မာတိကာဆီ ကျော်သွား

သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | ယောဘ

“ကျုပ်ရဲ့ သမာဓိကို မစွန့်​ဘူး”

“ကျုပ်ရဲ့ သမာဓိကို မစွန့်​ဘူး”

နာကျင်စေတဲ့ အနာစိမ်း​တွေ ခြေဆုံး​ခေါင်းဆုံး ပေါက်​နေ​သူ​တစ်ယောက် တစ်ကိုယ်တည်း ထိုင်နေတာ မြင်ယောင်​ကြည့်ပါ။ ခေါင်း​ငိုက်စိုက်​နဲ့ အရုပ်​ကြိုး​ပြတ် ထိုင်​နေ​လိုက်တာ အနားမှာ တဝီဝီ ပျံဝဲ​နေတဲ့ ယင်ကောင်​တွေကို​တောင် မမောင်း​ထုတ်​နိုင်ဘူး။ ဝမ်းနည်း​တဲ့​အနေနဲ့ ပြာပုံ​ပေါ် ထိုင်ပြီး အနာတွေကို အိုး​ခြမ်း​ပဲ့​နဲ့ ကုတ်​ခြစ်​နေရ​ရှာတယ်။ တစ်ချိန်က ရိုသေ​လေးစား​ခံရတဲ့ သူ့ကို အခုတော့ ဘယ်သူမှ အဖက်​မလုပ်ကြဘူး။ ဆွေမျိုး၊ မိတ်ဆွေ၊ အိမ်နီးချင်းတွေ​က ပစ်ပယ်​ထား​ကြတယ်။ ကလေးတွေ​က​အစ သူ့ကို လှောင်ပြောင်​ကြတယ်။ ယေဟောဝါ​ဘုရားက​ပါ ကျောခိုင်း​သွားပြီ​လို့ သူ အထင်မှား​ခဲ့တယ်။—ယောဘ ၂:၈။ ၁၉:၁၈၊ ၂၂

သူကတော့ ယောဘ​ပါ။ “ကမ္ဘာပေါ်မှာ သူ့လို​လူ တစ်ယောက်မှ မရှိဘူး” လို့ ဘုရားသခင် မိန့်ဆိုခဲ့တယ်။ (ယောဘ ၁:၈) ရာစုနှစ်တွေ ကုန်လွန်​ပြီးနောက်မှာတောင် ယောဘ​ကို ဖြောင့်မတ်သူ​အဖြစ် ယေဟောဝါ သတ်မှတ်​ဆဲ​ပဲ။—ယေဇကျေလ ၁၄:၁၄၊ ၂၀

သင်​ကော ဒုက္ခ အခက်အခဲ​တွေ ကြုံတွေ့​နေရ​ပါသလား။ ယောဘရဲ့ ဖြစ်ရပ်​ကနေ နှစ်သိမ့်မှု အများကြီး ရနိုင်ပါတယ်။ ဘုရားရဲ့ သစ္စာရှိ​ကျေးကျွန် မှန်သမျှ ရှိ​ရမယ့် အရည်အသွေး သမာဓိ​စောင့်သိ​ခြင်း​အကြောင်းကိုလည်း ပို​နားလည်​စေတယ်။ ဘာ​အခက်အခဲ​ပဲ ကြုံရပါစေ ဘုရား​အပေါ် အကြွင်းမဲ့ သစ္စာ​စောင့်သိပြီး အလိုတော်အတိုင်း ဆက်လုပ်​ဆောင်တဲ့​အခါ သမာဓိ​စောင့်သိ​နေတာ ဖြစ်တယ်။ ယောဘ​ဆီက သင်ယူစရာတွေ ရှိ​ပါသေး​တယ်။

ယောဘ မသိတဲ့ အချက်

ယောဘ သေဆုံး​ပြီး နှစ်​အတော်ကြာ​မှ မောရှေ​က ယောဘရဲ့ ဘဝ​အတ္ထုပ္ပတ္တိ​ကို ရေးသားခဲ့​ပုံ​ရတယ်။ စွမ်းအားတော် လမ်းညွှန်မှုကြောင့် မောရှေဟာ ကမ္ဘာမြေမှာ ယောဘ ကြုံနေ​ရတာကို​ကော ကောင်းကင်မှာ ဖြစ်ပျက်​နေတာတွေကို​ပါ ဖော်ပြ​နိုင်ခဲ့တယ်။

