မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ | ဧလိယ

မတရားမှုကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သူ

မတရားမှုကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သူ

ဧလိယဟာ ဂျော်ဒန်ချိုင့်ဝှမ်းကနေ တစ်ကိုယ်တည်း ခြေကျင်လျှောက်နေပါတယ်။ ဝေးခေါင်တဲ့ ဟောရပ်တောင်ကနေ မြောက်ဘက်ကို ဦးတည်ပြီး သူခရီးနှင်နေတာ ရက်တော်တော်ကြာနေပါပြီ။ ဇာတိမြေဖြစ်တဲ့ အစ္စရေးပြည်ကို ရောက်သွားတဲ့အခါ ပြောင်းလဲမှုတွေကို သူတွေ့နေရတယ်။ နှစ်ရှည်လများ မိုးခေါင်မှုဒဏ်ကြောင့် ခြောက်သွေ့နေတဲ့မြေဟာ တဖြည်းဖြည်း စိုစွတ်လာနေပြီ။ ဆောင်းဦးမိုးဖွဲလေးတွေ ကျလာတဲ့အတွက် လယ်သမားတွေလည်း ထယ်ထိုးနေကြပါပြီ။ တိုင်းပြည်ကြီးက စိမ်းလန်းစိုပြည်လာတာကို ဧလိယမြင်တဲ့အခါ စိတ်အေးသွားမှာပဲ။ ဒါပေမဲ့ သူ့လူမျိုးအတွက်တော့ စိုးရိမ်ပူပန်နေဆဲပဲ။ သူတို့ဟာ ယေဟောဝါဘုရားကို ကျောခိုင်းပြီး ဗာလဘုရားကို ဝတ်ပြုကိုးကွယ်နေကြတုန်းပဲ။ ဒါကြောင့် ဧလိယမှာ လုပ်စရာတွေအများကြီး ရှိနေပါတယ်။ *

အာဗေလမဟောလမြို့အနားရောက်တော့ လူတွေ အကြီးအကျယ် ထွန်ယက်နေကြတာကို ဧလိယ မြင်လိုက်တယ်။ လူတစ်ဆယ့်နှစ်ယောက်က နွားတစ်ဆယ့်နှစ်ရှဉ်းနဲ့ ရှေ့ဆင့်နောက်ဆင့် ထွန်ယက်နေတဲ့အတွက် စိုစွတ်တဲ့မြေပေါ်မှာ ထွန်ကြောင်းတွေက ညီညာနေပါတယ်။ ဧလိယရှာနေတဲ့သူကို တွေ့ပါပြီ။ သူကတော့ နောက်ဆုံးနွားရှဉ်းနဲ့ ထွန်ယက်နေပါတယ်။ သူဟာ ဧလိယရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် ယေဟောဝါဘုရား ရွေးကောက်ထားတဲ့ ဧလိရှဲပဲ ဖြစ်ပါတယ်။ ယေဟောဝါဘုရားအပေါ် သစ္စာရှိသူဆိုလို့ သူတစ်ယောက်တည်းပဲ ကျန်တော့တယ်ဆိုပြီး ဧလိယ ခံစားခဲ့ရတဲ့အတွက် ဧလိရှဲကို သူအရမ်းတွေ့ချင်နေမှာပဲ။—၃ ဓမ္မရာဇဝင် ၁၈:၂၂; ၁၉:၁၄–၁၉

တာဝန်တချို့ကို လွှဲပြောင်းပေးရမှာ၊ အခွင့်အရေးတွေကို ဝေမျှပေးရမှာ၊ တစ်နေ့ ကိုယ့်နေရာကနေ ဖယ်ပေးလိုက်ရမှာကို ဧလိယ အင်တင်တင် ဖြစ်နေသလား။ စိုးရိမ်စိတ်တွေများ ဝင်နေမလား။ ကျွန်ုပ်တို့ သေချာမပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ “ငါတို့ကဲ့သို့ပင် ခံစားချက်ရှိသောသူဖြစ်” လို့ပါပဲ။ (ယာကုပ် ၅:၁၇) ဘာပဲဖြစ်ဖြစ် ဧလိယဟာ ဧလိရှဲဆီသွားပြီး “မိမိဝတ်လုံကို သူ့အပေါ်မှာ တင်” တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၃ ဓမ္မရာဇဝင် ၁၉:၁၉) သိုးသားရေ ဒါမှမဟုတ် ဆိတ်သားရေနဲ့ လုပ်ထားပုံရတဲ့ ဧလိယရဲ့ ဝတ်ရုံက အပေါ်ခြုံထည်ဖြစ်ပြီး ယေဟောဝါဘုရားဆီကနေ အထူးတာဝန်ရထားတယ်ဆိုတဲ့ အမှတ်အသားဖြစ်တယ်။ ဧလိရှဲအပေါ် ဝတ်ရုံကို တင်ပေးလိုက်တာက အဓိပ္ပာယ်အများကြီးရှိပါတယ်။ ဧလိယဟာ သူ့နေရာကို ဆက်ခံသူအဖြစ် ဧလိရှဲကိုခန့်အပ်ပါဆိုတဲ့ ယေဟောဝါဘုရားရဲ့ မိန့်မှာချက်ကို တလိုတလား လက်ခံတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူဟာ ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး နာခံခဲ့တယ်။

