နက္ခတ္တဗေဒအရတော့ အားထားလို့ရတယ်ဆိုပေမဲ့ သမိုင်းအရလည်း အားထားနိုင်တယ်လို့တော့ မပြောနိုင်ပါဘူး” ဆိုပြီး တော်လ်မီကို ထက်ထက်သန်သန် ထောက်ခံတဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ လေအို ဒါပါရွတ်က ရေးသားခဲ့တယ်။ ဘုရင်တွေရဲ့စာရင်းနဲ့ပတ်သက်ပြီး ပါမောက္ခ ဒါပါရွတ်က ဒီလိုဆက်ပြောတယ်– “[လက်သစ်ဗာဗုလုန်မင်းဆက်တွေထဲမှာ ပါဝင်တဲ့] ရှေးကျတဲ့ အုပ်စိုးရှင်တွေနဲ့ပတ်သက်ပြီး အဲဒီဘုရင်တွေရဲ့ နန်းသက်ကာလကို သတ်မှတ်နိုင်ဖို့ တော်လ်မီကျမ်းဂန်စုကို ကျူနီဖောင်းမှတ်တမ်းနဲ့ နှိုင်းယှဉ်ဖို့တော့ လိုအပ်တယ်။”

တော်လ်မီကျမ်းဂန်စုရဲ့ သမိုင်းဆိုင်ရာ တိကျမှန်ကန်မှုကို သတ်မှတ်ပေးနိုင်မယ့် “ကျူနီဖောင်းမှတ်တမ်း” ဆိုတာ ဘာလဲ။ ကျူနီဖောင်းမှတ်တမ်းဆိုတာ လက်သစ်ဗာဗုလုန်ခေတ်အတွင်းမှာ အသက်ရှင်ခဲ့တဲ့ ကျမ်းကူးသူတွေ ရေးသားခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဗာဗုလုန်ရဲ့ရာဇဝင်တွေ၊ ဘုရင်တွေရဲ့စာရင်းတွေ၊ စီးပွားရေးအကြောင်း ရေးသားထားတဲ့ ကျောက်ပြားတွေ ပါဝင်တယ်။

တော်လ်မီရဲ့စာရင်းကို ကျူနီဖောင်းမှတ်တမ်းနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဘာတွေ တွေ့ရှိရသလဲ။ “ တော်လ်မီကျမ်းဂန်စုကို ရှေးခေတ်ရွှံ့စေးပြားတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဘာတွေ တွေ့ရှိရသလဲ” လေးထောင့်ကွက် (အောက်မှာ ဖော်ပြထား) မှာ အဲဒီကျမ်းဂန်စုရဲ့ အပိုင်းတစ်ပိုင်းကို ဖော်ပြထားပြီး ရှေးခေတ် ကျူနီဖောင်းရွှံ့စေးပြားတစ်ခုနဲ့ နှိုင်းယှဉ်ထားပါတယ်။ တော်လ်မီဟာ ဗာဗုလုန်အုပ်စိုးရှင်တွေဖြစ်တဲ့ ကန်ဒါလာနူနဲ့ နဗိုနိုက်ဒတ်စ်အကြားမှာရှိတဲ့ ဘုရင်လေးပါးကိုပဲ စာရင်းထဲထည့်ထားတယ်ဆိုတာ သတိပြုပါ။ ကျူနီဖောင်းမှတ်တမ်း အပိုင်းတစ်ပိုင်းဖြစ်တဲ့ ဧရက်ဘုရင်စာရင်းထဲမှာတော့ ကန်ဒါလာနူနဲ့ နဗိုနိုက်ဒတ်စ်အကြားမှာရှိတဲ့ ဘုရင်ခုနစ်ပါးအကြောင်းကို ဖော်ပြထားတယ်။ အဲဒီဘုရင်တွေရဲ့ နန်းသက်ကာလက တိုတောင်းလွန်းလို့လား။ စီးပွားရေးအကြောင်း ရေးသားထားတဲ့ ကျူနီဖောင်းရွှံ့စေးပြားတွေအရ အဲဒီဘုရင်တွေထဲက တစ်ပါးဟာ ခုနစ်နှစ်ကြာ အုပ်စိုးခဲ့တယ်။

