မာတိကာဆီ ကျော်သွား

ရုရှား​မှာ ဝင်ရောက်​စီ​နင်း​တဲ့ နေရာများ

မေ ၂၊ ၂၀၁၈
ရုရှား

ရုရှား​မှာ​ရှိတဲ့ ယေဟောဝါ​သက်သေတွေကို အကြမ်းဖက်​ကင်ပိန်း စတင်

ရုရှား​မှာ​ရှိတဲ့ ယေဟောဝါ​သက်သေတွေကို အကြမ်းဖက်​ကင်ပိန်း စတင်

ရုရှား​နိုင်ငံ၊ အနည်းဆုံး မြို့​ခုနစ်​မြို့မှာ ရဲတွေ​က ယေဟောဝါ​သက်သေတွေကို ရန်မူ​တိုက်ခိုက်​ခဲ့​ကြတယ်။ စီစဉ်​ထား​ပုံ​ရတဲ့ ကင်ပိန်း​မှာ အထူး​ရဲတပ်ဖွဲ့ (OMON) ဟာ မျက်နှာဖုံး​တွေ တပ်၊ စက်​သေနတ်​တွေ ကိုင်ဆောင်ပြီး ယေဟောဝါသက်သေတွေရဲ့ အိမ်တွေကို ဝင်ရောက်​စီးနင်း​ကာ သေနတ်​နဲ့ ချိန်ရွယ်၊ လူကြီးလူငယ်​မရွေး စစ်ဆေး​မေးမြန်း​ဖို့ ထိန်းသိမ်း​ထား​ကြတယ်။

အာ​က​ဒီ​ယာ အ​ကို​ပီယန်​နဲ့ ဇနီး ဆို​ညာ၊ မြေး​နှစ်ယောက်​နဲ့​အတူ

လွန်ခဲ့တဲ့​နှစ်​အတွင်း အာဏာပိုင်တွေ​က ပြစ်မှု​ဆိုင်ရာ စုံစမ်း​စစ်ဆေးမှု ၁၀ ကြိမ်​ထက်​မနည်း ပြုလုပ်ပြီး ယေဟောဝါ​သက်သေ​ငါးယောက်ကို ထောင်ချ​လိုက်ကြတယ်။ အဲဒီ​ထဲမှာ ၂၀၁၇၊ မေ ၂၅ ရက်​နေ့​ကတည်းက စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်ခံရ​တဲ့ ဒဲနစ္စ ခရစ်​တန်​ဆန်​လည်း ပါတယ်။ နောက်​တစ်ယောက်ကတော့ အသက် ၆၉ နှစ်အရွယ် အာ​က​ဒီ​ယာ အ​ကို​ပီယန် ဖြစ်ပြီး ကာ​ဘာ​ဒီ​နို ဘာ​လ်​ကာ​ရီ​ယား​ဒေသမှာ အမှု​ရင်ဆိုင်​နေ​ရတယ်။ အားလုံးဟာ ဝတ်ပြု​စည်းဝေး​ခြင်း​ကြောင့် ထောင်ဒဏ် နှစ်နှစ်​ကနေ ဆယ်နှစ်​အထိ ကျ​ခံနိုင်​ခြေ ရှိတယ်။

၂၀၁၇၊ ဧပြီ ၂၀ ရက်​နေ့မှာ ရုရှား​ဖယ်​ဒ​ရေး​ရှင်း ဗဟို​တရားရုံးချုပ်​က ယေဟောဝါသက်သေများရဲ့ ဗဟို​အုပ်ချုပ်ရေး​ရုံး​နဲ့ ဒေသန္တရ ဘာသာရေး​အဖွဲ့အစည်း ၃၉၅ ခု​ကို ပိတ်ပင်​လိုက်တယ်။ တရားရုံးချုပ်​မှာ ကြားနာ​နေချိန်​အတွင်း ရုရှား​အစိုးရက ယေဟောဝါသက်သေများရဲ့ ဒေသန္တရ ဘာသာရေး အဖွဲ့အစည်း​တွေကို ပိတ်ပင်​လိုက်​ပေမဲ့ တစ်ယောက်စီဟာ ယုံကြည်ချက်ကို လွတ်လပ်​စွာ ကျင့်သုံး​ခွင့်​ရှိကြောင်း ဖော်ပြခဲ့တယ်။ ဒါပေမဲ့ အစိုးရရဲ့ အပြော​နဲ့ လုပ်ရပ်ဟာ မကိုက်ညီ​ဘူး။