ဧလိယဟာ နှိမ့်ချမှုရှိရှိနဲ့ သူ့နေရာကို ဆက်ခံမယ့်သူအဖြစ် ဧလိရှဲကို ခန့်အပ်

လူငယ်ဧလိရှဲကလည်း သက်ကြီးရွယ်အို ဧလိယကို ကူညီပေးချင်စိတ် အပြည့်အဝရှိပါတယ်။ ဧလိရှဲဟာ ဧလိယနေရာကို ချက်ချင်းမရခဲ့ပါဘူး။ ခြောက်နှစ်လောက်အထိ သက်ကြီးရွယ်အို ဧလိယနောက် တကောက်ကောက်လိုက်ပြီး နှိမ့်နှိမ့်ချချနဲ့ ကူညီပေးခဲ့တယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ ဧလိရှဲကို “ဧလိယလက်ထောက်” လို့ လူသိများလာတယ်။ (၄ ဓမ္မရာဇဝင် ၃:၁၁) အစွမ်းအစရှိပြီး ကူညီပေးတတ်တဲ့ ဒီလိုလက်ထောက်တစ်ယောက်ကို ရထားလို့ ဧလိယ ဘယ်လောက်တောင် စိတ်သက်သာရာရလိုက်မလဲ။ ဒီလူနှစ်ယောက်ဟာ မိတ်ဆွေရင်းတွေ ဖြစ်သွားကြပုံရတယ်။ အပြန်အလှန်အားပေးမှုကြောင့် သူတို့ဟာ တိုင်းပြည်မှာပျံ့နှံ့နေတဲ့ မတရားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ကြမှာဖြစ်တယ်။ မတရားမှုတွေထဲမှာ ဘုရင်အာဟပ်ရဲ့ မတရားမှုတွေက ပိုပိုဆိုးလာနေတယ်။

သင်ကော မတရားမှုတွေကို ကြုံဖူးပါသလား။ ကျွန်ုပ်တို့ အများစုကတော့ အကျင့်ပျက်တဲ့ ဒီလောကမှာ မတရားမှုတွေကို ကြုံဖူးကြပါတယ်။ ဘုရားကို စွဲစွဲမြဲမြဲချစ်မြတ်နိုးတဲ့ မိတ်ဆွေတစ်ယောက် ရှိထားမယ်ဆိုရင် ဒီမတရားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ အထောက်အကူရမှာဖြစ်တယ်။ မတရားမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဧလိယရဲ့ ယုံကြည်ခြင်းကနေ သင်ယူစရာတွေအများကြီး ရှိပါတယ်။

“အာဟပ်ကို တွေ့အံ့သောငှာ ထသွားလော့”

ဧလိယနဲ့ ဧလိရှဲဟာ အစ္စရေးလူတွေ ဘုရားသခင်ဆီ ပြန်လှည့်လာအောင် ကြိုးစားကြတယ်။ သူတို့လို ဘုရားသခင့် အမှုဆောင်တဲ့ တခြားသူတွေကို ဦးဆောင်ပြီး လေ့ကျင့်ပေးခဲ့ကြတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီသူတွေကို အုပ်စုတွေအနေနဲ့ ဖွဲ့စည်းထားပုံရပါတယ်။ တစ်နေ့မှာ ယေဟောဝါဘုရားက ဧလိယကို “အာဟပ်ကိုတွေ့အံ့သောငှာ ထသွားလော့” ဆိုတဲ့ တာဝန်သစ်ကို ပေးလိုက်တယ်။ (၃ ဓမ္မရာဇဝင် ၂၁:၁၈သမ္မာ) အာဟပ် ဘာလုပ်လိုက်လို့လဲ။