နဗိုပိုလေဇာ (လက်သစ်ဗာဗုလုန်ခေတ်ရဲ့ ပထမဆုံးဘုရင်) နန်းမတက်ခင် ဗာဗုလုန်ကို ဘုရင်တစ်ပါးက (အက်ရှာ-အီတဲလ်-အီလာနီ) လေးနှစ်ကြာ အုပ်စိုးခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားကို ကျူနီဖောင်းမှတ်တမ်းမှတ်ရာတွေမှာ တွေ့ရတယ်။ ဒါ့အပြင် အဲဒီတိုင်းပြည်မှာ တစ်နှစ်ကျော်ကြာတဲ့အထိ ဘယ်ဘုရင်မှ မအုပ်စိုးခဲ့ဘူး။တော်လ်မီကျမ်းဂန်စုထဲမှာတော့ အဲဒီအချက်အလက်တွေကို မတွေ့ရှိရပါဘူး။

တော်လ်မီဟာ အုပ်စိုးရှင်တချို့ကို ဘာကြောင့် ချန်လှပ်ထားခဲ့တာလဲ။ သူတို့ကို ဗာဗုလုန်တိုင်းပြည်ရဲ့ တရားဝင်အုပ်စိုးရှင်အဖြစ် သူ မသတ်မှတ်ခဲ့တာ ထင်ရှားတယ်။၁၀ ဥပမာ၊ လက်သစ်ဗာဗုလုန်ဘုရင် လာဘာရှီ-မာဒွတ်ခ်ကို သူ့စာရင်းထဲ မထည့်ထားဘူး။ ဒါပေမဲ့ ကျူနီဖောင်းမှတ်တမ်းမှတ်ရာတွေအရ တော်လ်မီ ချန်လှပ်ထားခဲ့တဲ့ ဘုရင်တွေဟာ တကယ်ပဲ ဗာဗုလုန်တိုင်းပြည်ကို အုပ်စိုးခဲ့ကြပါတယ်။

ယေဘုယျအားဖြင့်တော့ တော်လ်မီကျမ်းဂန်စုကို တိကျမှန်ကန်တယ်လို့ ယူမှတ်ထားကြတယ်။ ဒါပေမဲ့ တော်လ်မီဟာ ဘုရင်တချို့ကို ချန်လှပ်ထားခဲ့တဲ့အတွက် သူ့ရဲ့ကျမ်းဂန်စုကို ပြည့်စုံတဲ့ သမိုင်းဆိုင်ရာ ခုနှစ်ကာလစဉ်အဖြစ် အသုံးပြုသင့်သလား။

အထောက်အထားအပေါ် အခြေပြုထားတဲ့ ကောက်ချက်

အနှစ် ၇၀ ပြည်နှင်ဒဏ်ခံရတဲ့အကြောင်း ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ အဲဒါက ခိုင်လုံတဲ့အထောက်အထားဖြစ်တယ်။ ဂျူးပြည်နှင်ခံတွေဟာ ဘီစီအီး ၅၃၇ ခုနှစ်မှာ သူတို့ရဲ့တိုင်းပြည်ကို ပြန်ရောက်လာကြတယ်ဆိုတာကို ကျမ်းပညာရှင်အများစုက လက်ခံကြတယ်။ အဲဒီခုနှစ်ကနေ အနှစ် ၇၀ နောက်ပြန်ရေတွက်ရင် ဂျေရုဆလင်မြို့ဟာ ဘီစီအီး ၆၀၇ မှာ ဖျက်ဆီးခံခဲ့ရတယ်ဆိုတာ သိနိုင်ပါတယ်။ အဲဒီခုနှစ်ကို ရှေးခေတ်သမိုင်းပညာရှင်တွေနဲ့ တော်လ်မီကျမ်းဂန်စုတွေက လက်မခံပေမဲ့ သူတို့အရေးအသားတွေရဲ့ တိကျမှန်ကန်မှုနဲ့ပတ်သက်ပြီး သဘာဝကျတဲ့မေးခွန်းတွေ မေးစရာပေါ်လာနိုင်ပါတယ်။ တကယ်ဆိုရင် သူတို့တွေဟာ ကျမ်းစာခုနှစ်ကာလစဉ်ကို ပယ်ဖျက်ဖို့ အထောက်အထား အလုံအလောက် မပြနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ နောက်ထပ်မေးစရာတွေ ကျန်ပါသေးတယ်။ ကျမ်းစာအခြေပြုရက်စွဲဖြစ်တဲ့ ဘီစီအီး ၆၀၇ ကိုထောက်ခံဖို့ သမိုင်းအထောက်အထား ရှိပါသေးသလား။ ရက်စွဲသတ်မှတ်လို့ရတဲ့ ကျူနီဖောင်းမှတ်တမ်းမှတ်ရာတွေထဲမှာ ရှေးခေတ် မျက်မြင်သက်သေတွေ ရေးသားခဲ့တဲ့မှတ်တမ်းမှတ်ရာ အများစုက ဘယ်အရာကို ဖော်ထုတ်ပေးသလဲ။ ဒီမေးခွန်းတွေကို နောက်လထုတ်မယ့်စာစောင်မှာ သုံးသပ်ပါမယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 အဲဒီခုနှစ် နှစ်ခုစလုံးကို ကျမ်းစာပြင်ပစာပေတွေမှာ ဖော်ပြထားပါတယ်။ ဒီဆောင်းပါးမှာတော့ ဘီစီအီး ၅၈၇ ကိုပဲ ရည်ညွှန်းပါမယ်။ ဘီစီအီးဆိုတာ “ခရစ်နှစ်မတိုင်မီ” လို့အဓိပ္ပာယ်ရပါတယ်။