အခု ရုရှား​အာဏာပိုင်တွေ​က ယေဟောဝါသက်သေများရဲ့ တရားဝင်​အဖွဲ့အစည်း​တွေကို အောင်မြင်စွာ ဖျက်သိမ်း​နိုင်​ခဲ့​ပြီး အိမ်မြေ​ရာ​အဆောက်အအုံတွေကို စတင်​သိမ်းယူ​နေတဲ့​အပြင် အသင်းသားတွေ​နဲ့ ဝတ်ပြုရေးကို​ပါ တိုက်ခိုက်​နေကြတယ်။ ရုရှား​မှာ​ရှိတဲ့ ယေဟောဝါ​သက်သေ ၁၇၅,၀၀၀ ကျော်ဟာ ယုံကြည်ချက် ကျင့်သုံး​တဲ့​အတွက် ရာဇ​ဝတ်​ပြစ်မှု ဖြစ်တော့မယ်။

ဝင်ရောက်​စီးနင်း​မှု၊ စစ်ကြော​မေးမြန်းမှု၊ ထိန်းသိမ်းမှု​များ

၂၀၁၈၊ ဇန်နဝါရီ​လ​က​စပြီး ဥပဒေ​ဘက်တော်သား​တွေ​က ယေဟောဝါ​သက်သေတွေကို အကြိမ်ကြိမ် ပြစ်​မှတ်ထား​ခဲ့​ကြတယ်။

ဧပြီ ၂၀၊ ၂၀၁၈၊ ရှူ​ယာ၊ အီဗာနိုဗို ပြည်နယ်။ ဥပဒေ​ဘက်တော်သား​တွေ​က ယေဟောဝါ​သက်သေ လေးယောက်​ရဲ့ အိမ်တွေကို ဝင်ရောက်​ရှာဖွေခဲ့​ကြတယ်။ ဒီ​မီထ​ရီ မီခေး​လော့​ဗ်​ကို ရဲစခန်း ခေါ်သွား၊ ချုပ်နှောင်​ထားပြီး နောက်ပိုင်း ပြန်လွှတ်​ပေးခဲ့တယ်။ ‘အစွန်းရောက် အဖွဲ့အစည်း​လုပ်ငန်းမှာ ပါဝင်ခြင်း’ ပြစ်မှု​ဆိုင်ရာ ဥပဒေ​ပုဒ်မ ၂၈၂.၂(၂) နဲ့ အာဏာပိုင်တွေ တရားစွဲ​ဆိုထားတယ်။ နောက်ထပ် အကြောင်း​မကြား​မချင်း ရှူ​ယာ​ကနေ ဘယ်​ကို​မှ သွားခွင့် မပြုဘူး။

ဧပြီ ၁၉၊ ၂၀၁၈၊ ဗလာ​ဒီ​ဗို​စ​တော့​ခ်​မြို့။ ရဲတွေ​နဲ့ ဖယ်ဒရယ် လုံခြုံရေး​ဌာန (FSB) က တိုက်ခန်း​တစ်ခုကို ဝင်ရောက်​စီးနင်း​ပြီး ဗယ်​လင်​တင်း အော်​စက်​ချုခ်​နဲ့ သက်ကြီးရွယ်အို ညီအစ်မ သုံးယောက်ကို စစ်ကြော​မေးမြန်း​ဖို့ ခေါ်သွားတယ်။ အာဏာပိုင်တွေ​က မစ္စတာ အော်​စက်​ချုခ်​ကို ထောင်ဒဏ် နှစ်နှစ်​ကနေ လေးနှစ် ပေးနိုင်တဲ့ ပြစ်မှု​ဆိုင်ရာ ဥပဒေ​ပုဒ်မ ၂၈၂.၂(၂) နဲ့ တရားစွဲ​ထားပြီး စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ထားတယ်။ ဧပြီ ၂၃ ရက်​နေ့မှာ ဖရွန်​ဇန်​စ​ကီ ခရိုင်​တရားရုံး​က မစ္စတာ အော်​စက်​ချုခ်​ကို ၂၀၁၈၊ ဇွန် ၂၀ ရက်​နေ့​အထိ ဆက်​ချုပ်​ထားဖို့ အမိန့်ချ​တယ်။ အခု​လောလောဆယ် ဗလာ​ဒီ​ဗို​စ​တော့​ခ်​မြို့ အမှတ် ၁ စုံစမ်း​စစ်ဆေးရေး​ထောင်​မှာ ဖမ်းဆီး​ထိန်းသိမ်း​ထားပါ​တယ်။

