မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သဘာဝကပ်ဘေးတွေ ဘာကြောင့် ဒီလောက်များရတာလဲ

သဘာဝကပ်ဘေးတွေ ဘာကြောင့် ဒီလောက်များရတာလဲ

သဘာဝကပ်ဘေးတွေ ဘာကြောင့် ဒီလောက်များရတာလဲ

သတင်းတွေထဲမှာ ကပ်ဘေးတွေအကြောင်းချည်းပဲ တင်ဆက်နေပုံရတယ်။ ကပ်ဘေး တစ်ခုမဟုတ်တစ်ခု ကြုံနေရတဲ့ လူတွေက အရင်ကထက် ပိုများလာတယ်။ ၂၀၁၀ တစ်နှစ်တည်းမှာပဲ ကပ်ဘေး ၃၇၃ ခု ဖြစ်ပွားပြီး အနည်းဆုံး လူ ၂၉၆,၀၀၀ သေဆုံးသွားခဲ့တယ်လို့ ဘယ်လ်ဂျီယံနိုင်ငံက ကပ်ဘေးဆိုင်ရာ ကူးစက်ရောဂါ ပျံ့ ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ သုတေသနဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတယ်။

ထုတ်ပြန်ခဲ့တဲ့ ကပ်ဘေး အရေအတွက်ကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ဖြစ်ပွားခဲ့တဲ့ အရေအတွက်ကို သိသိသာသာ ကျော်တက်သွားတယ်။ ဥပမာ၊ ၁၉၇၅ ခုနှစ်နဲ့ ၁၉၉၉ ခုနှစ်အကြားမှာ တစ်နှစ်ကို ကပ်ဘေး ၃၀၀ နီးပါး ဖြစ်ပွားခဲ့တယ်။ ဒါပေမဲ့ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၁၀ ခုနှစ်အကြားမှာ တစ်နှစ်ကို ပျမ်းမျှ ၄၀၀ နီးပါး ဖြစ်ပွားခဲ့တယ်။ ‘ကပ်ဘေးတွေက ဘာကြောင့် အရင်ကထက် ပိုများလာရတာလဲ’ လို့ မေးတဲ့သူတွေထဲမှာ သင်လည်း ပါကောင်းပါနိုင်တယ်။

တစ်ခါတလေ လူတွေက ကပ်ဘေးတွေကို “ဘုရားသခင်ရဲ့လုပ်ရပ်” လို့သတ်မှတ်ကြတယ်။ တကယ်တော့ အဲဒါတွေက ဘုရားသခင်ကြောင့် မဟုတ်ပါဘူး။ လူများစွာကို အတိဒုက္ခရောက်စေတဲ့ ကပ်ဘေးတွေရဲ့ နောက်ကွယ်မှာ ဘုရားသခင်မရှိဘူး။ ဒါပေမဲ့ ကနေ့ခေတ်မှာ ကပ်ဘေးတွေ ဖြစ်လိမ့်မယ်လို့ သမ္မာကျမ်းစာမှာ ကြိုတင်ပြောထားပါတယ်။ ဥပမာ၊ ယေရှုရဲ့စကားတွေကို ကျမ်းစာမှာ ဒီလိုဖတ်ရတယ်– “အစာခေါင်းပါးခြင်း၊ ငလျင်လှုပ်ခြင်းတို့သည် တစ်နေရာပြီး တစ်နေရာ၌ ဖြစ်လိမ့်မည်။ ထိုအမှုအရာအလုံးစုံတို့သည် ဆင်းရဲဒုက္ခ၏အစ ဖြစ်၏။” (မဿဲ ၂၄:၇၊ ၈) အဲဒီလိုတွေ ဖြစ်လိမ့်မယ်လို့ ယေရှု ဘာကြောင့် ကြိုပြောခဲ့တာလဲ။ အဲဒီအဖြစ်အပျက်တွေက ကျွန်ုပ်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

ဘုရားသခင့်သားတော် ယေရှု ဒီလိုအမေးခံခဲ့ရတယ်– “ဤလောကစနစ်နိဂုံးပိုင်း၏ [လက္ခဏာ] သည် အဘယ် [လက္ခဏာ] ဖြစ်မည်ကို အမိန့်ရှိတော်မူပါ။” (မဿဲ ၂၄:၃) အဲဒီမေးခွန်းကို ယေရှု အဖြေပေးတဲ့အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ကပ်ဘေးတွေအပါအဝင် ဖြစ်ပျက်ဦးမယ့် အခြင်းအရာအမျိုးမျိုးကို ပြောပြီးတဲ့နောက် အရေးပါတဲ့ ဒီစကားကိုလည်း ပြောသွားပါသေးတယ်– “ထိုအခြင်းအရာများ ဖြစ်ပျက်သည်ကို သင်တို့မြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော် နီးပြီဖြစ်ကြောင်း သိမှတ်ကြလော့။” (လုကာ ၂၁:၃၁) ဒါကြောင့် ကျွန်ုပ်တို့အတွက် သဘာဝကပ်ဘေးတွေက အထူးအဓိပ္ပာယ်ဆောင်ပါတယ်။ အဲဒါတွေက မကြာခင်မှာ အလွန်အရေးပါတဲ့ အပြောင်းအလဲကြီးတွေ ဖြစ်လာတော့မယ်ဆိုတာကို ညွှန်ပြပါတယ်။