^ အပိုဒ်၊ 5 ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာဆိုတဲ့ ယုံကြည်စိတ်ချရတဲ့ ဘာသာပြန်ကျမ်းကို ယေဟောဝါသက်သေတွေ ထုတ်ဝေထားပါတယ်။ ဒါပေမဲ့ သင်ဟာ ယေဟောဝါသက်သေတစ်ဦး မဟုတ်ဘူးဆိုရင် ကျမ်းစာအကြောင်းတွေ ဆွေးနွေးသုံးသပ်တဲ့အခါ သင် နှစ်သက်ရာ တခြားဘာသာပြန်ကျမ်းတွေကို အသုံးပြုနိုင်ပါတယ်။ ဒီဆောင်းပါးမှာ အများလက်ခံထားတဲ့ ဘာသာပြန်ကျမ်း အတော်များများကို အသုံးပြုထားပါတယ်။

^ အပိုဒ်၊ 23 လက်သစ်ဗာဗုလုန်အင်ပါယာဟာ နေဗုခဒ်နေဇာရဲ့ ဖခင် နဗိုပိုလေဇာ အုပ်စိုးချိန်မှာ စတင်ပြီး နဗိုနိုက်ဒတ်စ် အုပ်စိုးချိန်မှာ အဆုံးတိုင်သွားတယ်။ အဲဒီအချိန်ကာလဟာ လူဆိတ်ညံရာဖြစ်ခဲ့တဲ့ အနှစ် ၇၀ ကြာကာလရဲ့ အချိန်အများစုကို ငုံမိတဲ့အတွက် ကျမ်းပညာရှင်တွေက စိတ်ဝင်စားကြတယ်။

[စာမျက်နှာ ၂၈ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

 သမိုင်းတွင်တဲ့ ရက်စွဲ

ကုရုဘုရင် ၂ (ဆိုင်းရပ်စ်) ဟာ ဗာဗုလုန်ကို ဘီစီအီး ၅၃၉ မှာ သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာကို အောက်ဖော်ပြပါ အထောက်အထားကို အသုံးပြုပြီး တွက်ချက်ခဲ့တာဖြစ်ပါတယ်။

