မာတိကာဆီ ကျော်သွား

“ဆောက်လုပ်ရေး​မှာ အမျိုးသမီးတွေ​အတွက် နေရာ”

“ဆောက်လုပ်ရေး​မှာ အမျိုးသမီးတွေ​အတွက် နေရာ”

အက်​ဆက်​စီရင်​စု၊ ချမ်း​စ​ဖို့​မြို့နားက ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံး​သစ် တည်ဆောက်တဲ့​နေရာမှာ ဆောက်လုပ်ရေး​သုံး စက်​ကြီး​တွေကို အမျိုးသမီးတွေ မောင်း​တတ်အောင် လေ့ကျင့်​ပေးမှု​အတွက် ဗြိတိန်​က နာမည်​ရ ဆောက်လုပ်ရေး​အဖွဲ့​တစ်ခုက ချီးမွမ်းခဲ့တယ်။ ထောက်ထား​စာနာ​သော ဆောက်လုပ်ရေး​လုပ်သား အဖွဲ့အစည်း * (CCS) က ယေဟောဝါသက်သေတွေ ဆောက်လုပ်ရေး လုပ်ငန်းခွင်​မှာ အမျိုးသမီးတွေကို လေ့ကျင့်​ပေးမှု​အတွက် အမြင့်ဆုံး​အမှတ် (အမှတ်​ပြည့် ၁၀ မှတ်) ပေးပြီး “ဆန်းသစ်​တီထွင်မှု” လို့ မှတ်ချက်​ပေးထားတယ်။ ဘာကြောင့် အမြင့်ဆုံး အမှတ်ပေး​တာလဲ။

ဗြိတိန်​မှာ အမျိုးသမီး ဆောက်လုပ်ရေး လုပ်သား ၁၃ ရာခိုင်နှုန်း​လောက်​ပဲ ရှိတယ်။ ဗြိတိန် ကုမ္ပဏီ​တစ်ခုရဲ့ လေ့လာမှု​တစ်ခု​အရ ဆောက်လုပ်ရေး လုပ်ငန်းမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်တဲ့ အမျိုးသမီး အနည်းငယ်​သာ ရှိတယ်။ ဒါပေမဲ့ ချမ်း​စ​ဖို့ ဆောက်လုပ်ရေး​အဖွဲ့​ထဲ​က ၄၀ ရာခိုင်နှုန်း​ဟာ အမျိုးသမီးတွေ ဖြစ်ကြတယ်။ အဲဒီ​ထဲ​ကမှ ၆၀ ရာခိုင်နှုန်း​ကျော်ဟာ စက်​ကြီး​တွေ မောင်းနှင်​သူတွေ ဖြစ်ကြတယ်။

ချမ်း​စ​ဖို့​မှာ အမျိုးသားတွေ​နဲ့​အတူ အလုပ်​လုပ်နေတဲ့ အမျိုးသမီးများ

ယေဟောဝါ​သက်သေ ဒီ​အမျိုးသမီးတွေ ဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်ဆောင်​နိုင်အောင် ဘာက အကူအညီ ပေး​သလဲ။ လေ့ကျင့်​ပေးမှု၊ ထောက်မပေး​မှု ရရှိကြ​လို့​ပါပဲ။ အဲဒီ​နှစ်ချက်​က CCS ရဲ့ စည်းမျဉ်း​ထဲမှာ ပါတယ်။ ဆောက်လုပ်ရေး လုပ်သားတွေ​ဟာ “အလုပ်မှာ အားလုံးကို လေးစားမှု​ပြ​ခြင်း၊ တရား​မျှတ​စွာ ဆက်ဆံခြင်း၊ အားပေး ထောက်မခြင်း” အပြင် “လေ့ကျင့်​ပေးခြင်း” အားဖြင့် လုပ်သား​အချင်းချင်း​ကို တန်ဖိုး​ထားကြောင်း တင်ပြဖို့ အားပေး​ထားတယ်။