မှတ်တမ်း​အစပိုင်း​ကို ဖတ်တဲ့အခါ ယောဘဟာ ကျေနပ်စရာ၊ နေ​ပျော်​တဲ့ ဘဝကို ပိုင်ဆိုင်​ထားမှန်း သိရတယ်။ အာရေဗျ​မြောက်ပိုင်း ဖြစ်ပုံရ​တဲ့ ဥဇ​ပြည်​က လူ​ချမ်းသာ၊ မြို့​မျက်နှာဖုံး၊ ရိုသေ​လေးစား ခံရသူ ဖြစ်တယ်။ မရှိ​ဆင်းရဲသားတွေ​အပေါ် ရက်ရော​တတ်​သူ၊ ကူကယ်ရာမဲ့​တွေ​ဘက်က ရပ်တည်​ကာကွယ်​တတ်​သူလည်း ဖြစ်တယ်။ ယောဘ​တို့ ဇနီးမောင်နှံ​မှာ သားသမီး ဆယ်ယောက် ရှိတယ်။ အရေးပါဆုံး​ကတော့ ယောဘဟာ ယေဟောဝါနဲ့ ဆက်ဆံရေး​ကောင်း​သူ ဖြစ်တယ်။ ဆွေမျိုး နည်းနည်း​ဝေး​တဲ့ အာဗြဟံ၊ အိဇက်၊ ယာကုပ်၊ ယောသပ်တို့​လို​ပဲ ယေဟောဝါ မျက်နှာသာ ရဖို့ အစွမ်းကုန် ကြိုးစား​သူလည်း ဖြစ်တယ်။ အဲဒီ​ဘိုးဘေး​တွေ​လို​ပဲ ယောဘဟာ မိသားစု​အတွက် ပုရောဟိတ်​တာဝန် ယူပြီး သားသမီးတွေ​အတွက် ပူဇော်သက္ကာ ဆက်သ​လေ့​ရှိတယ်။—ယောဘ ၁:၁-၅။ ၃၁:၁၆-၂၂

ဒါပေမဲ့ ရုတ်တရက် ဇာတ်ကွက် ပြောင်း​သွားတယ်။ ကောင်းကင်မှာ ဖြစ်ပျက်​နေတာတွေကို ဖတ်​ရတယ်။ ဒါတွေကို ယောဘ မသိနိုင်​ခဲ့​ဘူး။ ယေဟောဝါရဲ့ သစ္စာရှိ ကောင်းကင်တမန်တွေ အခစား​ဝင်​တဲ့အခါ ပုန်ကန်တဲ့​ကောင်းကင်တမန် စာတန်​လည်း ဘုရား​ရှေ့ ဝင်​လာတယ်။ ဖြောင့်မတ်သူ ယောဘ​ကို စာတန် အထင်သေး​မှန်း ယေဟောဝါ သိထားတယ်။ ဒါကြောင့် ယောဘ ဘယ်လောက် သမာဓိ​ရှိကြောင်း ပြောတယ်။ အဲဒီအခါ “ယောဘ​က ဘာ​အကျိုး​မှ မရဘဲ ဘုရားသခင်ကို ကြောက်​ပါ့မလား။ ခင်ဗျား​က သူ့ကို​ရော သူ့​အိမ်နဲ့ ပိုင်ဆိုင်သမျှကို​ပါ ကာကွယ်​ပေးထား​တာ​ကိုး” လို့ စာတန် ပြန်​ပြောတယ်။ သမာဓိ​စောင့်သိ​သူတွေကို စာတန် မုန်းတယ်။ ယေဟောဝါဘုရား​အပေါ် သူတို့ အကြွင်းမဲ့ သစ္စာစောင့်သိ​တဲ့အခါ စာတန် ဘယ်လောက် မေတ္တာ​ခေါင်းပါး​တယ်​ဆိုတာ ပေါ်လွင်​စေ​ကြတယ်။ ဒါကြောင့် စာတန်​က ယောဘဟာ အကျိုး​လို​လို့ ဘုရားကို ဝတ်ပြု​နေတာ၊ ပိုင်ဆိုင်သမျှ ဆုံးရှုံးသွား​ရင် ယေဟောဝါကို ရှေ့မှာ​တင် ကျိန်ဆဲ​လိမ့်မယ်လို့ စွပ်စွဲတယ်။—ယောဘ ၁:၆-၁၁