ရှေးခေတ်သမိုင်းစာပေတွေနဲ့ ကျူနီဖောင်းရွှံ့စေးပြားများ–

ကုရုဟာ “ငါးဆယ့်ငါးကြိမ်မြောက် အိုလံပစ်ပွဲတော် ဖွင့်တဲ့နှစ်” မှာ ပါရှားဘုရင်ဖြစ်လာတယ်ဆိုပြီး စစ္စလီကျွန်းက ဒီအိုဒိုရပ်စ် (ဘီစီအီး ၈၀ ခန့်-၂၀) ကရေးသားခဲ့တယ်။ (Historical Library, Book IX, 21) အဲဒီနှစ်က ဘီစီအီး ၅၆၀ ဖြစ်ပါတယ်။ ကုရုဘုရင်ဟာ “နန်းသက် နှစ်ဆယ့်ကိုးနှစ်ကြာ ပြီးတဲ့နောက်” မှာ အသတ်ခံလိုက်ရတယ်လို့ ဂရိသမိုင်းပညာရှင် ဟဲရိုဒိုတပ်စ် (ဘီစီအီး ၄၈၅ ခန့်-၄၂၅) က ဖော်ပြခဲ့တယ်။ သူ့ရဲ့နန်းသက် အနှစ် ၃၀ မြောက်ဖြစ်တဲ့ ဘီစီအီး ၅၃၀ မှာ အသတ်ခံလိုက်ရတာဖြစ်မယ်။ (Histories, Book I, Clio, 214) ကုရုဘုရင်ဟာ သူမကွယ်လွန်ခင် ဗာဗုလုန်ကို ကိုးနှစ်ကြာ အုပ်စိုးခဲ့တယ်လို့ ကျူနီဖောင်းရွှံ့စေးပြားတွေမှာ ဖော်ပြထားတယ်။ ဒါကြောင့် ဘီစီအီး ၅၃၀ မှာ သူမသေခင် ကိုးနှစ်ဟာ ဗာဗုလုန်ကို သူသိမ်းပိုက်ခဲ့တဲ့နှစ်ဖြစ်တဲ့ ဘီစီအီး ၅၃၉ ကိုရောက်ရှိသွားတယ်။

ကျူနီဖောင်း ရွှံ့စေးပြားတစ်ခုရဲ့ အတည်ပြုချက်– ကုရုဘုရင်ဟာ ဘီစီအီး ၅၃၀ မှာ သေဆုံးခဲ့တယ်ဆိုတာကို ဗာဗုလုန်နက္ခတ္တဗေဒဆိုင်ရာ ရွှံ့စေးပြား (BM 33066) ကအတည်ပြုတယ်။ အဲဒီရွှံ့စေးပြားထဲမှာ နက္ခတ်တာရာတွေရဲ့ တည်နေရာတွေနဲ့ပတ်သက်ပြီး အမှားတချို့ပါရှိပေမဲ့ ကုရုဘုရင်နေရာကိုဆက်ခံတဲ့ သားဖြစ်သူ ကဲမ်ဘိုင်းဆစ္စ ၂ ရဲ့နန်းသက် ခုနစ်နှစ်မြောက်မှာ နှစ်ကြိမ် လကြတ်ခဲ့တယ်ဆိုပြီး ဖော်ပြထားတယ်။ ဗာဗုလုန်မြို့မှာ လကြတ်တာကို ဘီစီအီး ၅၂၃၊ ဇူလိုင်လ ၁၆ ရက်နေ့မှာ တစ်ကြိမ်၊ ဘီစီအီး ၅၂၂၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ တစ်ကြိမ် တွေ့ခဲ့ရတယ်လို့ ဖော်ပြထားတယ်။ ဒါကြောင့် ကဲမ်ဘိုင်းဆစ္စ ၂ ရဲ့ နန်းသက် ခုနစ်နှစ်မြောက်ဟာ ဘီစီအီး ၅၂၃ အစောပိုင်းမှာ စတင်ပြီး ဘီစီအီး ၅၂၉ က သူ့ရဲ့ နန်းစံ ပထမမြောက်နှစ် ဖြစ်တယ်ဆိုတာ သိရတယ်။ ဗာဗုလုန်ကို ကုရု အုပ်စိုးတဲ့ ပထမနှစ်က ဘီစီအီး ၅၃၉ ဖြစ်ပြီး နောက်ဆုံးနှစ်က ဘီစီအီး ၅၃၀ ဖြစ်တယ်လို့ သိနိုင်ပါတယ်။

[Credit Line]

Tablet: © The Trustees of the British Museum

[စာမျက်နှာ ၃၁ ပါလေးထောင့်ကွက်]

အကျဉ်းချုပ်

▪ အများအားဖြင့် ဘီစီအီး ၅၈၇ မှာ ဂျေရုဆလင်မြို့ ပျက်စီးခဲ့တယ်လို့ သမိုင်းပညာရှင်တွေ ပြောတတ်ကြပါတယ်။

