မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်

ယေဟောဝါဘုရားဟာ ကရုဏာရှိပြီး ခွင့်လွှတ်ပေးတတ်တဲ့ဘုရားဖြစ်မှန်း ကျွန်တော်သိခဲ့

ယေဟောဝါဘုရားဟာ ကရုဏာရှိပြီး ခွင့်လွှတ်ပေးတတ်တဲ့ဘုရားဖြစ်မှန်း ကျွန်တော်သိခဲ့
  • မွေးဖွားတဲ့နှစ်– ၁၉၅၄

  • နေရင်းနိုင်ငံ– ကနေဒါ

  • နောက်ခံ– လူလိမ်လူညာ၊ လောင်းကစားသမား

အတိတ်–

မွန်ထရီအော်မြို့က ဆင်းရဲသားရပ်ကွက်မှာ ကျွန်တော်ကြီးပြင်းလာခဲ့တာပါ။ ကျွန်တော့်အသက် ၆ နှစ်မှာ အဖေဆုံးသွားတော့ တစ်အိမ်လုံးရဲ့တာဝန်က အမေ့ခေါင်းပေါ် ပုံကျလာတယ်။ သားသမီးရှစ်ယောက်ထဲမှာ ကျွန်တော်က အငယ်ဆုံးပါ။

ကျွန်တော်ကြီးလာတော့ မူးယစ်ဆေးဝါး၊ လောင်းကစား၊ အကြမ်းဖက်မှုတွေမှာ ပျော်မွေ့လာပြီး ဒုစရိုက်ဂိုဏ်းသားတွေနဲ့ ပေါင်းဖြစ်သွားတယ်။ အသက် ၁၀ နှစ်မှာ ပြည့်တန်ဆာတွေ၊ အတိုးကြီးစားတဲ့သူတွေရဲ့ တောက်တိုမယ်ရအလုပ်တွေကို စလုပ်ပေးလာတယ်။ ကျွန်တော် လိမ်ပြောတတ်လာပြီး လူတွေကို ကလိမ်ကကျစ်လုပ်ရတာကိုလည်း သဘောကျလာတယ်။ မူးယစ်ဆေးစွဲသလိုပဲ ကလိမ်ကကျစ်မလုပ်ရရင် စားမဝင်အိပ်မပျော်တော့ဘူး။

အသက် ၁၄ နှစ်ရောက်တော့ လူတွေကိုလိမ်တဲ့နေရာမှာ တဖက်ကမ်းခတ်ကျွမ်းကျင်လာတယ်။ ဥပမာ၊ ရွှေရည်စိမ် နာရီတွေ၊ လက်ကောက်တွေ၊ လက်စွပ်တွေဝယ်၊ ပြီးတော့ ၉ ပဲရည်ရှိတဲ့ရွှေလို့ တံဆိပ်တပ်လိုက်ပြီး လမ်းတွေမှာ၊ ကုန်တိုက်တွေထဲက ကားပါကင်တွေမှာ သွားရောင်းတယ်။ ဖြတ်လမ်းနည်းနဲ့ ပိုက်ဆံရှာရတာကို ကျွန်တော်သဘောကျတယ်။ တစ်ခါတုန်းကဆိုရင် တစ်ရက်ထဲမှာပဲ ဒေါ်လာ ၁၀,၀၀၀ အထိ ရှာနိုင်ခဲ့တယ်။

ကျွန်တော့်အသက် ၁၅ နှစ်မှာ စာရိတ္တပြုပြင်ရေးကျောင်းကနေ အထုတ်ခံလိုက်ရတဲ့အတွက် နေစရာမရှိတော့လို့ တေလေကြမ်းပိုးဖြစ်သွားတယ်။ လမ်းပေါ်မှာ၊ ပန်းခြံထဲမှာ၊ အခုမြင်အခုခင်သွားတဲ့သူတွေရဲ့အိမ်မှာ အိပ်ခဲ့ရတယ်။

ကျွန်တော် အမြဲကလိမ်ကကျစ်လုပ်နေလို့ ရဲတွေရဲ့ စစ်ဆေးမှုကို ခံရတတ်တယ်။ ခိုးရာပါပစ္စည်းတွေကို မရောင်းတဲ့အတွက် တစ်ခါမှထောင်မကျဖူးဘူး။ ဒါပေမဲ့ မဟုတ်မမှန်သက်သေထွက်ဆိုတာ၊ ကိုယ်စားလှယ်အတုလုပ်တာ၊ ခွင့်ပြုချက်မရဘဲ စျေးရောင်းတာတွေကြောင့် အခွန်တော့အများကြီးဆောင်ရတယ်။ အကြောက်အလန့် နည်းနည်းလေးမှမရှိဘဲ အတိုးကြီးစားတဲ့သူတွေအတွက် မိုက်ကြေးခွဲပြီး အကြွေးလိုက်တောင်းတဲ့အထိ လုပ်ခဲ့တယ်။ အဲဒီအလုပ်က အန္တရာယ်ရှိလို့ သေနတ်တောင်ဆောင်သွားရတယ်။ တချို့ကိစ္စတွေမှာ ဒုစရိုက်ဂိုဏ်းတွေနဲ့တောင် အလုပ်တွဲလုပ်ခဲ့တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ–

