မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘီနင်နိုင်ငံမှ စာတစ်စောင်

ငါ လုပ်ကော လုပ်နိုင်ပါ့မလား

ငါ လုပ်ကော လုပ်နိုင်ပါ့မလား

အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံက တွေ့နေကျ နံနက်ခင်းတစ်ခုမှာပါ။ မွှေးကြိုင်တဲ့ အချဉ်ရည်ဟင်း အနံ့တွေ၊ ထမင်းအနံ့တွေက လေထဲမှာ ပျံ့လွင့်လို့နေတယ်။ အမျိုးသမီးတွေဟာ အထုပ်လေးလေးကြီးတွေကို ခေါင်းပေါ်ရွက်ပြီး သွားနေကြတယ်။ ဟက်ဟက်ပက်ပက် ရယ်မောသံတွေ၊ ဈေးဆစ်သံတွေက ရောထွေးပြီး ပွက်လောရိုက်နေတာပဲ။ မိုးလင်းခါစပဲ ရှိသေးတယ်၊ နေက ချစ်ချစ်တောက် ပူနေပြီ။

သူတို့ရဲ့ဘာသာစကားနဲ့ ယိုဗိုလို့ခေါ်တဲ့ လူဖြူတစ်ယောက်ကို တွေ့လိုက်တာနဲ့ ကလေးတစ်သိုက်က သူတို့ဆိုနေကျ သီချင်းကိုဆိုပြီး ကနေကြတယ်။ သူတို့ဆိုတဲ့သီချင်းကို “ယိုဗို၊ ယိုဗို၊ ဘုန်ဆွာရ်” နဲ့အစပြုပြီး “ငါတို့ရဲ့ဖျော်ဖြေမှုအတွက် လက်ဆောင်ပေးမှာလား” ဆိုတာနဲ့ အဆုံးသတ်ထားတယ်။ ကောင်လေးတစ်ယောက်ကတော့ သီချင်းမဆိုဘူး။ ကျွန်မ ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားလိုက်တဲ့အခါ အဲဒီကောင်လေးက ကျွန်မနောက်ကနေ လိုက်လာပြီး လက်ဟန်အမူအရာတွေ လုပ်ပြတယ်။ သူလုပ်ပြနေတာတွေက လက်ဟန်ပြဘာသာစကားနဲ့ တူလိုက်တာ။ ကျွန်မ အမေရိကန်မှာ အမေရိကန်လက်ဟန်ပြ ဘာသာစကား သင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဘီနင်က ပြင်သစ်စကားပြောနိုင်ငံ ဖြစ်နေတယ်။

ကျွန်မရဲ့နာမည် ရှစ်လုံးကို သူနားလည်အောင် တော်တော်ကြိုးစားပြီး အမူအရာ လုပ်ပြခဲ့ရတယ်။ ဒီအခါမှာ ကောင်လေးက သဘောကျပြီး ပြုံးလာတယ်။ အဲဒီနောက် ကျွန်မလက်ကို ဆွဲ၊ လမ်းကျဉ်းလေးတွေထဲကို ဖြတ်လျှောက်ပြီး သူ့အိမ်ကို ခေါ်သွားတယ်။ သူ့အိမ်က ကွန်ကရစ်တုံးတွေနဲ့ ဆောက်ထားပြီး အခန်းနှစ်ခန်းပဲ ရှိတယ်။ သူ့မိသားစုက ကျွန်မအနားကို ဝိုင်းအုံလာတယ်။ သူတို့အားလုံး လက်ဟန်ပြဘာသာစကားနဲ့ ပြောနေကြတယ်။ ကျွန်မနာမည်ကို လက်ဟန်ပြစကားနဲ့ ပြောပြလိုက်ပြီး ကျွန်မက သမ္မာကျမ်းစာသင်ပေးတဲ့ ခရစ်ယာန်သာသနာပြုတစ်ယောက် ဖြစ်တယ်၊ နောက်တစ်ခေါက် ပြန်လာခဲ့မယ်ဆိုတဲ့အကြောင်း စာရေးပြီး ပြောပြလိုက်တယ်။ ဆွံ့အနားမကြားသူ မဟုတ်တဲ့ အိမ်နီးချင်းတချို့လည်း ရောက်လာကြတယ်။ အားလုံးက သဘောတူကြောင်း ခေါင်းညိတ်ပြတယ်။ ဒီအခါမှာ ‘ငါ လုပ်ကော လုပ်နိုင်ပါ့မလား’ ဆိုပြီး အတွေးဝင်လာတယ်။