ကပ်ဘေးတွေ ဖြစ်စေတဲ့ အင်အားစုများ

ကပ်ဘေးတွေက ဘုရားသခင်ကြောင့် မဟုတ်ဘူးဆိုရင် ဘယ်သူ့ကြောင့်လဲ ဒါမှမဟုတ် ဘယ်အရာကြောင့်လဲဆိုပြီး လူအများ မေးနေကြတုန်းပါ။ ကျမ်းစာမှာ ဖော်ပြထားတဲ့ ဒီအရေးကြီးအမှန်တရားကို ကျွန်ုပ်တို့ လက်ခံမှသာ အဖြေကို နားလည်နိုင်မှာ ဖြစ်တယ်– “တစ်လောကလုံးသည် ဆိုးညစ်သူ၏ ဩဇာအောက်တွင် ရှိနေကြောင်း ငါတို့ သိကြ၏။” (၁ ယောဟန် ၅:၁၉) ဒီကျမ်းချက်အရ ကမ္ဘာပေါ်က စိတ်ဆင်းရဲစရာ အခြေအနေတွေဟာ ဘုရားသခင်ကြောင့်မဟုတ်ပေမဲ့ ကိစ္စအတော်များများက “ဆိုးညစ်သူ” စာတန်ကြောင့် ဖြစ်တယ်ဆိုတာ သိရှိရပါတယ်။—ဗျာ. ၁၂:၉၊ ၁၂

ကိုယ်ကျိုးရှာတဲ့စိတ်ကြောင့် ဘုရားသခင့်ရန်သူ စာတန်ဟာ လူတွေကို တစ်ခါသုံးပစ္စည်းလို သဘောထားတယ်။ ကမ္ဘာတစ်ခုလုံးက သူ့လက်ခုပ်ထဲမှာပဲ ရှိတဲ့အတွက် လူတွေမှာလည်း အဲဒီကိုယ်ကျိုးရှာတဲ့စိတ် ရှိလာအောင် အားပေးအားမြှောက်ပြုခဲ့တယ်။ တကယ်တော့ “နောက်ဆုံးသောနေ့ရက်” တွေဖြစ်တဲ့ ကနေ့ခေတ်မှာ လူတွေဟာ “ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ” တွေဖြစ်ကြမယ်လို့ ကျမ်းစာက ကြိုပြောခြင်းအားဖြင့် အဲဒီအချက်ကို ထောက်ပြတယ်။ (၂ တိမောသေ ၃:၁၊ ၂) ဒါကြောင့် စာတန် ဖန်တီးခဲ့တဲ့ ဒီလောကစနစ်မှာ အဲဒီလိုလူတွေအပြင် ဘုရားသခင်မကြိုက်တဲ့ အပြုအမူတွေကို ပြုကျင့်သူတွေ တိုးများလာတာက အံ့ဩစရာမဟုတ်ပါဘူး။ လူတွေကို ထိခိုက်နစ်နာစေလေ့ရှိတဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်တဲ့စိတ်ဓာတ် ဖြစ်ပေါ်လာအောင်လည်း သူ ဆွပေးပါတယ်။