အာဟပ်က ဘုရားရဲ့ပညတ်ကို ချိုးဖောက်တဲ့သူ၊ အဲဒီအချိန်အထိအုပ်စိုးခဲ့သမျှ အစ္စရေးဘုရင်တွေထဲမှာ အဆိုးဆုံးဘုရင် ဖြစ်တယ်။ သူလက်ထပ်ထားတဲ့ ယေဇဗေလဟာ တိုင်းပြည်တစ်ခုလုံးမှာ ဗာလဝတ်ပြုရေး ပျံ့နှံ့သွားအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ဘုရင်ကိုယ်တိုင်လည်း ဗာလဘုရားကို ကိုးကွယ်လာတယ်။ (၃ ဓမ္မရာဇဝင် ၁၆:၃၁–၃၃) ဒီဗာလဝတ်ပြုရေးထဲမှာ မျိုးပွားဓလေ့တွေ၊ ပြည့်တန်ဆာလုပ်တဲ့ဓလေ့တွေ ပါဝင်တဲ့အပြင် ကလေးတွေကိုတောင် ပူဇော်ကြတယ်။ မကြာသေးခင်ကလည်း ဆိုးညစ်တဲ့ ဆီးရီးယားဘုရင် ဗင်ဟာဒဒ်ကို ကွပ်မျက်ပါဆိုတဲ့ ဘုရားရဲ့မိန့်မှာချက်ကို အာဟပ် မလိုက်နာခဲ့ဘူး။ ငွေကြေးအကျိုးအမြတ်ကိုကြည့်ပြီး ဘုရားမိန့်မှာချက်ကို အာဟပ်နားမထောင်ခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။ (၃ ဓမ္မရာဇဝင် အခန်းကြီး ၂၀) အာဟပ်နဲ့ ယေဇဗေလတို့ရဲ့ လောဘကြီးမှု၊ ဥစ္စာပစ္စည်းတပ်မက်မှုနဲ့ အကြမ်းဖက်မှုဟာ အခုဆိုရင် ပိုလို့တောင် ဆိုးရွားလာတယ်။

ရှမာရိမြို့မှာ ကြီးကျယ်ခမ်းနားတဲ့ အာဟပ်ရဲ့နန်းတော်ကြီးရှိပါတယ်။ အဲဒီကနေ ၂၃ မိုင်လောက်ဝေးတဲ့ ယေဇရေလမြို့မှာလည်း နန်းတော်တစ်ခု ရှိပါသေးတယ်။ အဲဒီနန်းတော်ရဲ့ဘေးမှာ နာဗုတ်ရဲ့ စပျစ်ခြံရှိတယ်။ အဲဒီခြံကို အာဟပ်အရမ်းလိုချင်နေတယ်။ ဒါနဲ့ အာဟပ်က နာဗုတ်ကို ခေါ်လိုက်ပြီး အဲဒီစပျစ်ခြံကို ရောင်းဖို့ ဒါမှမဟုတ် တစ်ခုခုနဲ့လဲဖို့ ပြောတယ်။ ဒါပေမဲ့ နာဗုတ်က “ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေ” လို့ ပြန်လျှောက်လိုက်တယ်။ (၃ ဓမ္မရာဇဝင် ၂၁:၃) နာဗုတ် ခေါင်းမာနေတာလား။ ဘုရင်ကို အာခံနေတာလား။ လူအတော်များများကတော့ အဲဒီလို ယူဆကြမယ်။ တကယ်တော့ ဘိုးဘွားပိုင်မြေကို အပြီးအပိုင် ရောင်းခွင့်မပြုတဲ့ ယေဟောဝါဘုရားရဲ့ပညတ်ကို နာဗုတ် နာခံနေတာဖြစ်တယ်။ (ဝတ်ပြုရာ ၂၅:၂၃–၂၈) ဘုရားသခင်ရဲ့ ပညတ်ကို ချိုးဖောက်ဖို့ နာဗုတ် စဉ်းစားလို့ကို မရနိုင်ပါဘူး။ နာဗုတ်ဟာ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိရှိသူဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရင်အာဟပ်ကို ပြန်ခံပြောတာက အန္တရာယ်များတယ်ဆိုတာ သူကောင်းကောင်းသိထားလို့ပါ။

အာဟပ်ကတော့ ယေဟောဝါဘုရားရဲ့ ပညတ်ကို လုံးဝဂရုမစိုက်ဘူး။ သူလိုချင်တာမရတဲ့အတွက် “ညစ်ညူးသောစိတ်နှင့် ညှိုးငယ်လျက် နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကိုလွှဲ၍ သာလွန်ပေါ်မှာအိပ်” နေတယ်။ (၃ ဓမ္မရာဇဝင် ၂၁:၄) စိတ်ကောက်တတ်တဲ့ ကလေးလိုမျိုး အာဟပ်မျက်နှာ သုန်မှုန်နေတာကို ယေဇဗေလ မြင်တဲ့အခါ ခင်ပွန်းလိုချင်တဲ့အရာကို ရအောင်ယူပေးဖို့ အလျင်အမြန် အကွက်ချပြီး စီစဉ်ပါတော့တယ်။ အဲဒီအစီအစဉ်ထဲမှာ အပြစ်မရှိတဲ့ မိသားစုတစ်စုလုံးကို သတ်ဖို့လည်းပါတယ်။