ဧပြီ ၁၈၊ ၂၀၁၈၊ ပေါ်လီ​ယာ​နီ မူ​မ​န် ပြည်နယ်။ မိုးချုပ်​ခါနီး​မှာ ရဲတွေ​နဲ့ မျက်နှာဖုံး​တပ် OMON အရာရှိတွေ​က စက်​သေနတ်​တွေ ကိုင်ဆောင်ပြီး ရို​မ​န် မာ​ကင်​ရဲ့ အိမ်တံခါး​ကို ချိုးဖျက်​ဝင်ရောက်​ကြတယ်။ ရဲတွေ​က သူ့ကို သေနတ်​နဲ့ ချိန်​ပြီး မှော​က်​ခိုင်းတယ်။ ဆယ်ကျော်သက်​သမီး​က ရဲတွေ​ကို တွေ့​တာ​နဲ့ ချက်ချင်း ကြမ်းပြင်​မှာ မှော​က်​ချပြီး လက်နှစ်ဖက်​နဲ့ ခေါင်းကို အုပ်​ထား​လိုက်တယ်။ ရဲတွေ​က ခြံဝင်း​တစ်ခုလုံးကို ရှာဖွေပြီး​နောက် မစ္စတာ မာ​ကင်​ကို ရဲစခန်း​ဆီ ဖမ်းခေါ်​သွားပြီး စစ်ဆေး​မေးမြန်းခြင်း မရှိဘဲ ချုပ်​ထား​လိုက်တယ်။

အဲဒီ​ညနေပိုင်း​မှာ​ပဲ ရဲတွေ​ဟာ အဲဒီ​ဒေသက ယေဟောဝါ​သက်သေ ၁၄ ယောက်ရဲ့ အိမ်တွေကို ဝင်​ရှာပြီး ဖုန်းတွေ၊ တက်ဘလက်​တွေ​နဲ့ တခြား​ပစ္စည်းတွေကို သိမ်းယူ​ကြတယ်။ ပြီးနောက် ယေဟောဝါ​သက်သေတွေကို စစ်ကြော​မေးမြန်း​ဖို့ ရဲစခန်း​ကို ခေါ်သွား​ကြတယ်။ ဒေသခံ​အာဏာပိုင်တွေ​က မစ္စတာ မာ​ကင်​နဲ့ နောက်ထပ် သက်သေခံ​တစ်ယောက် ဗစ်​တာ ထရိုဖီမို​ကို အမှု​ဖွင့်​ခဲ့​ကြတယ်။ နှစ်ယောက်စလုံး​ကို ‘အစွန်းရောက်​အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေကို စီစဉ်​ဆောင်ရွက်မှု’ ပြစ်မှု​ဆိုင်ရာ ဥပဒေ​ပုဒ်မ ၂၈၂.၂(၁) နဲ့ တရားစွဲ​ထားတယ်။ အပြစ်​ရှိတယ်လို့ စီရင်​ဆုံးဖြတ်​ရင် ထောင်ဒဏ် ခြောက်​နှစ်​ကနေ ဆယ်နှစ်​အထိ ကျ​ခံနိုင်တယ်။ နှစ်ယောက်စလုံး​ကို မူ​မ​န် အမှတ် ၁ အကျဉ်းထောင်​မှာ ချုပ်နှောင်​ထား​ကြတယ်။

ဧပြီ ၁၀၊ ၂၀၁၈၊ ဇာ​တွန် ပြည်နယ်၊ အူ​ဖာ။

မနက် ခြောက်​နာရီ​ခွဲ​ကနေ ခုနစ်​နာရီ​ကြားမှာ စစ်ကြော​သူတွေနဲ့ OMON အရာရှိတွေ​ဟာ ယေဟောဝါသက်သေတွေရဲ့ အိမ် အတော်များများကို ဝင်ရောက်​စီးနင်း ရှာဖွေခဲ့​ကြတယ်။ ရှာဖွေ​နေစဉ်​အတွင်း ရဲတွေ​က ယေဟောဝါ​သက်သေတွေကို စစ်ဆေး​မေးမြန်း​ကြတယ်။ တစ်​နေရာမှာ အရာရှိ​တစ်ယောက်က “ယေဟောဝါ​သက်သေ အဖွဲ့အစည်းရဲ့ အသင်းသား မဟုတ်​တော့​ပါဘူး​လို့ ပြောရင် လွှတ်​မယ်” ကို​ပြောတယ်။ နောက်​တစ်​နေရာမှာ “မင်းတို့ကို ကမ္ဘာပေါ်​ကနေ ဖျောက်ပစ်​မယ်” လို့​ပြောခဲ့တယ်။ ယေဟောဝါ​သက်သေ​အားလုံးကို ရဲစခန်း ခေါ်သွားပြီး လက်ဗွေ​တွေ ယူ၊ စစ်ဆေး​မေးမြန်းမှု​တွေ လုပ်ခဲ့ကြတယ်။

