မာတိကာဆီ ကျော်သွား

ကျန်းမာရေး အခက်အခဲ ရှိပေမဲ့ ကိုယ်ကျိုးပဲ မကြည့်

ကျန်းမာရေး အခက်အခဲ ရှိပေမဲ့ ကိုယ်ကျိုးပဲ မကြည့်

 ဘရာဇီးနိုင်ငံက မာရီယာ လူစီယာမှာ Usher’s syndrome လို့ ခေါ်တဲ့ မျိုးရိုးလိုက် ရောဂါ ရှိတယ်။ နားမကြားရာကနေ တဖြည်းဖြည်း အမြင်အာရုံ ဆုံးရှုံးသွားစေနိုင်တဲ့ ရောဂါ ဖြစ်တယ်။ မာရီယာ လူစီယာဟာ မွေးရာပါ နားမကြား ဖြစ်ပြီး ငယ်ငယ်ကတည်းက လက်သင်္ကေတပြ ဘာသာစကား သင်ယူခဲ့ရတယ်။ အသက် ၃၀ လောက်မှာ အမြင်အာရုံ ဆုံးရှုံးစပြုလာတယ်။ ခက်ခဲပေမဲ့ တစ်သီးပုဂ္ဂလ မနေဘူး။ အခု အသက် ၇၀ ကျော်ပြီ။ ဘဝကို ပျော်ပျော်ရွှင်ရွှင် အဓိပ္ပာယ်ရှိရှိ ဆက်ဖြတ်သန်းနေတယ်။

 အမြင်အာရုံ မဆုံးရှုံးခင် ၁၉၇၇ မှာ ယေဟောဝါသက်သေတွေနဲ့ အဆက်အသွယ် ရတယ်။ မာရီယာ လူစီယာ ဒီလို ပြောပြတယ်– “သက်သေခံ ဖြစ်ခါစ ကျောင်းနေဖက်ဟောင်း အာဒရီယာနိုနဲ့ ဆုံတယ်။ မကြာခင် မြေကြီးပရဒိသုမှာ လူတိုင်း ဒေါင်ဒေါင်မြည် ကျန်းမာမယ်ဆိုတဲ့ ဘုရားကတိကို သူ ပြောပြတဲ့အခါ ကျွန်မ စိတ်ထိမိသွားပြီး ကျမ်းစာ လေ့လာဖို့ သဘောတူလိုက်တယ်။ မကြာခင်မှာပဲ ရီယို ဒီ ဂျနေရိုးမြို့က အသင်းတော်မှာ အစည်းအဝေးတွေ စတက်တယ်။ အဲဒီမှာ တချို့အပိုင်းတွေကို လက်သင်္ကေတပြနဲ့ ဘာသာပြန်ပေးတယ်လေ။ ယေဟောဝါဘုရားရဲ့ အကူအညီကြောင့် ဘုရားရေးရာမှာ တဖြည်းဖြည်း တိုးတက်လာပြီး ၁၉၇၈၊ ဇူလိုင်မှာ နှစ်ခြင်းခံခဲ့တယ်။”

 နောက်တော့ အသင်းတော် တစ်ခုကို မာရီယာ လူစီယာ ပြောင်းသွားတယ်။ အဲဒီမှာ သက်သေခံ တစ်ယောက်မှ လက်သင်္ကေတပြစကား မတတ်ကြဘူး။ အစည်းအဝေးမှာ နားမလည်တော့ အစပိုင်း တော်တော် ခက်တယ်။ နောက်တော့ ညီအစ်မ နှစ်ယောက်က အစည်းအဝေးတွေမှာ အတူတူ ထိုင်ပေးကြတယ်။ အစည်းအဝေးမှာ ပြောတာတွေကို မှတ်စု ရေးပေးကြတယ်။ “အိမ်ပြန်ရောက်တဲ့အခါ မှတ်စုတွေကို ထပ်ခါထပ်ခါ ဖတ်လို့ရတော့ အစည်းအဝေးမှာ ပြောတာတွေကို နားလည်နိုင်တာပေါ့။ နောက်တော့ အဲဒီညီအစ်မ နှစ်ယောက် လက်သင်္ကေတပြစကား သင်ကြတယ်။ ကျွန်မအတွက် ဘာသာပြန်ပေးကြတယ်” လို့ မာရီယာ လူစီယာ ပြောတယ်။