အိမ်ပြန်ရောက်တော့ ‘“နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်” ဆိုတဲ့ ဘုရားသခင့်ကတိကို အဲဒီလူတွေ သင်ယူဖို့ ကူညီပေးနိုင်မယ့်သူ တစ်ယောက်ယောက်တော့ ရှိရမှာပဲ’ ဆိုပြီး ကျွန်မ စဉ်းစားလိုက်တယ်။ (ဟေရှာယ ၃၅:၅) ပြီးတော့ ရှာဖွေမှုတချို့ ပြုလုပ်လိုက်တယ်။ မကြာသေးခင်က စာရင်းပြုစုထားတဲ့ သန်းခေါင်စာရင်းအရ ဘီနင်မှာ ဆွံ့အနားမကြားတဲ့သူတွေနဲ့ အကြားအာရုံ ချို့ယွင်းတဲ့သူတွေ စုစုပေါင်း ၁၂,၀၀၀ ရှိတယ်။ ဆွံ့အနားမကြားကျောင်းမှာ အသုံးပြုတဲ့ ဘာသာစကားက ပြင်သစ်မဟုတ်ဘဲ အမေရိကန်လက်ဟန်ပြဘာသာစကား ဖြစ်နေတယ်ဆိုတာ သိလိုက်ရတော့ ကျွန်မ အံ့ဩသွားတယ်။ ဒီမှာရှိတဲ့ ယေဟောဝါသက်သေ တစ်ယောက်မှ အမေရိကန်လက်ဟန်ပြဘာသာစကားကို မသိကြဘူးဆိုတာ သိလိုက်ရလို့လည်း စိတ်မကောင်း ဖြစ်သွားတယ်။ ဒါနဲ့ ဒေသခံသက်သေခံတစ်ယောက်ကို ကျွန်မ ဒီလိုပြောလိုက်တယ်– “အမေရိကန်လက်ဟန်ပြဘာသာစကားကို တတ်တဲ့သူတစ်ယောက်ယောက် ဒီကို ပြောင်းလာရင် ကောင်းမှာပဲ။” အဲဒီအခါ သူက “ဒီမှာ ညီအစ်မရှိနေတာပဲ၊ ညီအစ်မလည်း အဲဒီဘာသာစကားကို တတ်တယ်မဟုတ်လား” ဆိုပြီး ပြန်ပြောတယ်။ သူပြောတာ မှန်နေတာပဲ။ ဒါနဲ့ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ အမေရိကန်လက်ဟန်ပြ ဘာသာစကား ဒီဗီဒီခွေတွေနဲ့ လမ်းညွှန်စာအုပ်ကို မှာယူလိုက်တယ်။ ကျွန်မရဲ့ ဆုတောင်းချက် ဖြေကြားခံခဲ့ရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဘီနင်ကို ပြောင်းလာတဲ့ ကင်မရွန်းနိုင်ငံသူ ညီအစ်မက အမေရိကန်လက်ဟန်ပြ ဘာသာစကားကို ကောင်းကောင်းတတ်တယ်လေ။

ကျွန်မ လက်ဟန်ပြဘာသာစကား သင်ယူနေတယ်ဆိုတာကို လူအတော်များများ သိသွားတယ်။ ဒါနဲ့ ဆိုင်းဘုတ်တွေရေးတဲ့ ပန်းချီဆရာ ဘရိစ်ဆီကို သွားလည်သင့်တယ်လို့ ကျွန်မကို ပြောကြတယ်။ သူ့ရဲ့အလုပ်ခန်းကို အုန်းလက်တွေနဲ့ ဆောက်ထားတယ်။ ဒါကြောင့် ပူနွေးစွတ်စိုတဲ့ရာသီမှာ လတ်ဆတ်တဲ့ လေပြည်လေအေးတွေ အခန်းထဲကို တိုးဝင်နေတယ်။ နှစ်တွေတစ်လျှောက် သူ့ရဲ့စုတ်တံတွေကို သန့်ရှင်းရေးလုပ်ဖို့ဆိုပြီး အခန်းနံရံတွေမှာပဲ သုတ်သုတ်ပစ်တာကြောင့် နံရံတွေက သက်တံရောင်တောင် ထွက်နေပြီ။ ခွေးခြေခုံတချို့ကို ဖုန်သုတ်ပြီးတော့ ကျွန်မ ဘာများ ပြောလာမလဲဆိုပြီး ကျွန်မကို စိုက်ကြည့်နေတယ်။ ဒါနဲ့ ကျွန်မရဲ့ ခရီးဆောင် ဒီဗီဒီစက်ကို ထုတ်ပြီး သူ့ကို ဖွင့်ပြလိုက်တယ်။ သူက ခုံကိုဆွဲပြီး ဒီဗီဒီစက်အနားကို တိုးထိုင်လိုက်တယ်။ ပြီးတော့ လက်ဟန်ပြစကားနဲ့ “ကျွန်တော် နားလည်တယ်၊ ကျွန်တော် နားလည်တယ်” လို့ ပြောတယ်။ အိမ်နီးချင်း ကလေးတွေလည်း ရောက်လာပြီး ဝိုင်းအုံကြည့်ကြတယ်။ ကလေးတစ်ယောက်က “အသံမပါတဲ့ ရုပ်ရှင်ကို သူတို့ ဘာဖြစ်လို့ ကြည့်နေကြတာလဲ” ဆိုပြီး ထအော်လိုက်တယ်။

