မာတိကာဆီ ကျော်သွား

ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့က အထက်တရားရုံးချုပ်

မေ ၂၀၊ ၂၀၁၉
ဘူလ်ဂေးရီးယား

ဘူလ်ဂေးရီးယား တရားရုံးချုပ်က ယေဟောဝါသက်သေတွေအတွက် ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်အနိုင်ပေး

ဘူလ်ဂေးရီးယား တရားရုံးချုပ်က ယေဟောဝါသက်သေတွေအတွက် ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်အနိုင်ပေး

ဘူလ်ဂေးရီးယားနိုင်ငံ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အထက်တရားရုံးချုပ်က ၂၀၁၉၊ မတ်လမှာ ယေဟောဝါသက်သေ ညီအစ်ကိုတွေရဲ့ အမှုသုံးခုကို အနိုင်ပေးဆုံးဖြတ်လိုက်ပါတယ်။ အဲဒီဆုံးဖြတ်ချက်က တစ်နိုင်ငံလုံးမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ လွတ်လပ်စွာ ဝတ်ပြုခွင့်ကို ကာကွယ်ဖို့ အထောက်အကူပြုမှာဖြစ်လို့ အလွန် အရေးကြီးပါတယ်။

အမှုနှစ်ခုက ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေအကြောင်း မီဒီယာတွေကနေ မဟုတ်မမှန် သတင်းလွှင့်တာနဲ့ ပတ်သက်နေတယ်။ ဗစဲကီဒန် သတင်းစာက ၂၀၁၂ ခုနှစ်မှာ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်နဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ သတင်းတစ်ပုဒ် ရေးသားထုတ်ဝေခဲ့တယ်။ အလားတူ ၂၀၁၄ ခုနှစ်မှာ SKAT ရုပ်မြင်သံကြားကနေ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းအကြောင်း မှားယွင်းစွာ သတင်းထုတ်လွှင့်ခဲ့တယ်။ သတင်းအမှားတွေ ဖြစ်ကြောင်း အများပြည်သူ သိအောင် ထုတ်ပြန်ပေးဖို့ ညီအစ်ကိုတွေ တောင်းဆိုပေမဲ့ မီဒီယာတွေ ငြင်းဆိုခဲ့ကြတယ်။ တရားရုံးမှာ အမှုရင်ဆိုင်၊ အယူခံဝင်ပြီးနောက် အမှုတွေက တရားရုံးချုပ်အထိ ရောက်သွားတယ်။ တရားရုံးချုပ်က SKAT ရုပ်မြင်သံကြားဌာနရဲ့ လုပ်ရပ်ဟာ ဥပဒေကို ဆန့်ကျင်ရာရောက်တယ်လို့ ၂၀၁၉၊ မတ် ၁၈ ရက်နေ့မှာ စီရင်ဆုံးဖြတ်တယ်။ တရားရုံးချုပ်ဟာ ရုပ်မြင်သံကြားဌာနအပေါ် ချမှတ်ခဲ့တဲ့ စီရင်ချက်အတိုင်း ဗစဲကီဒန် သတင်းစာကိုလည်း မတ် ၂၆ ရက်နေ့မှာ စီရင်ချက်ချခဲ့တယ်။ သတင်းစာဟာ “အမုန်းတရား ပွားစေတဲ့ စကားတွေ” ရေးသားဖော်ပြတယ်လို့ စီရင်ဆုံးဖြတ်လိုက်တယ်။

တတိယအမှုဟာ VMRO–ဘူလ်ဂေးရီးယား အမျိုးသားလှုပ်ရှားမှု နိုင်ငံရေးအုပ်စုက ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်တယ်။ ညီအစ်ကိုတွေဟာ ၂၀၁၁၊ ဧပြီ ၁၇ ရက်နေ့မှာ ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲ ကျင်းပဖို့ စုဝေးနေကြတယ်။ VMRO ရဲ့ ခေါင်းဆောင် ဂျေအောဂျီ ဒရက်ကယ်လိဗ် ဖွဲ့စည်းထားတဲ့ လူ ၆၀ အုပ်စုဟာ ညီအစ်ကိုတွေကို ထိခိုက်ဒဏ်ရာရတဲ့အထိ ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ကြတယ်။ ညီအစ်ကိုတွေက တရားရုံးကို တိုင်တန်းခဲ့ကြတယ်။ ဒီအမှုလည်း တရားရုံးချုပ်အထိ ရောက်လာတယ်။ တရားရုံးက ၂၀၁၉၊ မတ် ၂၀ ရက်နေ့မှာ မစ္စတာ ဒရက်ကယ်လိဗ်ကို စီရင်ချက် ချလိုက်ပြီး အခု ညီအစ်ကိုတွေကို လျော်ကြေးပေးရတော့မယ်။

အနိုင်ပေးဆုံးဖြတ်ချက် သုံးခုကြောင့် ကျွန်တော်တို့ ဝမ်းမြောက်ကြပါတယ်။ အခုဆိုရင် ‘ငြိမ်သက်အေးချမ်းတဲ့ ဘဝမျိုးနဲ့ နေနိုင်ပြီး ဘုရားတရား ကိုင်းရှိုင်းမှုအပြည့်’ ရနိုင်ဖို့ ဒီဆုံးဖြတ်ချက်တွေကို အခြေခံအဖြစ် အသုံးပြုပြီး ညီအစ်ကိုတွေရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်နိုင်မှာဖြစ်တယ်။—၁ တိမောသေ ၂:၂