အသက် ၁၇ နှစ်မှာ ကျမ်းစာအကြောင်း ဦးဆုံးကြားခဲ့ရတယ်။ ကျွန်တော့်ကောင်မလေးနဲ့အတူနေချိန်မှာ သူက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေပြီ။ ဒါပေမဲ့ ကျမ်းစာမှာပါတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို မကြိုက်တာကြောင့် သူ့ကိုထားခဲ့လိုက်ပြီး နောက်တစ်ယောက်နဲ့ အတူသွားနေလိုက်တယ်။

ဒုတိယကောင်မလေးလည်း ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာရော ပြောင်းလဲမှုတွေဖြစ်လာတယ်။ သူအများကြီးပြောင်းလဲသွားတယ်။ အရင်ကထက် သူ သိမ်မွေ့ပြီး စိတ်ရှည်လာတာကို ကျွန်တော် သဘောကျတယ်။ ဒါနဲ့ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုစည်းဝေးတက်ဖို့ ဖိတ်ခေါ်တာကို လက်ခံလိုက်တယ်။ သူတို့က ကျွန်တော့်ကို နွေးနွေးထွေးထွေး၊ လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။ ကျွန်တော် ကျင်လည်ခဲ့တဲ့ အသိုင်းအဝိုင်းနဲ့များ တခြားစီပဲ။ ကျွန်တော်က မိသားစုမှာ အပယ်ခံဖြစ်နေရတဲ့အတွက် ကလေးဘဝကတည်းက ချစ်ခင်ယုယမှုကို မခံစားခဲ့ရဘူး။ ကျွန်တော် တောင့်တနေတဲ့ နွေးထွေးမှုကို ယေဟောဝါသက်သေတွေဆီကနေ ရရှိခဲ့တယ်။ ကျမ်းစာလေ့လာမလားလို့မေးတော့ ဝမ်းသာအားရ လက်ခံလိုက်တယ်။

ကျမ်းစာလေ့လာခဲ့တာကြောင့် ကျွန်တော့်ဘဝကို ပြန်အဖတ်ဆယ်နိုင်ခဲ့တယ်။ လောင်းကစားအကြွေး ဒေါ်လာ ၅၀,၀၀၀ ကျော်ဆပ်နိုင်ဖို့အတွက် သူငယ်ချင်းနှစ်ယောက်နဲ့အတူ ဓားပြတိုက်ဖို့ စီစဉ်ထားတယ်။ ဓားပြမတိုက်မိတာ ကျွန်တော့်အတွက် တော်တော်လေးကောင်းသွားတယ်။ သူငယ်ချင်းနှစ်ယောက်က စီစဉ်ထားတဲ့အတိုင်း ဓားပြသွားတိုက်ကြတယ်။ တစ်ယောက်က အဖမ်းခံလိုက်ရပြီး တစ်ယောက်က အသတ်ခံလိုက်ရတယ်။

ကျမ်းစာလေ့လာနေရင်း အပြောင်းအလဲအများကြီးလုပ်ဖို့လိုမှန်း သိလာတယ်။ ဥပမာ၊ “သူ့ဥစ္စာကိုခိုးသူ၊ လောဘကြီးသူ၊ သောက်ကြူးသူ၊ ဆဲရေးကဲ့ရဲ့သူ၊ လုယက်သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရမည်မဟုတ်” ဆိုတဲ့ကျမ်းစကားကို သိရှိခဲ့တယ်။ (၁ ကောရိန္သု ၆:၁၀) အဲဒီကျမ်းစကားကို ဖတ်လိုက်တိုင်း ကျွန်တော့်ဘဝပုံစံကြောင့် ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတယ်။ ကျွန်တော့်ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်ဖို့လိုမှန်း သိလာတယ်။ (ရောမ ၁၂:၂) ကျွန်တော့်ဘဝတစ်လျှောက်လုံး လိမ်လည်မှုတွေနဲ့ရှင်သန်ခဲ့တဲ့အပြင် စိတ်ဆိုးရန်ဖြစ်၊ အကြမ်းဖက်တာတွေ လုပ်ခဲ့တယ်။

ဒါပေမဲ့ ကျမ်းစာလေ့လာရင်းနဲ့ ယေဟောဝါဘုရားဟာ ကရုဏာရှိပြီး ခွင့်လွှတ်ပေးတတ်တဲ့ဘုရားဆိုတာ ကျွန်တော်သိခဲ့တယ်။ (ဟေရှာယ ၁:၁၈) အရင်ဘဝပုံစံကနေ ရုန်းထွက်နိုင်ဖို့ ကူညီပေးပါလို့ ယေဟောဝါဘုရားဆီ ထက်ထက်သန်သန် ဆုတောင်းခဲ့တယ်။ ကိုယ်တော့်ရဲ့ ကူညီပေးမှုကြောင့် ကျွန်တော့်ရဲ့ အကျင့်စရိုက်ဆိုးတွေ တဖြည်းဖြည်းပြောင်းလဲလာတယ်။ အဓိကပြောင်းလဲမှုကတော့ ကျွန်တော့်ကောင်မလေးနဲ့ တရားဝင်လက်ထပ်လိုက်တာပါ။