ဘရိစ်ဆီကို ပြန်သွားလည်တဲ့အခါတိုင်း ဒီဗီဒီကြည့်ချင်တဲ့သူတွေက များသည်ထက် များလာတယ်။ မကြာခင်မှာပဲ ဘရိစ်နဲ့ တခြားသူတွေဟာ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုစည်းဝေးတွေကို စတက်လာကြတယ်။ သူတို့နားလည်အောင် ကျွန်မ ကြိုးစားဘာသာပြန်ပေးရင်းနဲ့ လက်ဟန်ပြဘာသာစကားကို ပိုတတ်လာတယ်။ လက်ဟန်ပြဘာသာစကားအုပ်စု ပိုကြီးလာတဲ့အခါ တချို့က ကျွန်မကိုတောင် လာရှာကြတယ်။ ဥပမာ၊ တစ်ရက်မှာ ကျွန်မ ကားမောင်းနေတုန်း လမ်းပေါ်က ဆိတ်တွေ၊ ဝက်တွေကို ရှောင်လိုက်တဲ့အခါ ကျွန်မရဲ့ ကားဟောင်းကြီးက ချိုင့်ခွက်တွေပေါ် ရောက်သွားတယ်။ အဲဒီအခါမှာ ကားက တစ်စစီပြုတ်ထွက်မတက် အသံမျိုးစုံ မြည်နေတော့တာပဲ။ ရုတ်တရက်ဆိုသလို ကားနောက်ကနေ ဝုန်းကနဲ အသံတစ်ခု ကြားလိုက်ရတယ်။ အမလေး၊ သွားပါပြီ၊ စက်များပျက်ပြီလားပေါ့၊ ကားဘီးများ ပေါက်သွားပြီလားပေါ့။ ဘယ်ကဟုတ်ရမှာလဲ။ ဆွံ့အနားမကြားသူတစ်ယောက်က ကျွန်မကားနောက်ကနေ ပြေးလိုက်လာပြီး သူ့ကို သတိထားမိအောင် ကားကို ထုလိုက်တာကိုး။

တခြားမြို့တွေမှာလည်း အမေရိကန်လက်ဟန်ပြ ဘာသာစကား အုပ်စုတွေ ရှိလာပါတယ်။ ကျွန်မတို့ရဲ့ နှစ်စဉ် ခရိုင်စည်းဝေးကြီးမှာ လက်ဟန်ပြဘာသာစကား အစီအစဉ်တွေ ပါလာတဲ့အတွက် ဘာသာပြန်ပေးရတဲ့သူတွေထဲမှာ ကျွန်မလည်း ပါဝင်ခွင့် ရခဲ့တယ်။ ကျွန်မ စင်မြင့်ပေါ် တက်သွားပြီး ဟောပြောသူကို စောင့်နေရတဲ့ အချိန်အခိုက်အတန့်လေးမှာ တာဝန်စထမ်းဆောင်ခဲ့ချိန်ကို သွားသတိရမိတယ်။ အဲဒီတုန်းက “အာဖရိကမှာ ခရစ်ယာန်သာသနာပြုတစ်ယောက်အနေနဲ့ ငါဘာများ ထပ်လုပ်နိုင်ဦးမှာလဲ” ဆိုပြီး စဉ်းစားနေကျလေ။ အခုတော့၊ ပရိသတ်ကို ကြည့်လိုက်ရင်းနဲ့ အဖြေတွေ့သွားပါပြီ။ အဲဒါကတော့ ဆွံ့အနားမကြားတဲ့သူတွေကို ကူညီပေးတဲ့ ခရစ်ယာန်သာသနာပြုတစ်ယောက်ဖြစ်ဖို့ပါ။ ‘ငါ လုပ်ကော လုပ်နိုင်ပါ့မလား’ လို့လည်း ကိုယ့်ကိုယ်ကိုယ် ထပ်မမေးတော့ပါဘူး။