ဒီဇာတ်လမ်းကို ဖတ်တဲ့အခါ ယေဇဗေလရဲ့ ကောက်ကျစ်စဉ်းလဲစိတ်ကို အထင်းသားတွေ့ရပါတယ်။ ကြီးလေးတဲ့စွပ်စွဲချက်တွေ အတည်ဖြစ်ဖို့ သက်သေနှစ်ယောက်ရဲ့ ထွက်ဆိုချက်ရှိရမယ်လို့ ဘုရားပညတ်ထဲမှာ ဖော်ပြထားတာကို မိဖုရားယေဇဗေလ သိထားတယ်။ (တရားဟောရာ ၁၉:၁၅) ဒါနဲ့ ဘုရင်အာဟပ်နာမည်ကိုသုံးပြီး ယေဇရေလမြို့က အကြီးအကဲတွေ၊ မှူးမတ်တွေဆီ စာရေးခဲ့တယ်။ အဲဒီစာထဲမှာ နာဗုတ်ဟာ ဘုရားကို စော်ကားပြောဆိုတယ်လို့ မဟုတ်မမှန်စွပ်စွဲမယ့် လူနှစ်ယောက်ကို ရှာခိုင်းထားတယ်။ ဘုရားကို စော်ကားပြောဆိုတဲ့သူဟာ သေဒဏ်ခံရမှာဖြစ်တယ်။ စိတ်မကောင်းစရာက သူ့ရဲ့ အကွက်ချစီစဉ်မှု အောင်မြင်သွားတယ်။ ယုတ်မာသူနှစ်ယောက်ရဲ့ မဟုတ်မမှန်စွပ်စွဲမှုကြောင့် နာဗုတ်သာမက သူ့ရဲ့သားတွေလည်း ကျောက်ခဲနဲ့ ပစ်ပေါက်ခံရပြီး သေဆုံးသွားရှာတယ်။ * (၃ ဓမ္မရာဇဝင် ၂၁:၅–၁၄; ဝတ်ပြုရာ ၂၄:၁၆; ၄ ဓမ္မရာဇဝင် ၉:၂၆) အာဟပ်က မိဖုရား စိတ်တိုင်းကျ ဘာမဆို လုပ်ဖို့၊ အပြစ်မဲ့တဲ့ အဲဒီလူတွေကို အဆုံးစီရင်ဖို့ ခွင့်ပြုခဲ့ပါတယ်။

ယေဟောဝါဘုရားက ဘုရင်နဲ့ မိဖုရားရဲ့ လုပ်ရပ်ဆိုးတွေကို ဖော်ပြလိုက်တဲ့အခါ ဧလိယ ဘယ်လိုခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဆိုးညစ်တဲ့သူတွေဟာ အပြစ်မဲ့တဲ့သူတွေကို အနိုင်ကျင့်ပြီး အောင်ပွဲခံနေတာက အတော့်ကို စိတ်ပျက်စရာကောင်းပါတယ်။ (ဆာလံ ၇၃:၃–၅၊ ၁၂၊ ၁၃) ဒီနေ့ခေတ်မှာလည်း ဆိုးရွားတဲ့မတရားမှုတွေကို မြင်ရတတ်တယ်။ တစ်ခါတလေ ဘုရားအလုပ်ကို လုပ်နေပါတယ်လို့ပြောတဲ့ အခွင့်အာဏာရှိသူတွေတောင် မတရားမှုတွေကို လုပ်တတ်ကြတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းကို ဖတ်လိုက်ရတဲ့အခါ ဖြေသိမ့်မှုရနိုင်ပါတယ်။ ယေဟောဝါဘုရားရှေ့မှာ ဘာမှ ဖုံးကွယ်ထားလို့မရဘူး၊ အရာခပ်သိမ်းကို ကိုယ်တော်မြင်တွေ့နေတယ်ဆိုတာ ဒီကျမ်းစာဇာတ်လမ်းကနေ သိရှိရပါတယ်။ (ဟေဗြဲ ၄:၁၃) မြင်တွေ့နေရတဲ့ မတရားမှုတွေနဲ့ပတ်သက်ပြီး ကိုယ်တော်ဘာလုပ်ပေးမှာလဲ။