▪ ကျမ်းစာခုနှစ်ကာလစဉ်မှာတော့ ဘီစီအီး ၆၀၇ မှာ ဂျေရုဆလင်မြို့ ပျက်စီးခဲ့တယ်လို့ အခိုင်အမာ ဖော်ပြထားတယ်။

▪ သမိုင်းပညာရှင်တွေဟာ ရှေးခေတ်သမိုင်းပညာရှင်တွေရဲ့ အရေးအသားတွေနဲ့ တော်လ်မီကျမ်းဂန်စုအပေါ် အဓိကအခြေပြုပြီး ကောက်ချက်ချကြတာဖြစ်တယ်။

▪ ရှေးခေတ်သမိုင်းပညာရှင်တွေရဲ့ အရေးအသားတွေထဲမှာ သိသာထင်ရှားတဲ့ အမှားတွေပါရှိပြီး တစ်ခါတလေ ရွှံ့စေးပြားပေါ်က မှတ်တမ်းတွေနဲ့ ဆန့်ကျင်ကွဲလွဲနေတတ်တယ်။

[စာမျက်နှာ ၃၁ ပါလေးထောင့်ကွက်]

မှတ်ချက်များ

၁။ Babyloniaca (Chaldaeorum Historiae), Book One, 1.1.

၂။ Studies in Ancient Near Eastern World View and Society, စာမျက်နှာ ၂၉၅။

၃။ The Babyloniaca of Berossus, စာမျက်နှာ ၈။

၄။ ၁၉၉၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Almagest, III, 7, translated by G. J. Toomer, in Ptolemy’s Almagest, စာမျက်နှာ ၁၆၆။ ဗာဗုလုန် နက္ခတ္တပညာရှင်တွေဟာ ၁၈ နှစ် တစ်ကြိမ် ပုံမှန် လကြတ်တာကို တွေ့ရှိခဲ့ကြတဲ့အတွက် အတိတ်နဲ့အနာဂတ်က လကြတ်ချိန်တွေကို “တွက်ချက်” ဖို့ သင်္ချာနည်းပညာတွေကို အသုံးပြုခဲ့တယ်ဆိုတာ တော်လ်မီ သိရှိခဲ့တယ်။—Almagest, IV, 2.

၅။ Mesopotamia and Iran in the Persian Period, စာမျက်နှာ ၁၇-၁၈။

၆။ Journal of Cuneiform Studies, အတွဲ ၄၇၊ ၁၉၉၅၊ စာမျက်နှာ ၁၀၆-၁၀၇။

၇။ ကျူနီဖောင်းဆိုတာ ချွန်ထက်တဲ့ ကညစ်တံကို အသုံးပြုပြီး ရွှံ့စေးပြားပေါ် အမှတ်အသားအမျိုးမျိုး ရေးမှတ်တဲ့ စာရေးနည်းတစ်မျိုးဖြစ်တယ်။

၈။ စင်-ရှာရာ-အစ်ရှ်ကွန်ဟာ ခုနစ်နှစ် စိုးစံခဲ့ပြီး သူ့အကြောင်းပါရှိတဲ့ စီးပွားရေးရာတွေအကြောင်း ရေးထိုးထားတဲ့ ရွှံ့စေးပြား ၅၇ ပြားမှာ သူနန်းတက်တဲ့နှစ်ကစပြီး နန်းကုန်တဲ့နှစ်အထိ ရက်စွဲတွေ ရေးထိုးထားတယ်။ Journal of Cuneiform Studies, အတွဲ ၃၅၊ ၁၉၈၃၊ စာမျက်နှာ ၅၄-၅၉ မှာဖတ်ကြည့်ပါ။

၉။ စီးပွားရေးရာတွေအကြောင်း ရေးထိုးထားတဲ့ ရွှံ့စေးပြား C.B.M. ၂၁၅၂ မှာ အက်ရှာ-အီတဲလ်-အီလာနီ ရဲ့ နန်းသက်လေးနှစ်မြောက်လို့ ရေးထိုးထားတယ်။ (Legal and Commercial Transactions Dated in the Assyrian, Neo-Babylonian and Persian Periods—Chiefly From Nippur, by A.T. Clay, ၁၉၀၈၊ စာမျက်နှာ ၇၄။) နဗိုနိုက်ဒတ်စ်ရဲ့ ဟာရန်ကျောက်စာ (H1B), I, line 30, မှာလည်း အဲဒီဘုရင်ကို နဗိုပိုလေဇာမတိုင်ခင်မှာ ဖော်ပြထားတယ်။ (Anatolian Studies, အတွဲ ၈၊ ၁၉၅၈၊ စာမျက်နှာ ၃၅၊ ၄၇။) မင်းမဲ့ကာလအတွက် Chronicle 2, line 14, of Assyrian and Babylonian Chronicles, စာမျက်နှာ ၈၇-၈၈ မှာဖတ်ကြည့်ပါ။