အဖမ်း​မခံရမီ​က အနာ​တို​လီ​နဲ့ အာ​လ​ယို​နာ ဗီ​လ​စ်​ကေ​ဗစ်

မစ္စတာ​နဲ့ မ​စ္စ က​ဖီ​ဇော့ဖ်​အိမ်ကို ဝင်စီး​ချိန်မှာ ရဲတွေ​က သူတို့​ဇနီး​မောင်နှံကို သေနတ်​တွေ​နဲ့ ချိန်​ပြီး ခြံဝင်း​တစ်ခုလုံးကို ရှာဖွေကြ​တယ်။ ရှာဖွေပြီး​နောက် ရဲသား​တစ်ယောက်က မ​စ္စ က​ဖီ​ဇော့ဖ်​ရဲ့ လက်မောင်း​ကို ဖမ်းဆွဲ၊ ရဲကား​ထဲ တွန်း​ထည့်​လိုက်ပြီး စစ်ဆေး​မေးမြန်း​ဖို့ ရဲစခန်း​ကို ခေါ်သွားတယ်။ မစ္စတာ က​ဖီ​ဇော့ဖ်​က ယေဟောဝါ​သက်သေ​တစ်ယောက် မဟုတ်ဘူး။

ရဲတွေ​က အနာ​တို​လီ ဗီ​လ​စ်​ကေ​ဗစ်​ရဲ့ အိမ်ကို ဝင်ရောက်​စီ​နင်း​ပြီး သူ့ကို ဖမ်းသွား​ကြတယ်။ ရဲတွေ​က ဇနီး​ဖြစ်သူကို မင်းရဲ့ ယောက်ျားကို “အတော်ကြာ​တဲ့​အထိ” တွေ့ရမှာ မဟုတ်ဘူးလို့ ပြောခဲ့​ကြတယ်။ အာဏာပိုင်တွေ​က သူ့ကို ‘အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေကို စီစဉ်​ဆောင်ရွက်မှု’ ပြစ်မှု​ဆိုင်ရာ ဥပဒေ​ပုဒ်မ ၂၈၂.၂(၁) နဲ့ တရားစွဲ​ထားပြီး ၂၀၁၈၊ ဇွန် ၂ ရက်​နေ့​အထိ ချုပ်နှောင်​လိုက်တယ်။ အပြစ်​ရှိတယ်လို့ စီရင်​ဆုံးဖြတ်​ရင် ထောင်ဒဏ် ဆယ်နှစ် ကျ​ခံနိုင်တယ်။

မတ် ၂၀၁၈၊ အို​ရွိုလ်။ ဒဲနစ္စ ခရစ်​တန်​ဆန်​ကို တရားစွဲ​ဆို​ထားတဲ့​အပြင် အာဏာပိုင်တွေ​က ၂၀၁၇၊ မေလ​မှာ အို​ရွိုလ်​မြို့က ယေဟောဝါ​သက်သေ ခုနစ်​အိမ်ကို ရှာဖွေ​စစ်ဆေး​ပြီး ယေဟောဝါ​သက်သေ ဆာဂေး စ​က​ရင်​နီ​ကော့ဖ်​ကိုလည်း ဒုတိယ​အကြိမ် စုံစမ်း​စစ်ဆေး​နေပါတယ်။ မစ္စတာ စ​က​ရင်​နီ​ကော့ဖ်​ကို​တော့ အခု​အချိန်အထိ စွဲချက်​မတင်​သေး​ဘူး။ ‘အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ငန်းမှာ ပါဝင်ခြင်း’ ပြစ်မှု​ဆိုင်ရာ ဥပဒေ​ပုဒ်မ ၂၈၂.၂(၂) နဲ့ စွပ်စွဲ​ခံရတယ်။ အပြစ်​ရှိတယ်လို့ စီရင်​ဆုံးဖြတ်​ရင် ထောင်ဒဏ် နှစ်နှစ်​ကနေ လေးနှစ်​အထိ ကျ​ခံနိုင်တယ်။