“အချင်းရန်သူ ငါနှင့်တွေ့ပြီ”

“နာဗုတ်၏ စပျစ်ဥယျာဉ်” မှာ အာဟပ်ရောက်နေတယ်လို့ ဧလိယကို ယေဟောဝါဘုရား အတိအကျပြောပြီး အာဟပ်ဆီလွှတ်လိုက်တယ်။ (၃ ဓမ္မရာဇဝင် ၂၁:၁၈) စပျစ်ခြံက ရှင်ဘုရင်ရဲ့ စပျစ်ခြံဖြစ်သွားပြီလို့ ယေဇဗေလ ပြောတဲ့အခါ အာဟပ် ချက်ချင်းထပြီး စပျစ်ခြံကို သွားကြည့်တယ်။ အဲဒီအဖြစ်အပျက်ကို ယေဟောဝါဘုရား စောင့်ကြည့်နေတယ်ဆိုတာ သူ သဘောမပေါက်လိုက်ဘူး။ စပျစ်ခြံကို လှည့်ပတ်ကြည့်ရင်း လှပတဲ့ဥယျာဉ်အဖြစ်ပြောင်းလဲဖို့ စိတ်ကူးယဉ်နေတဲ့ အာဟပ်ရဲ့ ရုပ်ပုံကို မြင်ယောင်ကြည့်လိုက်ပါ။ ဒါပေမဲ့ ရုတ်တရက် ဧလိယ သူ့ဆီရောက်လာတဲ့အခါ အာဟပ်ရဲ့ အူမြူးနေတဲ့မျက်နှာက မုန်းတီးစိတ်၊ ဒေါသစိတ်တွေနဲ့ မဲ့ရွဲ့သွားတယ်။ ပြီးတော့ ဒေါသတကြီးနဲ့ “အချင်းရန်သူ ငါနှင့်တွေ့ပြီ” လို့ ပြောချလိုက်တယ်။—၃ ဓမ္မရာဇဝင် ၂၁:၂၀

“အချင်းရန်သူ ငါနှင့်တွေ့ပြီ”

အာဟပ်ပြောလိုက်တဲ့စကားကနေ သူ့ရဲ့မိုက်မဲမှုနှစ်ခုကို တွေ့ရတယ်။ ပထမတစ်ခုက “ငါနှင့်တွေ့ပြီ” လို့ ဧလိယကို အာဟပ် ပြောလိုက်တဲ့အချက်ဖြစ်တယ်။ ဒါက ယေဟောဝါဘုရားကို သူ ထည့်မစဉ်းစားဘူးဆိုတာ ထင်ရှားပါတယ်။ တကယ်တော့ ယေဟောဝါဘုရားက သူ့ကို တွေ့တာပါ။ သူဟာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို တလွဲသုံးနေတာ၊ ယေဇဗေလရဲ့ မကောင်းကြံစည်မှုနဲ့ရလိုက်တဲ့ စပျစ်ခြံကို ခုံမင်နှစ်သက်နေတာတွေကို ဘုရားသခင် တွေ့တယ်။ အာဟပ်က ရုပ်ပစ္စည်းတပ်မက်လွန်းတဲ့အတွက် ကရုဏာ၊ တရားမျှတမှု၊ စာနာထောက်ထားမှု နည်းနည်းလေးတောင် မရှိတော့ဘူးဆိုတာကိုလည်း ယေဟောဝါဘုရား တွေ့တယ်။ ဒုတိယတစ်ခုက “အချင်းရန်သူ” လို့ ဧလိယကို ပြောလိုက်တဲ့အချက် ဖြစ်တယ်။ ယေဟောဝါဘုရားရဲ့မိတ်ဆွေဖြစ်ပြီး မကောင်းတဲ့လမ်းစဉ်ကနေ ပြောင်းလဲဖို့ ကူညီပေးမယ့် ဧလိယကို အာဟပ် မုန်းတီးနေတယ်ဆိုတာ အဲဒီစကားတွေက ဖော်ပြနေပါတယ်။