၁၀။ တော်လ်မီဟာ ဗာဗုလုန်ဘုရင်တွေကိုပဲ စာရင်းပြုစုထားပြီး “အာရှုရိဘုရင်” လို့ အခေါ်ခံရတဲ့ ဘုရင်တချို့ကိုတော့ ချန်လှပ်ထားတယ်ဆိုပြီး ကျမ်းပညာရှင်တချို့က အခိုင်အမာပြောတယ်။ ဒါပေမဲ့ စာမျက်နှာ ၃၀ က လေးထောင့်ကွက်မှာ သင် သတိပြုမိမှာဖြစ်တဲ့အတိုင်း တော်လ်မီကျမ်းဂန်စုမှာ ပါရှိတဲ့ ဘုရင်အတော်များများလည်း “အာရှုရိဘုရင်” ဘွဲ့ခံထားကြတယ်။ စီးပွားရေးရာတွေအကြောင်း ရေးထိုးထားတဲ့ ရွှံ့စေးပြားတွေ၊ ကျူနီဖောင်းစာတွေနဲ့ ကမ္ပည်းစာတွေမှာ ဗာဗုလုန်ကို အုပ်စိုးခဲ့ကြတဲ့ အက်ရှာ-အီတဲလ်-အီလာနီ ဘုရင်၊ စင်-ရှူမူ-အီရှီယာ ဘုရင်နဲ့ စင်-ရှာရာ-အစ်ရှ်ကွန် ဘုရင်တွေအကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။

 [စာမျက်နှာ ၂၉ ပါဇယားနှင့်ရုပ်ပုံ]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

လက်သစ်ဗာဗုလုန်ဘုရင်များ

အောက်မှာ ဖော်ပြထားတဲ့ သမိုင်းပညာရှင်တွေကို ယုံကြည်စိတ်ချလို့ရတယ်ဆိုရင် သူတို့ရဲ့အဆိုတွေကဘာကြောင့် ကွဲလွဲနေတာလဲ။

ဘုရင်များ

နဗိုပိုလေဇာ

ဘာရာဆက်စ် ၃၅၀ ခန့်-၂၇၀ ဘီစီအီး (၂၁)

ပိုလီဟစ္စတာ ၁၀၅-? ဘီစီအီး (၂၀)

ဂျိုစီဖတ်စ် ၃၇-?၁၀၀ စီအီး (—)

တော်လ်မီ ၁၀၀ ခန့်-၁၇၀ စီအီး (၂၁)

နေဗုခဒ်နေဇာ ၂

ဘာရာဆက်စ် ၃၅၀ ခန့်-၂၇၀ ဘီစီအီး (၄၃)

ပိုလီဟစ္စတာ ၁၀၅-? ဘီစီအီး (၄၃)

ဂျိုစီဖတ်စ် ၃၇-?၁၀၀ စီအီး (၄၃)

တော်လ်မီ ၁၀၀ ခန့်-၁၇၀ စီအီး (၄၃)

အေမယ်လ်-မာဒွတ်ခ်

 ဘာရာဆက်စ် ၃၅၀ ခန့်-၂၇၀ ဘီစီအီး (၂)

ပိုလီဟစ္စတာ ၁၀၅-? ဘီစီအီး (၁၂)

ဂျိုစီဖတ်စ် ၃၇-?၁၀၀ စီအီး (၁၈)

တော်လ်မီ ၁၀၀ ခန့်-၁၇၀ စီအီး (၂)

နီရီဂလစ်စာ

ဘာရာဆက်စ် ၃၅၀ ခန့်-၂၇၀ ဘီစီအီး (၄)

ပိုလီဟစ္စတာ ၁၀၅-? ဘီစီအီး (၄)

ဂျိုစီဖတ်စ် ၃၇-?၁၀၀ စီအီး (၄၀)