ဖေဖော်ဝါရီ ၇၊ ၂၀၁၈၊ ဘဲလ်​ဂို​ရို။ ဥပဒေ​ဘက်တော်သား​အုပ်စုကြီး​က ယေဟောဝါ​သက်သေ ဆယ်​အိမ်​ထက်​မနည်း ဝင်စီး​ခဲ့​ကြတယ်။ အိမ်ရှင်​တွေကို ကြမ်းပြင်​မှာ မှော​က်​ခိုင်းတယ်။ နံရံ​မှာ ကပ်​ပြီး လက်မြှောက်​ရပ်​ခိုင်းတယ်။ ရဲတွေ​က အိမ်တွေ​ထဲ ရှာဖွေပြီး အီလက်ထရောနစ်​ကိရိယာ​တွေ၊ နိုင်ငံ​ကူး​လက်မှတ်​တွေ၊ ဓာတ်ပုံ​တွေ၊ ငွေတွေကို သိမ်းယူ​ခဲ့​ကြတယ်။ ယေဟောဝါ​သက်သေ​အားလုံးကို ရဲစခန်း ခေါ်သွားပြီး စစ်ကြော​မေးမြန်းတယ်။ အနာ​တို​လီ ရှာ​လီ​ယာ​ပင်​နဲ့ ဆာဂေး ဗွေ​ကော့ဖ်​ကို ဖမ်း​ထားပြီး ကျန်တဲ့​သူ​အားလုံးကို လွှတ်​ပေး​လိုက်တယ်။ သူတို့​နှစ်ယောက်ကို ၄၈ နာရီ​ကြာ ဖမ်းချုပ်​ထားပြီး​နောက် ပြန်လွှတ်​ပေး​လိုက်တယ်။ ဒါပေမဲ့ ဘဲလ်​ဂို​ရို​မြို့ပြင်​ကို ထွက်ခွင့် မပြုဘူး။

ဇန်နဝါရီ ၂၃၊ ၂၀၁၈၊ ကေ​မေ​ရိုဗို။ ယေဟောဝါ​သက်သေ ၁၂ အိမ်ကို ရဲတွေ ဝင်စီး​ပြီး အီလက်ထရောနစ်​ကိရိယာ​တွေ၊ ဘာသာရေး​စာပေတွေ၊ စာရွက်စာတမ်းတွေ​ကို သိမ်းယူ​ကြတယ်။ အဲဒီလို ဝင်ရောက်​စီးနင်း​ခြင်း မပြု​ခင် အမျိုးသား​တစ်ယောက်က ယေဟောဝါ​သက်သေ ဟန်ဆောင်ပြီး ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေ တက်ရောက်၊ လျှို့ဝှက်​မှတ်တမ်းတင်​ပြီး ရဲတွေ​ကို ပေး​လိုက်တယ်။ အဲဒီ​မှတ်တမ်းတွေကို အခြေခံပြီး အာဏာပိုင်တွေ​က ပြစ်မှု​ဆိုင်ရာ စုံစမ်း​စစ်ဆေးမှု​တွေ လုပ်တာ​ဖြစ်တယ်။

တရားရုံးချုပ်ရဲ့ စီရင်​ဆုံးဖြတ်ချက်​က မိသားစု​တွေကို ကွဲကွာ​စေနိုင်

ရဲတွေ​နဲ့ FSB ရဲ့ မတော်လျော်တဲ့ လုပ်ရပ်တွေ​အပြင် “ပတ်ဝန်းကျင်​နဲ့ ပြန်လည်​ဝင်ဆံ့​စေ​ရေး” အတွက် ယေဟောဝါသက်သေတွေရဲ့ ကလေးတွေကို နိုင်ငံတော်​က ထိန်းသိမ်း​နိုင်တယ်​ဆိုပြီး ရုရှား​အာဏာပိုင်တွေ အမိန့်ထုတ်​ပြန်​ခဲ့တယ်။ ၂၀၁၇၊ နိုဝင်ဘာ ၄ ရက်​နေ့မှာ ရုရှား​ဖယ်​ဒ​ရေး​ရှင်း ပ​လေ​န​မ် တရားရုံးချုပ်​က အမိန့်​အမှတ် ၄၄ ကို ထုတ်ပြန်​တယ်။ “အစွန်းရောက်” အဖြစ် ပိတ်ပင်​ထားတဲ့ ဘာသာရေး​အဖွဲ့အစည်း​မှာ ကလေးတွေကို ပါဝင်​စေခဲ့​ရင် “တရားရုံး​က မိဘ​အုပ်ထိန်းမှု​ကို ရုပ်သိမ်း​ခွင့်” ရှိတယ်လို့ ပါရှိတယ်။