အာဟပ်ရဲ့ မိုက်မဲမှုကနေ အရေးကြီးသင်ခန်းစာတွေကို ရရှိနိုင်ပါတယ်။ ယေဟောဝါဘုရားက အရာခပ်သိမ်းကို တွေ့မြင်နေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ယေဟောဝါဘုရားက မေတ္တာရှိတဲ့ အဖေတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်ုပ်တို့ လမ်းလွဲသွားတာနဲ့ ချက်ချင်းသိတယ်။ လမ်းမှန်ကို ပြန်ရောက်တာလည်း မြင်ချင်တယ်။ ဘုရားသခင်က ဧလိယလို သစ္စာရှိတဲ့ ကိုယ်တော့်မိတ်ဆွေတွေကနေတစ်ဆင့် ကျွန်ုပ်တို့ကို ကူညီပေးပါတယ်။ သူတို့က ဘုရားသခင့်စကားတော်ကို ဖော်ပြပေးကြတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ မိတ်ဆွေတွေကို ရန်သူလို့ ယူမှတ်မယ်ဆိုရင် အမှားကြီး မှားသွားပါလိမ့်မယ်။—ဆာလံ ၁၄၁:၅

“သင်နှင့်ငါတွေ့ပြီ” လို့ အာဟပ်ကို ပြန်ပြောလိုက်တဲ့ ဧလိယကို မြင်ယောင်ကြည့်ပါ။ အာဟပ်က ဘယ်လိုလူစားမျိုးလဲဆိုတာ ဧလိယ သိထားတယ်။ သူက သူခိုး၊ လူသတ်သမား၊ ယေဟောဝါဘုရားကို ပုန်ကန်တဲ့သူပဲ။ ဆိုးညစ်တဲ့ အာဟပ်ကို ပြန်ပြောဖို့ဆိုတာ တော်တော်သတ္တိရှိဖို့ လိုတယ်မဟုတ်လား။ အခု ဧလိယက အာဟပ်အပေါ် ဘုရားသခင့်တရားစီရင်ချက်ကို ပြောနေပါပြီ။ ယေဟောဝါဘုရားက ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ သိထားတယ်။ ဆိုးညစ်ယုတ်မာမှုတွေဟာ အာဟပ်မိသားစုကနေတစ်ဆင့် တစ်ပြည်လုံးမှာ ပျံ့နှံ့နေပြီ။ ဒါကြောင့် ဘုရားသခင်က အာဟပ်ရဲ့ မျိုးနွယ်တစ်ခုလုံးကို “ပယ်ဖျက်” ဖို့ အသင့်ရှိနေပြီလို့ ဧလိယ ပြောခဲ့တယ်။ ယေဇဗေလလည်း ဘုရားသခင့် တရားစီရင်မှုနဲ့ လွတ်မှာမဟုတ်ဘူး။—၃ ဓမ္မရာဇဝင် ၂၁:၂၀–၂၆

မတရားတဲ့လူတွေဟာ ဘာအပြစ်ဒဏ်မှမခံရတော့ ဒီလိုပဲဆက်လုပ်နေကြမှာပဲလို့ ဒီနေ့ခေတ် လူတွေ စိတ်ပျက်လက်ပျက် ယူမှတ်တတ်ကြတယ်။ ဧလိယကတော့ အဲဒီလို မယူမှတ်ခဲ့ပါဘူး။ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ယေဟောဝါဘုရားမြင်တဲ့အပြင် အချိန်တန်တဲ့အခါ တရားစီရင်မယ်ဆိုတာကိုလည်း ဒီကျမ်းစာဇာတ်လမ်းက ကျွန်ုပ်တို့ကို အမှတ်ရစေပါတယ်။ မတရားမှုအားလုံးကို အပြီးသတ် ဘုရားသခင် ပယ်ဖျက်ပေးမယ့်အချိန် ရောက်လာမယ်ဆိုတာ သမ္မာကျမ်းစာမှာ အာမခံထားပါတယ်။ (ဆာလံ ၃၇:၁၀၊ ၁၁) ဒါပေမဲ့ ‘ဘုရားသခင်ရဲ့ တရားစီရင်ချက်တွေက အပြစ်ပေးဖို့လောက်ပဲလား၊ ကရုဏာရော ပြမှာလား’ ဆိုတာ သင်သိချင်မှာပဲ။

“အာဟပ်သည် ငါ့ရှေ့မှာ နှိမ့်ချသည်ကို မြင်ပြီလော”

ဘုရားသခင်ရဲ့ တရားစီရင်ချက်ကို အာဟပ်တုံ့ပြန်ပုံအပေါ် ဧလိယ အံ့အားသင့်သွားနိုင်တယ်။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ဧလိယဆင့်ဆိုသော စကားတော်ကိုကြားလျှင် မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌အိပ်ခြင်းကိုပြု၍ ဖြည်းဖြည်းသွားလာ၏။” (၃ ဓမ္မရာဇဝင် ၂၁:၂၇) အဲဒီလုပ်ရပ်တွေကို ကြည့်တဲ့အခါ အာဟပ် နောင်တရနေပြီလို့ ပြောနိုင်မလား။

