မာတိကာဆီ ကျော်သွား

တာဂျစ်ကစ္စတန်အကျဉ်းထောင်ကနေ ညီအစ်ကို ရပ်စတန်ညွန် နိုရို့ဗ် မလွတ်လာမီ

အောက်တိုဘာ ၁၂၊ ၂၀၂၁
တာဂျစ်ကစ္စတန်

ညီအစ်ကို ရပ်စတန်ညွန် နိုရို့ဗ် လွတ်မြောက်လာ၊ ထောင်ကျစဉ် အမူအကျင့်ကောင်းကြောင့် ချီးမွမ်းခံရ

ညီအစ်ကို ရပ်စတန်ညွန် နိုရို့ဗ် လွတ်မြောက်လာ၊ ထောင်ကျစဉ် အမူအကျင့်ကောင်းကြောင့် ချီးမွမ်းခံရ

ဖော်ပြခဲ့တဲ့အတိုင်း အသက် ၂၂ နှစ်ရှိပြီ ဖြစ်တဲ့ ညီအစ်ကို ရပ်စတန်ညွန် နိုရို့ဗ်ဟာ ၂၀၂၁၊ စက်တင်ဘာ ၂၁ မှာ တာဂျစ်ကစ္စတန် အကျဉ်းထောင်ကနေ သတ်မှတ်ရက်ထက် စောပြီး လွတ်လာပါတယ်။ အဲဒီလမတိုင်ခင် အတည်ဖြစ်သွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြောင့်ပါ။ ယာယီ ထိန်းသိမ်းရေးစခန်းမှာ ရပ်စတန်ညွန် သုံးလ နေခဲ့ရတယ်။ ၂၀၂၁၊ မေ ၁၀ မှာ ယဗန်မြို့၊ စာရိတ္တပြုပြင်ရေးစခန်းဆီ အပို့ခံရပြီး ထောင်ဒဏ် သုံးနှစ်ခွဲ ကျတယ်။ အချုပ်ကျနေချိန်၊ အမှုစစ်ဆေးချိန်၊ ထောင်ကျနေချိန် တစ်လျှောက်လုံးမှာ ရပ်စတန်ညွန်ရဲ့ အမူအကျင့်ကောင်းနဲ့ သမာဓိကို မြင်ပြီး သဘောကျတဲ့သူတွေ ရှိတယ်။

တစ်ခါက ရပ်စတန်ညွန်ကို အမှုစစ်ဆေးချိန်မှာ ဗိုလ်မှူးကြီးတစ်ယောက် လာပြီး လက်ဆွဲနှုတ်ဆက်တယ်။ ရပ်စတန်ညွန်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ရဲစွမ်းသတ္တိ၊ ဇွဲကို အင်မတန် လေးစားကြောင်း ပြောတယ်။ “ဘုရားကို ယုံကြည်သူတိုင်း ခင်ဗျားလို ဖြစ်သင့်တယ်။ နောက်နောင် တာဂျစ်ကစ္စတန်မှာ အစားထိုး အရပ်ဘက်လုပ်ငန်း ပေါ်လာတဲ့အခါ ဒီနိုင်ငံသား အခွင့်အရေးအတွက် စွန့်လွှတ်လုပ်ဆောင်ခဲ့သူတွေရဲ့ စာရင်းမှာ ခင်ဗျားရဲ့ နာမည် ပါလာမှာပဲ” လို့လည်း ပြောတယ်။

ရပ်စတန်ညွန်ဟာ ထောင်ကျနေချိန်မှာ ပုံသက်သေကောင်း ဆက်ပြတယ်။ သူ့ရဲ့ အမူအကျင့်ကောင်းကြောင့် ထောင်အရာရှိတွေက ထောင်ထွက် အကျဉ်းသားတွေ အလုပ်အကိုင် ရရှိရေး ကူညီပေးတဲ့ ဥရောပသမဂ္ဂ တာဝန်ယူ ဖွင့်လှစ်တဲ့ အထူးသင်တန်း တက်ဖို့ သူ့ကို ဖိတ်ခေါ်တယ်။ သင်တန်းဆင်းပြီးနောက် အကျဉ်းထောင် အုပ်ချုပ်ရေးအဖွဲ့က သင်တန်းဆင်း လက်မှတ်၊ အလုပ်ကြိုးစားမှုအတွက် ကျေးဇူးတင်လွှာ ပေးအပ်တယ်။ ခရစ်ယာန်မူတွေ ကျင့်သုံးလို့ အခုလို အမူအကျင့်ကောင်းတာ ဖြစ်တယ်လို့ အာဏာပိုင်တွေ ဆိုကြောင်း ရပ်စတန်ညွန် ပြောတယ်။

ထောင်က မလွတ်ခင်အထိ ရပ်စတန်ညွန်က လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေဟာ သူနဲ့ အကျုံးဝင်မဝင် မသေချာခဲ့ဘူး။ ဒါပေမဲ့ ထောင်ထဲမှာ နာမည်ကောင်း ရထားလို့ လွတ်ကို လွတ်မယ်ဆိုပြီး တခြားအကျဉ်းသားတွေ ပြောကြတယ်။ ထောင်အရာရှိတွေကလည်း သူ့ကို အားပေးကြတယ်။

ရပ်စတန်ညွန်လို ကြားနေမှု၊ သစ္စာတည်ကြည်မှုကြောင့် ထောင်ကျနေတဲ့ သစ္စာရှိ လူငယ်တွေဟာ မိမိတို့ရဲ့ “အလင်းကို လူတွေရှေ့မှာ လင်းစေကြ” တယ်။ သူတို့ရဲ့ “အကျင့်ကောင်း” က ယေဟောဝါဘုရားကို ဂုဏ်တင်ချီးမွမ်းမှု ဖြစ်စေတယ်။—မဿဲ ၅:၁၆