မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ရောမ ၁၅:၁၃—“မျှော်လင့်ချက် ပေးတဲ့အရှင် ဘုရားသခင်က . . . ခင်ဗျားတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားပါစေ”

ရောမ ၁၅:၁၃—“မျှော်လင့်ချက် ပေးတဲ့အရှင် ဘုရားသခင်က . . . ခင်ဗျားတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားပါစေ”

 “မျှော်လင့်ချက် ပေးတဲ့အရှင် ဘုရားသခင်က မိမိကို ယုံကြည်အားထားတဲ့ ခင်ဗျားတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားပါစေ။ အဲဒီအခါ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်ဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးကြောင့် ပိုပြီး ရှင်သန်နေမယ်။”—ရောမ ၁၅:၁၃ကမ္ဘာသစ် ဘာသာပြန်ကျမ်း။

 “သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မျှော်လင့်ခြင်း ပါရမီနှင့် ကြွယ်ဝစေခြင်းငှာ၊ ယုံကြည်သောစိတ် ရှိ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း၊ မျှော်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။”—ရောမ ၁၅:၁၃၊ ယုဒသန်ကျမ်း။

ရောမ ၁၅:၁၃ ရဲ့ အဓိပ္ပာယ်

 တမန်တော် ပေါလုက ယုံကြည်ခြင်း တူတဲ့သူတွေကို “ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း” ရှိစေချင်တယ်လို့ ပြောနေတာ ဖြစ်တယ်။ ဒီအရည်အသွေးကောင်းတွေဟာ ဘုရားပေး မျှော်လင့်ချက်၊ သန့်ရှင်းသော စွမ်းအားတော် တန်ခိုးနဲ့ ဆက်စပ်နေတယ်။

 ဘုရားပေး မျှော်လင့်ချက်အကြောင်း ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ ရောမ ၁၅:၄ အရ “ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးတဲ့အတွက် မျှော်လင့်ချက် ရှိစေတယ်။” ဆင်းရဲနွမ်းပါးမှု၊ မတရားမှု၊ ဖျားနာမှု၊ သေခြင်းတို့လို မျှော်လင့်ချက် မဲ့စေတဲ့ ပြဿနာတွေကို ဖယ်ရှားပေးတော့မယ်လို့ ဘုရား ကတိပေးထားကြောင်း ကျမ်းစာက ဖော်ပြတယ်။ (ဗျာဒိတ် ၂၁:၄) ဘုရားရဲ့ ကတိတွေကို ယေရှုခရစ်က ပြည့်စုံစေမယ်။ ဒါကြောင့် ပိုကောင်းတဲ့ အနာဂတ်ကို ကျွန်တော်တို့ မျှော်လင့်နိုင်ကြတယ်။—ရောမ ၁၅:၁၂

 ဘုရားကို ယုံကြည်ကိုးစားမှသာ ကျွန်တော်တို့မှာ ဘုရားပေး မျှော်လင့်ချက် “ကြွယ်ဝ” ပြည့်လျှံနိုင်မယ်။ ဘုရားကို သိကျွမ်းလာလေ ဘုရားကို ယုံကြည်စိတ်ချနိုင်ကြောင်း ပိုသိလာလေပဲ။ (ဟေရှာယ ၄၆:၁၀။ တိတု ၁:၂) ကျွန်တော်တို့ အခက်အခဲတွေ ကြုံနေရင်တောင် ယုံကြည်စိတ်ချရတဲ့ ဘုရားပေး မျှော်လင့်ချက်ကြောင့် ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း ရှိနိုင်ကြတယ်။—ရောမ ၁၂:၁၂

 ငြိမ်သက်ခြင်း၊ ရွှင်လန်းခြင်း၊ မျှော်လင့်ချက်တို့က ဘုရား အသုံးပြုနေတဲ့ တန်ခိုး၊ “သန့်ရှင်းသော စွမ်းအားတော်” နဲ့ ဆက်စပ်နေတယ်။ a သန့်ရှင်းသော စွမ်းအားတော်ကို ဘုရားသခင် အသုံးပြုပြီး ကတိတော်အားလုံးကို ပြည့်စုံစေမှာ ဖြစ်လို့ မျှော်လင့်ချက် ရှိစေတယ်။ ဒီစွမ်းအားတော်ကြောင့် ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်း အရည်အသွေးကောင်းတွေကို ကျွန်တော်တို့ မွေးမြူနိုင်ကြတယ်။—ဂလာတိ ၅:၂၂

ရောမ ၁၅:၁၃ ရဲ့ အထက်အောက်စကား

 ရောမကျမ်းစောင်ကို ရောမမြို့မှာ နေထိုင်တဲ့ ခရစ်ယာန်တွေအတွက် ရေးခဲ့တာပါ။ အဲဒီခရစ်ယာန်တွေထဲမှာ ဂျူးတွေ၊ ဂျူးမဟုတ်သူတွေလည်း ပါတယ်။ သူတို့ဟာ နောက်ခံမတူ၊ ယဉ်ကျေးမှုချင်း မတူပေမဲ့ စဉ်းစားတွေးခေါ်၊ ပြုမူသမျှ တညီတညွတ်တည်း ဖြစ်ဖို့ ကြိုးစားကြပါလို့ ပေါလု အားပေးခဲ့တယ်။—ရောမ ၁၅:၆

 လူမျိုးအားလုံးက လူတွေဟာ ဘုရားကို တညီတညွတ်တည်း ချီးမွမ်းကြမယ့်အချိန် ရောက်မယ်လို့ ရှေးကတည်းက ဘုရားသခင် ကြိုဟောထားတဲ့အကြောင်း ခရစ်ယာန်တွေကို ပေါလု သတိပေးတယ်။ အဲဒါကို ထောက်ခံဖို့ ဟီဘရူးကျမ်းစောင်ကို b ပေါလု လေးကြိမ် ကိုးကားခဲ့တယ်။ (ရောမ ၁၅:၉-၁၂) ခရစ်တော်ရဲ့ အမှုဆောင်ခြင်းကနေ ဂျူးတွေရော လူမျိုးအားလုံးထဲကသူတွေပါ အကျိုးခံစားနိုင်တယ်လို့ သူ ဆိုလိုနေတာ ဖြစ်တယ်။ ဒီလူနှစ်ဖွဲ့စလုံး ဘုရား ပေးတဲ့ မျှော်လင့်ချက် ရတယ်။ ဒါကြောင့် ရောမအသင်းတော်မှာ ရှိသူအားလုံး နောက်ခံမတူကြပေမဲ့ “အချင်းချင်းကို ကြိုဆိုလက်ခံကြ” ရမယ်။ တစ်ယောက်ကို တစ်ယောက် ကြင်ကြင်နာနာ ဆက်ဆံပြီး ဧည့်ဝတ်ပြုကြရမယ်။—ရောမ ၁၅:၇

a ပိုသိလိုပါက “သန့်ရှင်းသော ဝိညာဉ်တော်ဆိုတာ ဘာလဲ” ဆောင်းပါးကို ဖတ်ကြည့်ပါ။

b ဟီဘရူးကျမ်းစောင်တွေကို ဓမ္မဟောင်းကျမ်းလို့လည်း ခေါ်ကြတယ်။