ကနေ့လောကရဲ့ လိုဘကြီးတဲ့စနစ်က ဘယ်လိုနည်းနဲ့ ကပ်ဘေးတွေကို ဖြစ်ပေါ်စေတာလဲ။ ကမ္ဘာချီကပ်ဘေးတွေနဲ့ပတ်သက်ပြီး ယူအဲန်အစီရင်ခံစာတစ်စောင်မှာ ဒီလိုဖော်ပြထားတယ်– “ရေလွှမ်းမိုးတတ်တဲ့ ဒေသတွေလိုမျိုး အန္တရာယ်များတဲ့ ဒေသတွေမှာ လူတွေက ပြွတ်သိပ်ပြီး နေထိုင်ကြတယ်။ သစ်တောနဲ့စိမ့်မြေ ပြုန်းတီးမှုကြောင့် ပတ်ဝန်းကျင်ရဲ့ အန္တရာယ်တောင့်ခံနိုင်အား ထိခိုက်သွားတယ်။ အဲဒါတွေအပြင် လူ့လုပ်ရပ်ကြောင့် . . . ဖန်လုံအိမ်ဓာတ်ငွေ့ (ကာဗွန်ဒိုင်အောက်ဆိုဒ်) တိုးများလာမှုက ကမ္ဘာ့ရာသီဥတုကို ဖောက်ပြန်စေပြီး ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်လာစေတယ်။” “လူ့လုပ်ရပ်” အများစုက စီးပွားရေးတိုးတက်ဖို့အတွက် ဖြစ်တယ်လို့ ဆိုကြပေမဲ့ တကယ်တမ်းကျတော့ တစ်ကိုယ်ကောင်းဆန်ပြီး လိုဘကြီးတဲ့စိတ်နဲ့ လုပ်ဆောင်တာပဲဖြစ်တယ်။ အဲဒီစိတ်ဓာတ်တွေက လောကမှာ စိမ့်ဝင်ပျံ့နှံ့နေတယ်။

ဒါကြောင့် အခုအခါမှာ လူတွေ မဆင်မခြင်ပြုတဲ့ လုပ်ရပ်တွေက ကပ်ဘေးတွေရဲ့ ဆိုးကျိုးတွေကို တိုးများလာစေတယ်လို့ ပညာရှင်အတော်များများ အသိအမှတ်ပြုလာကြတယ်။ အမှန်တော့ လူတွေက စာတန် ထွင်လိုက်တဲ့စနစ်ကို ထောက်ခံပြီး လုပ်ဆောင်နေကြတာပါ။ အဲဒါကြောင့် ကပ်ဘေးတွေ ပိုပြီး တိုးများလာတာဖြစ်တယ်။

ကပ်ဘေးအတော်များများဟာ မဆင်မခြင်ပြုတဲ့ လူ့လုပ်ရပ်တွေကြောင့် ဖြစ်လာတယ်ဆိုတာ သိရှိရပြီ။ ကပ်ဘေးတချို့ ဆိုးဝါးပြင်းထန်ရတဲ့ နောက်အကြောင်းရင်းတစ်ခုက ကပ်ဘေးဖြစ်ပွားတဲ့ တည်နေရာကြောင့် ဖြစ်ပါတယ်။ ကမ္ဘာ့ဒေသအတော်များများမှာ ဆိုးသွမ်းတဲ့လူတွေရဲ့ လုပ်ရပ်ကြောင့် ဒါမှမဟုတ် ကနေ့လောကမှာ တွေ့နေရတဲ့ စီးပွားရေးနဲ့ လူမှုရေး မမျှတမှုတွေကြောင့် အန္တရာယ်များတဲ့ ဒေသတွေမှာ လူတွေကို အစုလိုက်အပြုံလိုက် အတင်းအကျပ် နေထိုင်ခိုင်းတဲ့အတွက် သဘာဝကပ်ဘေးတွေရဲ့ ဆိုးကျိုးက ပိုပြီး ပြင်းထန်လာရတာဖြစ်တယ်။ တစ်ဦးတစ်ယောက်ရဲ့အမှား ဒါမှမဟုတ် ပေါ့ဆမှုကြောင့်အပြင် “အချိန်နှင့် ကြိုတင်မမြင်နိုင်” တဲ့ဖြစ်ရပ်တွေကြောင့်လည်း လူတချို့ ဘေးဒဏ်ကြုံရတာဖြစ်ပါတယ်။—ဒေ. ၉:၁၁ကဘ။

ဘာအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ သင်ဟာ သဘာဝကပ်ဘေး ကြုံနေရတဲ့သူဆိုရင် အဲဒါကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ ကပ်ဘေးတွေ ဖြစ်ပွားတဲ့အခါ ဆိုးကျိုးတွေ နည်းနိုင်သမျှနည်းအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာကို အခု သုံးသပ်ကြည့်ကြပါမယ်။

[စာမျက်နှာ ၅ ပါရုပ်ပုံ]

လူတွေ ပြည့်ကျပ်နေမှု

[စာမျက်နှာ ၅ ပါရုပ်ပုံ]

သစ်တောပြုန်းတီးမှု

[စာမျက်နှာ ၅ ပါရုပ်ပုံ]

ပတ်ဝန်းကျင်ညစ်ညမ်းမှု

[Picture Credit Lines on page 5]

ဘယ်ဘက်– © Mark Henley/Panos Pictures

အလယ်– © Jeroen Oerlemans/Panos Pictures