အမျိုးသမီးတွေကို စက်​ကြီး​တွေ မောင်း​တတ်အောင် လေ့ကျင့်ပေး

မြေ​တူး​စက်​တွေ၊ မြေ​သယ်​ယာဉ်​တွေ မောင်း​တတ်အောင် လေ့ကျင့်ပေး​ခံရသူ ဂျိတ် ဒီလို​ပြောတယ်– “အံ့ဩ​ဖို့ ကောင်းတယ်။ ဒါတွေ မောင်း​ရမယ်လို့ တစ်ခါ​မှ မစဉ်းစား​ဖူး​ဘူး။ တစ်ခါတလေ​တော့ ခက်​ပေမဲ့ တစ်ချိန်လုံး လေ့ကျင့်​ပေးမှု ရရှိ​နေပြီး အသစ်​အသစ်တွေ သင်ယူ​ရတယ်။” ဂျိတ်​လို​ပဲ လူ​စီ​လည်း အခု စက်​ကြီး​တွေကို မောင်းနှင်​တတ်လာ​ပြီ။ သူ ဒီလို​ပြောပြတယ်– “လုပ်ငန်းခွင်​ကို စ​ရောက်​တုန်း​က ဘာမှ မ​လုပ်တတ်​ဘူး။ ဒါပေမဲ့ စ​ရောက်တဲ့ နေ့​က​စပြီး လေ့ကျင့်ပေး​ခံခဲ့ရတယ်။ မတူညီတဲ့ အဖွဲ့​ငါးခု​မှာ အလုပ်လုပ်​ခဲ့​ရလို့ လေ့ကျင့်မှု အများကြီး ရ​နေပြီ။”

ပစ္စည်း​သယ်​ယာဉ် မောင်း​တတ်အောင် လေ့ကျင့်ပေး​နေစဉ်

အဖွဲ့မှာ ကျွမ်းကျင်တဲ့ အမျိုးသမီးတွေဟာ စက်​ကြီး​တွေ မောင်း​ရုံ​လောက်​သာ မဟုတ်ဘူး။ အဖွဲ့ကို ဦးဆောင်​သူ အဲရစ် ဒီလို​ပြောတယ်– “အမျိုးသမီးတွေဟာ အမျိုးသားတွေ​ထက် စက်​ပစ္စည်းတွေကို ဂရုစိုက်​ကြတယ်။ သူတို့ ကိုင်တဲ့​စက် တစ်ခုခု မှားနေရင် ကောင်းကောင်း သတိထား​မိ​ပြီး ပြုပြင်​တတ်ကြတယ်။”

ဆောက်လုပ်ရေး​မှာ အမျိုးသမီးတွေကို ထောက်မခြင်း

စက်​ကြီး​တွေကို အသုံးပြုတဲ့ လုပ်သား တော်​တော်​များများ​ကို ဦးဆောင်​ရသူ ကားလ် ဒီလို​ပြောတယ်– “စက်​ကြီး​တွေ မောင်း​တတ်အောင် အမျိုးသမီးတွေ သင်ယူ​တဲ့​နည်းကို ကျွန်တော် တကယ် သဘောကျ​တယ်။ တချို့​ကိစ္စတွေမှာ အတွေ့အကြုံ ရှိပြီး​သား အမျိုးသားတွေ​ထက် အမျိုးသမီးတွေကို ကျွန်တော် ရွေးချယ်​တယ်။”

ပလတ်စတစ်​ပိုက်​တွေကို စက်​နဲ့ ဆက်နေ​စဉ်

အဖွဲ့ကို ဦးဆောင်​သူတွေက သူတို့ရဲ့ ထောက်မပေး​မှု​ကို ထုတ်ပြော​ပြ​တဲ့အခါ သူတို့ ယုံကြည်​စိတ်ချမှု ပို​ရှိလာ​ကြတယ်။ သ​ရေး အဲဒီလိုပဲ ခံစားခဲ့​ရတယ်။ စက်​ကိုင်တွယ်​တဲ့​နေရာမှာ အတွေ့အကြုံ ရှိပြီး​သား ဖြစ်လို့ တာဝန်​ထမ်းဆောင်​နေရင်း ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ဘေးကင်းလုံခြုံ​မှု​က အဓိက​ပဲ​ဆိုတာ စိတ်ထဲ​ထားပြီး စက်​ကြီး​တွေကို ဘယ်​နေရာမှာ သုံး​ရမလဲ​ဆိုတာ သူ​သိတယ်။ သ​ရေး ဒီလို ရှင်းပြတယ်– “အဖွဲ့​ဦးဆောင်​သူက ကျွန်မကို ထောက်မ​ပေးမယ်​ဆိုတာ သိထားတော့ ငါ့ကို ယုံကြည်​စိတ်ချတယ် ဆိုတဲ့​အသိ​နဲ့ ကျွန်မ လုပ်​ရမယ့် အလုပ်​ထက် ပို​လုပ်နိုင်​လာတယ်။ ကျွန်မ လုပ်တဲ့ အလုပ်ကို တန်ဖိုး​ထားတယ်၊ လေးစားတယ်လို့ သိထားတော့ အလုပ်လုပ်​ရကျိုးနပ်​တယ်။”