၂၀၁၇၊ နိုဝင်ဘာ ၂၃ ရက်​နေ့မှာ ပညာရေး​နဲ့ သိပ္ပံ ဝန်ကြီးဌာန​က “အစွန်းရောက် ဘာသာရေး သဘောတရား​တွေ​နဲ့” ထိတွေ့​နေရတဲ့ ကလေးတွေကို တစ်နိုင်ငံလုံး​အတိုင်းအတာ​နဲ့ “ပတ်ဝန်းကျင်​နဲ့ ပြန်လည်​ဝင်ဆံ့​ရေး” အတွက် “ထောက်ခံချက်” ထုတ်ပြန်ခဲ့​တယ်။ ဝန်ကြီးဌာန​က အိုင်​အက်စ်​အဖွဲ့နဲ့ ယေဟောဝါ​သက်သေ​အဖွဲ့ နှစ်​ဖွဲ့​က ကလေးတွေကို​ပဲ ထောက်ပြခဲ့တယ်။ ယေဟောဝါ​သက်သေ​မိဘတွေ​မှာ ကလေးတွေ၊ မြီး​ကောင်​ပေါက်​အရွယ်​တွေ သောင်း​ချီ ရှိတယ်” လို့​ဖော်ပြ​ထားတယ်။ သက်သေခံ မဟုတ်တဲ့ မိဘတွေရဲ့ ကလေးတွေကို​တော့ မိဘ​နဲ့ ခွဲ​ဖို့ မလိုဘူး။

အကြမ်းဖက်​ကင်ပိန်း အဆုံးတိုင်​ပါဦးမလား

ဘာသာရေး​လုပ်ငန်းကို အေးဆေး​စွာ လုပ်နေတဲ့ လူနည်းစု​ကို ဥရောပ​ကောင်စီ​အဖွဲ့ဝင် ဘယ်​နိုင်ငံမှာ​မှ ဒီလို​ပြင်းပြင်းထန်ထန် တိုက်ခိုက်​တာ​မျိုး မရှိဘူး။ ရုရှား​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေ ဝတ်ပြု​စည်းဝေး​ခွင့်၊ ကျမ်းစာ​ဖတ်ရှု၊ လေ့လာခွင့် ရ​ကြပါ​ဦး​မလား။ အဖမ်း​မခံရအောင်၊ တရားစွဲ​ဆို​မခံရအောင် ယခင် ဆိုဗီယက်​ခေတ်​တုန်း​ကလို​ပဲ လျှို့ဝှက် ဝတ်ပြု​ကြ​ရတော့မယ်။

အစိုးရက​မ​က​ထ​ပြုတဲ့ ဒီ​ကင်ပိန်း​က ရုရှား​နိုင်ငံရှိ ယုံကြည်သူချင်းတွေရဲ့ စိတ်ပိုင်း၊ ဝတ်ပြုရေး​ပိုင်း၊ ကာယပိုင်း​ကို ထိခိုက်​စေတဲ့​အတွက် ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါသက်သေတွေ အလွန်​စိုးရိမ်​နေကြပါတယ်။ ယေဟောဝါသက်သေတွေရဲ့ အကြံပေး​ရှေ့နေ ဖိလစ် ဘ​ရွမ်​လေ ဒီလို​ပြောပါ​တယ်– “ရုရှား​အစိုးရ​အနေနဲ့ ဒီလို​မတရားမှုတွေကို ရပ်​သင့်ပါတယ်။ လူ့​အခွင့်အရေး​နဲ့ ဘာသာရေး လွတ်လပ်ခွင့် လေးစား​မယ်​ဆိုတဲ့ နိုင်ငံတကာ သဘော​တူညီချက်​ကို လိုက်နာသင့်​တယ်။ အာဏာပိုင်တွေ​ဟာ အသင်းအဖွဲ့​ကို တိုက်ခိုက်​နေရာ​က တစ်ယောက်ချင်း​စီ​ကို ဦးတည်​တိုက်ခိုက်​လာလို့ ရုရှား​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေ ဘာတွေ ထပ်​ကြုံရ​ဦး​မလဲ။”