စာတန်ရဲ့ စွပ်စွဲချက် မှား​ကြောင်း သက်သေထူ​ဖို့ အခွင့်အရေးကြီး ယေဟောဝါ ပေးအပ်​ထားမှန်း ယောဘ မသိခဲ့ဘူး။ ယောဘ ပိုင်ဆိုင်သမျှကို စာတန် လုယက်​ပိုင်ခွင့် ရသွားတယ်။ လူကို​တော့ ထိ​ခွင့် မရှိဘူး။ စာတန်​လည်း ရက်စက်တဲ့​နည်း​တွေ စ​သုံး​တော့​တယ်။ တစ်ရက်တည်းမှာ​ပဲ စိတ်​ဆင်းရဲ​စရာ အဖြစ်ဆိုး​တွေ တစ်ခု​ပြီး တစ်ခု ယောဘ ကြုံ​လိုက်ရတယ်။ ပထမဆုံး နွား​တွေ၊ မြည်း​တွေ၊ အဲဒီနောက် သိုး​တွေ၊ ကုလားအုတ်​တွေ​စတဲ့ ခြံမွေး​တိရစ္ဆာန်တွေကို ရုတ်တရက် ဆုံးရှုံး​သွားတယ်။ တိရစ္ဆာန် ထိန်းကျောင်း​တဲ့ ကျွန်တွေ အသတ်​ခံရ​တာ ပို​ဆိုးတယ်။ ကျွန်​တစ်ယောက်က “ဘုရားသခင်ရဲ့ မီး” (ဖြစ်​နိုင်တာ​က မိုးကြိုး) ထိမှန်​လို့ သိုး​တွေ၊ ကျွန်တွေ လောင်ကျွမ်း​သွားတယ်​ဆိုပြီး သတင်းပို့​တယ်။ သူ့​လူတွေ အသက်​ကော ပစ္စည်းဥစ္စာ​တွေ​ပါ ဆုံးရှုံး​သွားတဲ့​အဖြစ်ကို နားမလည်​နိုင် ဖြစ်နေ​တုန်း​မှာ​ပဲ အဆိုးဆုံး သတင်းကို ကြားရ​ပြန်တယ်။ သားကြီး​အိမ်မှာ သားသမီး​ဆယ်ယောက် စုဆုံ​နေတုန်း ရုတ်တရက် တိုက်ခတ်​လာတဲ့ လေပြင်း​ကြောင့် အိမ်​ပြိုကျ​လို့ အားလုံး သေ​ကုန်ပြီ​တဲ့။—ယောဘ ၁:၁၂-၁၉

ယောဘ ဘယ်လို ခံစား​ရမယ်ဆိုတာ မှန်းဆ​ကြည့်ဖို့ မဖြစ်နိုင်ဘူး။ ယောဘ​က အဝတ်ကို ဆွဲဆုတ်၊ ဆံပင်ကို ရိတ်​ပြီး မြေပေါ်မှာ ပျပ်ဝပ်​နေတယ်။ ဘုရား ပေးသနား​ပြီး ဘုရားက​ပဲ ပြန်​ရုပ်သိမ်း​တယ်လို့ ကောက်ချက်​ချတယ်။ အဲဒီ​ဘေးဆိုးတွေ ဘုရားဆီက လာတာ​လို့ အထင်​ရောက်အောင် စာတန် အကွက်​ဆင်​ခဲ့တယ်။ ဒါပေမဲ့ စာတန် တွက်ဆ​ထား​သလို ယောဘ ဘုရားကို မကျိန်ဆဲ​ခဲ့​ဘူး။ “ယေဟောဝါရဲ့ နာမည်ကို အမြဲ ချီးမွမ်း​ကြပါစေ” လို့​ပဲ ပြောတယ်။—ယောဘ ၁:၂၀-၂၂

သူ့​အကြောင်း စာတန် မကောင်း​ပြော​နေမှန်း ယောဘ မသိ​ခဲ့

“ကျိန်းသေ ကျိန်ဆဲ​လိမ့်မယ်”

စာတန် ဒေါသ​ထွက်​ပေမဲ့ လက်မလျှော့​သေး​ဘူး။ ကောင်းကင်တမန်တွေ ယေဟောဝါ​ရှေ့ အခစားဝင်​ရတဲ့​နေ့ ရောက်တော့ စာတန်​လည်း ဝင်လာ​ပြန်တယ်။ စာတန်ရဲ့ တိုက်ခိုက်မှု​တွေ ကြုံနေ​ရပေမဲ့ ယောဘ သမာဓိ ခိုင်မြဲ​နေဆဲ ဖြစ်လို့ ယေဟောဝါ​က ချီးမွမ်းတယ်။ ဒါပေမဲ့ စာတန်​က “အသက်​အတွက် အသက်​ဆို​သလို​ပေါ့။ လူဟာ အသက်​ဆက်​ရှင်ဖို့ ကိုယ်​ပိုင်ဆိုင်သမျှကို ပေးမှာ​ပဲ။ အခု လက်ကို ဆန့်​ပြီး သူ့​အရိုး​နဲ့ အသားကို ထိခိုက်​ကြည့်ပါ​လား။ ခင်ဗျားကို ရှေ့မှာ​တင် ကျိန်းသေ ကျိန်ဆဲ​လိမ့်မယ်” လို့​ပြောတယ်။ ယောဘ​သာ နာလန်​မထူ​နိုင်အောင် ကျန်းမာရေး ချို့တဲ့​သွား​ရင် ဘုရားကို ကျိန်ဆဲ​မှာ​ပဲ​လို့ စာတန် ကျိန်းသေ တွက်​ထားတယ်။ ယေဟောဝါ​ကတော့ ယောဘ​ကို လုံးဝ ယုံကြည်​စိတ်ချ​တဲ့​အတွက် ကျန်းမာရေး ချို့တဲ့​သွား​အောင် စာတန် လုပ်တာကို ခွင့်ပြုခဲ့တယ်။ သူ့​အသက်ကို​တော့ ထိ​ခွင့် မပေးဘူး။—ယောဘ ၂:၁-၆

