မာတိကာဆီ ကျော်သွား

ဂွမ်ဂျူ ခရိုင်တရားရုံးအပြင်မှာ တွေ့ရတဲ့ ညီအစ်ကို ဟေမင်ကင်နဲ့ ဇနီး ဟာဘင်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်
တောင်ကိုရီးယား

တောင်ကိုရီးယားရဲ့ အစားထိုး အရပ်ဘက်အလုပ်ဟာ ပြစ်ဒဏ်ပေးတဲ့ပုံစံ ဖြစ်နေတယ်လို့ တရားရုံးမှာ အမှုဖွင့်

တောင်ကိုရီးယားရဲ့ အစားထိုး အရပ်ဘက်အလုပ်ဟာ ပြစ်ဒဏ်ပေးတဲ့ပုံစံ ဖြစ်နေတယ်လို့ တရားရုံးမှာ အမှုဖွင့်

တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူခရိုင်တရားရုံးက ၂၀၂၂၊ ဒီဇင်ဘာ ၈ ရက်မှာ ညီအစ်ကို ဟေမင်ကင်ရဲ့အမှုနဲ့ပတ်သက်ပြီး ကြားနာဖို့ ရှိတယ်။ ဟေမင်က ခံယူချက်ကြောင့် စစ်မှုမထမ်းဘူး။ ဟေမင်ဟာ ပြစ်ဒဏ်ပေးတဲ့ပုံစံဖြစ်နေတဲ့ အစားထိုးအရပ်ဘက်အလုပ် (ACS) ကိုလည်း လုပ်ဆောင်ဖို့ ဦးဆုံးငြင်းဆန်သူ ဖြစ်တယ်။ သူဟာ အများဆုံး ထောင် ၃၆ လကျနိုင်ပြီး ရာဇဝတ်ကောင် စာရင်းလည်း ဝင်သွားနိုင်တယ်။

တောင်ကိုရီးယားရဲ့ ၃၆ လကြာအစားထိုးအရပ်ဘက်အလုပ် ACS ဟာ ကမ္ဘာမှာ အရှည်ကြာဆုံးထဲက တစ်ခုဖြစ်တယ်။ စစ်မှုထမ်းရမယ့်သက်တမ်းထက် နှစ်ဆပိုကြာရှည်တယ်။ အဲဒီသုံးနှစ်တာကာလအတွင်းမှာ ခံယူချက်ကြောင့် စစ်မှုမထမ်းသူတွေဟာ ထောင်ဝင်းထဲက အဆောင်တွေမှာ နေအိမ်အကျယ်ချုပ်ချသလို ထိန်းသိမ်းခံရပြီး အများကြီး ကန့်သတ်ချုပ်ချယ် ခံရတယ်။ ဒါကြောင့် နိုင်ငံတကာ ပညာရှင်တွေက တောင်ကိုရီးယားရဲ့ အစားထိုးအရပ်ဘက်အလုပ် ACS ကို “အစားထိုး ဒဏ်ခတ်မှု” လို့ သတ်မှတ်ကြတယ်။ a

၂၀၁၈ ခုနှစ်၊ ဇွန် ၂၈ ရက်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အထင်ကရ စီရင်ချက်တစ်ခု ချမှတ်ခဲ့တယ်။ ခံယူချက်ကြောင့် စစ်မှုမထမ်းသူတွေရဲ့ အခွင့်အရေးကို ကိုရီးယားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ကာကွယ်ပေးထားတယ်ဆိုပြီး အသိအမှတ်ပြုထားတယ်။ အစားထိုးအရပ်ဘက်အလုပ် ACS အတွက် ဥပဒေရေးဆွဲမယ့်သူတွေကိုလည်း အခုလို သတိပေးခဲ့တယ်– “ခံယူချက်ကြောင့် စစ်မှုမထမ်းသူတွေ ရွေးချယ်ရခက်တဲ့အထိ အစားထိုးအရပ်ဘက်အလုပ်က ကြာလွန်းမယ်၊ ပြင်းထန်လွန်းမယ်ဆိုရင် တခြားအခြေခံအခွင့်အရေးတွေကို ချိုးဖောက်ရာ ကျသွားမယ်။ ထောင်ချလိုက်တာနဲ့ မကွာတော့ အစားထိုးအရပ်ဘက်အလုပ် ပြင်ဆင်ပေးရတဲ့ ရည်ရွယ်ချက် အထမြောက်မှာ မဟုတ်ဘူး။”