 မာရီယာ လူစီယာ အမြင်အာရုံ ပိုဆိုးလာလိုက်တာ လက်သင်္ကေတနဲ့ ဘာသာပြန်ပေးတာပါ မမြင်တော့ဘူး။ ဒါနဲ့ အထိအတွေ့ လက်သင်္ကေတစကား စသုံးရတော့တယ်။ အဲဒါ ဘာလဲ။ “ဘာသာပြန်ပေးသူရဲ့ လက်ပေါ်မှာ ကျွန်မလက် တင်ထားတယ်။ ဒီနည်းနဲ့ သူ ဘာကို လက်ဟန်နဲ့ ပြနေမှန်း သိရတယ်” လို့ မာရီယာ လူစီယာ ရှင်းပြတယ်။

 ဘာသာပြန်ပေးသူတွေရဲ့ ကူညီပေးမှုအတွက် မာရီယာ လူစီယာ သိပ်ကျေးဇူးတင်တယ်။ “သူတို့ဟာ ယေဟောဝါဘုရားဆီက အဖိုးတန် လက်ဆောင်ပဲ။ သူတို့ ကူညီလို့သာ အသင်းတော် အစည်းအဝေးတွေ၊ စည်းဝေးပွဲတွေ၊ အစည်းအဝေးကြီးတွေကနေ ကျွန်မ အကျိုးရတာ” လို့ ပြောတယ်။

 မာရီယာ လူစီယာဟာ အမှုဆောင်မှာ တက်တက်ကြွကြွ ပါဝင်တယ်။ နားမကြားတွေကို အထိအတွေ့ လက်သင်္ကေတပြစကားနဲ့ သက်သေခံတယ်။ သတင်းကောင်း ဟောဖို့ သူ ဒီလောက် အားထုတ်တာကို နားမကြားတွေ သိပ်အံ့ဩကြတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း မောင်ဖြစ်သူ ဇူဇေး အန်တိုနီယိုရဲ့ အကူအညီနဲ့ နားမကြားတွေဆီ မာရီယာ လူစီယာ စာတွေ အများကြီး ရေးခဲ့တယ်။ သူ့မောင်လည်း မျက်မမြင်၊ နားမကြားပဲ။ a

 စာ ဘယ်လို ရေးသလဲ။ “L-ပုံစံ ပလတ်စတစ်ပြား သုံးပြီး ရေးတယ်။ အဲဒါက စာရေးတဲ့အခါ စာကြောင်းတွေ ဖြောင့်ဖို့၊ စာပိုဒ် ခွဲဖို့ အထောက်အကူပြုတယ်။ ဇူဇေး အန်တိုနီယိုက မှတ်ဉာဏ် သိပ်ကောင်းတယ်။ စာထဲမှာ ထည့်ရေးဖို့ အကြောင်းအရာတွေ၊ ကျမ်းပိုဒ်တွေ အကြံပေးတယ်။ နားမကြားတွေ နားလည်မယ့် ပုံစံနဲ့ ကျွန်မ ကြိုးစားရေးတယ်။ နားမကြားတိုင်းက အရေး ဘာသာစကား အားမသန်ကြဘူးလေ” လို့ မာရီယာ လူစီယာ ပြောတယ်။

 အခု၊ မာရီယာ လူစီယာ မျက်စိ လုံးဝ မမြင်ရတော့ဘူး။ ဒါပေမဲ့ အလုပ်သိပ်ကြိုးစားတယ်။ “မာရီယာ လူစီယာက အိမ်မှုနိုင်နင်းတယ်။ အိမ်ကို သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ် ထားတယ်။ မိတ်ဆွေတွေကို ချက်ပြုတ်ကျွေးမွေးရတာ ကြိုက်တယ်” ဆိုပြီး သူ့အတွက် ဘာသာပြန်ပေးနေကျ ကယ်ရိုလင်း ပြောတယ်။

 “မာရီယာ လူစီယာက ယေဟောဝါဘုရားကို သိပ်ချစ်တယ်။ လူတွေကိုလည်း ချစ်တယ်။ ကိုယ့်ကျိုးပဲ မကြည့်ဘူး။ သူတစ်ပါးအကျိုး အမြဲ ကြည့်တယ်” လို့ အသင်းတော် အကြီးအကဲ ဂျက်ဖာဆန် ပြောတယ်။

a မာရီယာ လူစီယာ သက်သေခံ ဖြစ်ပြီးနောက် ဇူဇေး အန်တိုနီယိုလည်း သက်သေခံ ဖြစ်လာပြီး ၂၀၀၃ မှာ နှစ်ခြင်းခံတယ်။ မာရီယာ လူစီယာလိုပဲ မွေးရာပါ နားမကြား ဖြစ်ပြီး တဖြည်းဖြည်း အမြင်အာရုံ ဆုံးရှုံးသွားတယ်။