တော်လ်မီ ၁၀၀ ခန့်-၁၇၀ စီအီး (၄)

လာဘာရှီ-မာဒွတ်ခ်

ဘာရာဆက်စ် ၃၅၀ ခန့်-၂၇၀ ဘီစီအီး (၉ လ)

ပိုလီဟစ္စတာ ၁၀၅-? ဘီစီအီး (—)

ဂျိုစီဖတ်စ် ၃၇-?၁၀၀ စီအီး (၉ လ)

တော်လ်မီ ၁၀၀ ခန့်-၁၇၀ စီအီး (—)

နဗိုနိုက်ဒတ်စ်

ဘာရာဆက်စ် ၃၅၀ ခန့်-၂၇၀ ဘီစီအီး (၁၇)

ပိုလီဟစ္စတာ ၁၀၅-? ဘီစီအီး (၁၇)

ဂျိုစီဖတ်စ် ၃၇-?၁၀၀ စီအီး (၁၇)

တော်လ်မီ ၁၀၀ ခန့်-၁၇၀ စီအီး (၁၇)

ရှေးခေတ် သမိုင်းပညာရှင်တွေရဲ့အဆိုအရ ဘုရင်တွေရဲ့ နန်းသက်ကာလ (နှစ်များ)

[Credit Line]

Photograph taken by courtesy of the British Museum

[စာမျက်နှာ ၃၀ ပါဇယားနှင့်ရုပ်ပုံ]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

တော်လ်မီကျမ်းဂန်စုကို ရှေးခေတ်ရွှံ့စေးပြားတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဘာတွေ တွေ့ရှိခဲ့သလဲ

တော်လ်မီဟာ သူပြုစုခဲ့တဲ့ စာရင်းထဲမှာ ဘုရင်တချို့ကို ချန်လှပ်ထားတယ်။ ဘာကြောင့်လဲ။

တော်လ်မီကျမ်းဂန်စု

နဗိုနေဇာ

နဘူ-နာဒင်-ဇီရီ (နာဒီနူ)

မူကင်-ဇာရီ နဲ့ ပူလ်

အူလူလာယူ (ရှာလ်မနေဇာ ၅) “အာရှုရိဘုရင်”

မေရောဒပ်-ဗာလဒန်

“အာရှုရိဘုရင်” သာဂုန် ၂

ပထမအကြိမ် မင်းမဲ့ကာလ

ဘေလ်-အီဘနီ

အက်ရှာ-နာဒင်-ရှူမိ

နာဂဲလ်-အူရှီဇိဘ်

မူရှီဇိဘ်-မာဒွတ်ခ်

ဒုတိယအကြိမ် မင်းမဲ့ကာလ

“အာရှုရိဘုရင်” အီစာဟက်ဒန်

ရှာမက်ရှ်-ရှူမာ-အူကင်

ကန်ဒါလာနူ

နဗိုပိုလေဇာ

နေဗုခဒ်နေဇာ

အေမဲလ်-မာဒွတ်ခ်

နီရီဂလစ္စဆာ

နဗိုနိုက်ဒတ်စ်

ကုရု

ကဲမ်ဘိုင်းဆစ္စ

ရှေးခေတ် ရွှံ့စေးပြားတွေမှာ တွေ့ရတဲ့ ဧရက်ဘုရင်စာရင်း

ကန်ဒါလာနူ

စင်-ရှုမူ-လီရှီယာ

စင်-ရှာရာ-အစ်ရှ်ကွန်

နဗိုပိုလေဇာ

နေဗုခဒ်နေဇာ

အေမဲလ်-မာဒွတ်ခ်

နီရီဂလစ္စဆာ

လာဘာရှီ-မာဒွတ်ခ်

နဗိုနိုက်ဒတ်စ်

[ရုပ်ပုံ]

ဗာဗုလုန်ရာဇဝင်တွေဟာ ကျူနီဖောင်း မှတ်တမ်းအဝင်ဖြစ်ပြီး တော်လ်မီကျမ်းဂန်စုရဲ့ တိကျမှန်ကန်မှုကို သတ်မှတ်ဖို့ အထောက်အကူပေး

[Credit Line]

Photograph taken by courtesy of the British Museum

[Picture Credit Line on page 31]

Photograph taken by courtesy of the British Museum