ပြောင်းလဲမှုတချို့ကို အာဟပ် လုပ်ခဲ့တယ်ဆိုတာ ကျွန်ုပ်တို့ သိရတယ်။ သူ နှိမ့်ချခဲ့တယ်။ မာနထောင်လွှားတဲ့ လူတစ်ယောက်အတွက် အဲဒီလိုနှိမ့်ချဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလိုနှိမ့်ချမှုဟာ စစ်မှန်တဲ့ နောင်တလား။ အာဟပ်ထက်ပိုဆိုးတဲ့ ဘုရင်မနာရှေအကြောင်းကို ပြန်သုံးသပ်ကြည့်ပါ။ မနာရှေကို ယေဟောဝါဘုရား အပြစ်ပေးတဲ့အခါ သူ့ကိုယ်သူ နှိမ့်ချပြီး ဘုရားသခင်ဆီ အကူအညီတောင်းခံခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့ ဘဝလမ်းစဉ်ကို ပြောင်းလဲလိုက်တယ်။ သူတည်ထားခဲ့တဲ့ ရုပ်တုတွေကို ဖျက်ဆီးပစ်ပြီး ယေဟောဝါဘုရားကို ဝတ်ပြုကိုးကွယ်ဖို့ ကြိုးစားအားထုတ်တဲ့အပြင် ပြည်သူပြည်သားတွေကိုလည်း သူ့အတိုင်းလုပ်ဆောင်ဖို့ အားပေးခဲ့တယ်။ (၂ ရာဇဝင်ချုပ် ၃၃:၁–၁၇) အာဟပ်ရော မနာရှေလို လုပ်ခဲ့သလား။ မလုပ်ခဲ့ပါဘူး။

သိသာထင်ရှားတဲ့နည်းနဲ့ အာဟပ် ဝမ်းနည်းကြောင်းဖော်ပြတာကို ယေဟောဝါဘုရား သတိပြုမိသလား။ ဧလိယကို ဘုရားသခင် ဒီလိုပြောခဲ့တယ်– “အာဟပ်သည် ငါ့ရှေ့မှာနှိမ့်ချသည်ကို မြင်ပြီလော။ ထိုသို့ငါ့ရှေ့မှာ နှိမ့်ချသောကြောင့် သူ့လက်ထက်၌ ထိုဘေးဥပဒ်ကို ငါမရောက်စေ။ သူ့သားလက်ထက်၌ သူ့အမျိုးအပေါ်သို့ ရောက်စေမည်။” (၃ ဓမ္မရာဇဝင် ၂၁:၂၉) အာဟပ်ကို ဘုရားသခင် ခွင့်လွှတ်လိုက်တာလား။ မဟုတ်ပါဘူး။ စစ်မှန်တဲ့ နောင်တယူမှသာ ဘုရားသခင်ရဲ့ ကရုဏာကို ရရှိမှာဖြစ်တယ်။ (ယေဇကျေလ ၃၃:၁၄–၁၆) ဒါပေမဲ့ အာဟပ်က အတိုင်းအတာတစ်ခုအထိ နောင်တရခဲ့လို့ ဘုရားသခင်ကလည်း အတိုင်းအတာတစ်ခုအထိ ကရုဏာပြလိုက်တာပါ။ ဒါကြောင့် အာဟပ်ဟာ သူ့ရဲ့မိသားစုတစ်ခုလုံး အသေဆိုးနဲ့ သေတာကို မမြင်ရတော့ဘူး။

ဒါပေမဲ့ အာဟပ်အပေါ် ယေဟောဝါဘုရားရဲ့တရားစီရင်မှုက မပြောင်းလဲသွားပါဘူး။ စစ်ပွဲမှာ အာဟပ် ပါဝင်လာအောင် ဘယ်လို လှည့်စားရမလဲလို့ ကောင်းကင်တမန်တွေနဲ့ ယေဟောဝါဘုရား တိုင်ပင်ခဲ့တယ်။ အဲဒီစစ်ပွဲမှာ သူသေမှာဖြစ်တယ်။ မကြာခင်မှာပဲ အာဟပ်ကို ဘုရားသခင် တရားစီရင်တဲ့အတိုင်း ဖြစ်ပျက်လာတယ်။ တိုက်ပွဲမှာ ဒဏ်ရာရသွားတဲ့ အာဟပ်က စစ်ရထားပေါ်မှာ သွေးထွက်လွန်ပြီး သေဆုံးသွားတယ်။ ဒီမှတ်တမ်းမှာ စိတ်မကောင်းစရာ အသေးစိတ်အချက်အလက်တွေလည်း ပါရှိပါတယ်။ တော်ဝင်စစ်ရထားကို ဆေးကြောလိုက်တဲ့အခါ စီးကျလာတဲ့ ဘုရင့်သွေးကို ခွေးတွေလျက်ကြတယ်။ ဒီလိုနည်းနဲ့ “ခွေးတို့သည် နာဗုတ်အသွေး လျက်သောအရပ်၌ သင့်အသွေးကိုပင် လျက်ကြလိမ့်မည်” ဆိုတဲ့ အာဟပ်ကို ဧလိယပြောတဲ့ ဘုရားသခင့်စကားတွေဟာ ထင်ထင်ရှားရှား ပြည့်စုံလာခဲ့တယ်။—၃ ဓမ္မရာဇဝင် ၂၁:၁၉; ၂၂:၁၉–၂၂၊ ၃၄–၃၈