ကျမ်းစာလမ်းညွှန်ချက်တွေကို ကျင့်သုံးတဲ့အတွက် ဒီနေ့အထိ အသက်ရှင်နေတာ

အသက် ၂၄ နှစ်မှာ လက်ထပ်တဲ့အခါ ကလေး ၃ ယောက်ရှိနေပြီ။ ဒီတော့ သမ္မာအာဇီဝနည်းနဲ့ အလုပ်တစ်ခုကို ကျွန်တော်ရှာရတော့မယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ပညာအရည်အချင်းကလည်းမရှိ၊ ဘာထောက်ခံချက်မှလည်း မရှိတာကြောင့် ယေဟောဝါဘုရားဆီ ထပ်ခါထပ်ခါ ဆုတောင်းခဲ့တယ်။ ပြီးတော့ အလုပ်တစ်ခုရှာတယ်။ ကျွန်တော့်ဘဝကို ပြောင်းလဲပြီး ရိုးရိုးသားသား အလုပ်လုပ်ချင်တဲ့အကြောင်း အလုပ်ရှင်တွေကို ပြောပြတယ်။ အခု ကျွန်တော် ကျမ်းစာလေ့လာနေပြီး နိုင်ငံသားကောင်း ဖြစ်ချင်တယ်လို့လည်း ပြောပြတယ်။ ဒါပေမဲ့ အလုပ်ရှင်အများစုက ကျွန်တော့်ကို အလုပ်မခန့်ချင်ကြဘူး။ နောက်ဆုံး ဘာပဲဖြစ်ဖြစ်ဆိုပြီး အင်တာဗျူးတစ်ခုမှာ အရင်က ကျွန်တော်ဆိုးခဲ့တဲ့အကြောင်း ဇာတ်စုံခင်းပြလိုက်တော့ အင်တာဗျူးမေးသူက “ဘာကြောင့်မှန်းတော့ မသိဘူး၊ ခင်ဗျားကို အလုပ်ခန့်ဖို့ တစ်ယောက်ယောက်က ကျွန်တော့်ကို ပြောနေသလိုပဲ” ဆိုပြီး အလုပ်ခန့်လိုက်တယ်။ ဒါက ကျွန်တော့်ဆုတောင်းချက်ကို ဘုရားအဖြေပေးလိုက်တာပဲ။ နောက်တော့ ယေဟောဝါသက်သေတွေအဖြစ် ကျွန်တော်တို့ဇနီးမောင်နှံ နှစ်ခြင်းခံခဲ့ပါတယ်။

အကျိုးရရှိခဲ့ပုံ–

ကျမ်းစာလမ်းညွှန်ချက်တွေကို ကျင့်သုံးပြီး အဲဒီအတိုင်းနေထိုင်ခဲ့လို့ ဒီနေ့အထိ အသက်ရှင်နေတာပါ။ သာယာချမ်းမြေ့တဲ့မိသားစုကိုလည်း ကျွန်တော်ပိုင်ဆိုင်ထားပါပြီ။ ယေဟောဝါဘုရားက ကျွန်တော့်ကို ခွင့်လွှတ်မှန်း အခိုင်အမာယုံကြည်ထားတဲ့အတွက် ကျွန်တော့်ရဲ့မှားမှန်သိစိတ်လည်း ကြည်လင်လာတယ်။

လူတွေကို ကျမ်းစာအကြောင်းသိအောင် ကူညီပေးရတဲ့ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်တာ ၁၄ နှစ်ရှိပါပြီ။ အဲဒီလုပ်ငန်းမှာ ကျွန်တော့်ဇနီးလည်းပါဝင်လာတာ သိပ်မကြာသေးပါဘူး။ လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်မှာ အလုပ်ဖော် ၂၂ ဦးကို ယေဟောဝါသက်သေတွေဖြစ်လာအောင် ကူညီပေးနိုင်ခဲ့လို့ ကျွန်တော်ဝမ်းသာတယ်။ အခုလည်း ကုန်တိုက်တွေကို ကျွန်တော်သွားနေတုန်းပါပဲ။ ဒါပေမဲ့ အရင်တုန်းကလို လူတွေကို ကလိမ်ကကျစ်လုပ်ဖို့တော့ မဟုတ်ပါဘူး။ အဲဒီအစား လူလိမ်လူညာတွေမရှိတော့တဲ့ အနာဂတ်ကမ္ဘာသစ်မှာ နေထိုင်ရမယ့် မျှော်လင့်ချက်အကြောင်း ပြောပြဖို့ပါ။—ဆာလံ ၃၇:၁၀၊ ၁၁