မြေ​တူး​စက်​တွေ​နဲ့ မြေ​သယ်​ယာဉ်​တွေကို မောင်း​သူ အဘိဂဲက သူ​ရရှိတဲ့ ထောက်မပေး​မှု၊ ပူးပေါင်း​လုပ်ဆောင်မှုကို တန်ဖိုး​ထားတယ်– “ဒီ​လုပ်ငန်းခွင်​က အမျိုးသားတွေဟာ ကျွန်မကို သေး​သိ​မ်​စိတ်ဝင်​အောင် မလုပ်ကြဘူး။ ကူညီဖို့ အသင့်​ရှိကြတယ်၊ သူတို့​ပဲ လုပ်လိုက်တာ​မျိုး မရှိဘူး။ ကျွန်မကို ဆက်လုပ်​ခွင့်​ပေးတယ်။”

အာရုံ​စူးစိုက်​ပြီး တာဝန်​ကျေပွန်​တဲ့ လုပ်သားများ

ချမ်း​စ​ဖို့ လုပ်ငန်းခွင်​က အမျိုးသမီးတွေဟာ စက်​ကြီး​တွေ မောင်းနှင်​ရတဲ့ အလုပ်​အပြင် မြေ​တိုင်းတာ၊ စက်​ပြင်​တာ​နဲ့ ငြ​မ်း​ဆင်​တဲ့ အလုပ်တွေ လုပ်တတ်အောင် လေ့ကျင့်​ခံရကြ​တယ်။ စီမံကိန်း အလုပ်​အမျိုးမျိုးမှာ အမျိုးသမီးတွေနဲ့​အတူ အလုပ်လုပ်​ခဲ့​ရတဲ့ ရောဘတ်​က သူတို့တွေဟာ “အာရုံ​စူးစိုက်​သူတွေ၊ အလုပ်မှာ စိတ်အား​ထက်သန်​သူတွေ၊ အသေးစိတ်​က​အစ အာရုံစိုက်သူ​တွေ ဖြစ်တယ်” လို့ ပြောပြတယ်။ စစ်ဆေး​တဲ့​အလုပ် လုပ်​ရသူ တော​မ်​က “ကျွန်တော့်​အဖွဲ့​ထဲ​က အမျိုးသမီးတွေဟာ စေ့စပ်​သူတွေ၊ တာဝန်​ကျေပွန်သူ​တွေ၊ တိကျ​သေချာ​သူတွေ ဖြစ်တယ်။

အဖွဲ့ကို ဦးဆောင်​သူ ဖာ​ဂပ်​စ်​က “ဆောက်လုပ်ရေး​မှာ အမျိုးသမီးတွေ​အတွက် နေရာတစ်ခု ကျိန်းသေ ရှိတယ်” လို့ ပြောတာ အံ့ဩစရာ မဟုတ်ပါဘူး။

^ အပိုဒ်၊ 2 ထောက်ထား​စာနာ​သော ဆောက်လုပ်ရေး​လုပ်သား အဖွဲ့အစည်း​ဟာ ဗြိတိန်​မှာ​ရှိတဲ့ ဆောက်လုပ်ရေး​လုပ်ငန်း ပုံရိပ် တိုးတက်အောင် လုပ်ဆောင်​နေတဲ့ လွတ်လပ်​သော​အဖွဲ့အစည်း တစ်ခု​ဖြစ်တယ်။