အာဟပ်ကို အဆုံးစီရင်လိုက်တာက နာဗုတ်ရဲ့ ရဲစွမ်းသတ္တိ​နဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါဘုရား အမှတ်ရနေတယ်ဆိုတာ ဖော်ပြတယ်။ ဒါက ဧလိယ၊ ဧလိရှဲနဲ့ တခြားသစ္စာရှိသူတွေအတွက် အားရှိစရာပါပဲ။ တရားမျှတတဲ့ ဘုရားသခင်က ဆိုးညစ်သူတွေကို အနှေးနဲ့အမြန် အပြစ်ဒဏ်ပေးမှာ သေချာတယ်။ ဒါပေမဲ့ ဘုရားသခင် တရားစီရင်တဲ့အခါ ကရုဏာပြစရာအကြောင်းရှိရင်လည်း ကရုဏာမပြဘဲ မနေပါဘူး။ (တောလည်ရာ ၁၄:၁၈) အဲဒီအချက်က ဆိုးညစ်တဲ့ အာဟပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဆယ်စုနှစ်နဲ့ချီ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တဲ့ ဧလိယအတွက် အားရှိစရာ သင်ခန်းစာတစ်ခုပါ။ သင်ကော မတရားမှုတွေကို ကြုံခဲ့ဖူးသလား။ မတရားမှုတွေကို ဘုရားသခင်တရားစီရင်မှာကို သင်မြင်တွေ့ချင်ပါသလား။ ဒါဆိုရင် ဧလိယရဲ့ ယုံကြည်ခြင်းကို တုပသင့်ပါတယ်။ ဧလိယဟာ သစ္စာရှိတဲ့ လုပ်ဖော်ဆောင်ဖက် ဧလိရှဲနဲ့အတူ မတရားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ဘုရားသခင်ရဲ့ သတင်းစကားတွေကို ဆက်ပြီး ကြေညာခဲ့ပါတယ်။

^ စာပိုဒ်၊ 3 မိုးရွာစေသူ၊ သီးနှံတွေကို ဖြစ်ထွန်းစေသူအဖြစ် ဗာလဘုရားကို လူတွေ ဝတ်ပြုကိုးကွယ်ကြတယ်။ ဒါပေမဲ့ ဗာလဘုရားမှာ တန်ခိုးမရှိဘူးဆိုတာ ဖော်ထုတ်ဖို့အတွက် သုံးနှစ်ခွဲလုံးလုံး ယေဟောဝါဘုရား မိုးခေါင်စေခဲ့တယ်။ (၃ ဓမ္မရာဇဝင် အခန်းကြီး ၁၈) ၂၀၀၈၊ ဇန်နဝါရီ ၁ ရက်နဲ့ ဧပြီ ၁ ရက်ထုတ် ကင်းမျှော်စင် မှာပါတဲ့ “သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ” ဆိုတဲ့ ဆောင်းပါးတွေကို ဖတ်ကြည့်ပါ။

^ စာပိုဒ်၊ 13 စပျစ်ခြံပိုင်ဆိုင်မှုကို နာဗုတ်ရဲ့သားတွေဆီ အမွေလွှဲပြောင်းပေးရမှာစိုးလို့ သူတို့ကိုပါသတ်ဖို့ ယေဇဗေလ အစီအစဉ်ဆွဲလိုက်ပုံရတယ်။ အဲဒီလိုအနိုင်ကျင့်မှုကို ဘုရားသခင်ဘာကြောင့် ဖြစ်ခွင့်ပြုထားရတာလဲ ဆိုတာကိုသိဖို့ ဒီမဂ္ဂဇင်းမှာပါတဲ့ “စာရှုသူများအမေး” ဆောင်းပါးကို ဖတ်ကြည့်ပါ။