ကမ္ဘာ့ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကော်မရှင်က ၁၉၉၈ ခုနှစ်မှာ အစားထိုးအရပ်ဘက်အလုပ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာစံနှုန်း ချမှတ်ခဲ့တယ်။ ခံယူချက်ကြောင့် စစ်မှုမထမ်းသူတွေအတွက် “ပြစ်ဒဏ်ပေးတဲ့ပုံစံမဟုတ်ဘဲ လူထုအကျိုးသယ်ပိုး” ရာရောက်တဲ့ အလုပ်တွေ ပြင်ဆင်ထားပေးဖို့ စစ်မှုမထမ်းမနေရစနစ် ရှိတဲ့နိုင်ငံတွေကို လူ့အခွင့်အရေးကော်မရှင် မှာကြားခဲ့တယ်။

ဟေမင်ဟာ အရင်ကလည်း ပြစ်မှုနဲ့ တရားစွဲခံရဖူးတယ်။ ၂၀၂၀၊ စက်တင်ဘာလမှာ တောင်ကိုရီးယားတရားရုံးချုပ်က ခံယူချက်ကြောင့် စစ်မှုမထမ်းတဲ့ ဟေမင်ကို အမှုကနေ တရားသေလွှတ်ပေးခဲ့တယ်။ အပတ်အနည်းငယ်အကြာမှာ အစားထိုးအရပ်ဘက်အလုပ် ACS ထမ်းဆောင်ဖို့ ဟေမင် လျှောက်လွှာတင်တယ်။ ၂၀၂၂၊ ဖေဖော်ဝါရီ ၇ ရက်မှပဲ ဆင့်ခေါ်စာရတယ်။ ဒါပေမဲ့ အသေအချာ စဉ်းစားသုံးသပ်ပြီးတဲ့နောက် ပြစ်ဒဏ်ပေးတဲ့ပုံစံဖြစ်နေတဲ့ အရပ်ဘက်လုပ်ငန်းကို မလုပ်တော့ဖို့ လေးလေးစားစား ငြင်းဆန်ခဲ့တယ်။

တရားရုံးကသာ ဟေမင်ကို အနိုင်ပေးစီရင်ခဲ့ရင် အဲဒီစီရင်ချက်က ကိုရီးယားအစိုးရကို အစားထိုးအရပ်ဘက်လုပ်ငန်းကို နိုင်ငံတကာစံနှုန်းနဲ့အညီ ပြင်ဆင်ဖို့ တွန်းအားဖြစ်စေပါလိမ့်မယ်။ ဒီလိုသာပြင်ဆင်ခဲ့ရင် ညီအစ်ကိုတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေသာမက ကိုရီးယားတစ်နိုင်ငံလုံးလည်း အကျိုးကျေးဇူး ရပါလိမ့်မယ်။ ဒီအတောအတွင်း လက်ရှိကိစ္စကြောင့် ထိခိုက်ခံစားနေရသူအားလုံး ယေဟောဝါဘုရားကို ဆက်လက်အားကိုးရင်း “ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်” ကြပါစေလို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။—ကောလောသဲ ၁:၁၁

a ဒီအကြောင်း ထပ်သိချင်ရင် ယေဟောဝါသက်သေများရဲ့ အာရှ-ပစိဖိတ်အသင်းက ပြင်ဆင်ထားတဲ့ “တောင်ကိုရီးယားနိုင်ငံရဲ့ အစားထိုး အရပ်ဘက်လုပ်ငန်း” ဆိုတဲ့ အထူးသတင်းကို ဖတ်ကြည့်ပါ။