မကြာခင်မှာပဲ ပထမ​အပိုဒ်​မှာ ဖော်ပြ​ထားတဲ့​အတိုင်း ယောဘ ကြုံတွေ့ရ​တော့​တယ်။ ယောဘရဲ့ ဇနီး​ခမျာ သားသမီး ဆယ်ယောက် ဆုံးပါးသွားလို့ ပူဆွေး​သောက ရောက်​တုန်း ရှိသေးတယ်။ အခု​တစ်ခါ ခင်ပွန်းသည် ဝေဒနာ ဆိုးဆိုးရွားရွား ခံစား​နေရတာ​ကို ဒီအတိုင်း ကြည့်နေ​ရတယ်။ ရင်ထဲမှာ မချိ​လွန်း​လို့ “ရှင် သမာဓိ ခိုင်မြဲ​နေတုန်းပဲ​လား။ ဘုရားသခင်ကို ကျိန်ဆဲ​ပြီး သေ​လိုက်ပါ​တော့” ဆိုပြီး ပြောတယ်။ ယောဘ သိခဲ့ ချစ်​ခဲ့​တဲ့ ဇနီး ပြော​ထွက်တာ​မှ ဟုတ်ရဲ့လား။ သတိ​လက်လွတ် ဖြစ်သွား​လို့ ပြော​မိ​တာ နေမှာ​ပါ​ဆိုပြီး ယောဘ တွေး​တယ်။ ဘုရားသခင်ကို သူ မကျိန်ဆဲ​ဘူး။ နှုတ်​နဲ့​တောင် မပြစ်မှား​ဘူး။—ယောဘ ၂:၇-၁၀

ဝမ်းနည်းစရာ ဒီ​ဖြစ်ရပ်မှန်​က သင့်ကို အကျိုး​သက်ရောက်​နေမှန်း သိပါသလား။ စာတန်ရဲ့ စွပ်စွဲချက်​က ယောဘ​တစ်ယောက်တည်း​ကို မဟုတ်ဘဲ လူသား​အားလုံးကို ရည်ရွယ်​နေတယ်​ဆိုတာ သတိပြုပါ။ လူဟာ အသက်​ဆက်​ရှင်ဖို့ ကိုယ်​ပိုင်ဆိုင်သမျှကို ပေးမှာ​ပဲ” လို့ စာတန် ပြောတယ်။ တစ်နည်း​ပြော​ရ​ရင် ယေဟောဝါအပေါ် အကြွင်းမဲ့ သစ္စာစောင့်​မယ့်​သူ မရှိဘူးလို့ စာတန် ယူဆတယ်။ သင်ဟာ ဘုရားသခင်ကို တကယ် မချစ်​ဘူး၊ ကိုယ့်​အသက် ဆက်​ရှင်​နိုင်ဖို့ ဘုရားကို စွန့်ခွာ​သွားမှာပါ​လို့ အခိုင်အမာ ပြောတယ်။ သူ့လို​ပဲ သင်လည်း တစ်ကိုယ်ကောင်း​ဆန်တယ်​လို့ ပြော​နေတာ။ စာတန့်​အဆို မှား​ကြောင်း သက်သေပြ​ချင်​သလား။ သက်သေပြ​နိုင်တဲ့ အခွင့်အရေး ကျွန်တော်တို့​ယောက်တိုင်းမှာ ရှိတယ်။ (ပညာအလိမ္မာ ၂၇:၁၁) နောက်ပိုင်းမှာ ယောဘ ဘာတွေ ကြုံ​ရသလဲ​ဆိုတာ ကြည့်ရအောင်။

နှစ်သိမ့်​ပေးဖို့ ပျက်ကွက်သူ​များ

ယောဘ ဒုက္ခ​ရောက်နေတဲ့​အကြောင်းကို အသိ​မိတ်ဆွေ သုံးယောက် ကြားတဲ့​အခါ နှစ်သိမ့်​ပေးဖို့ ရောက်​လာကြတယ်။ ယောဘ​ကို အဝေးကနေ လှမ်းမြင်​ပေမဲ့ မမှတ်မိ​ကြဘူး။ ဆိုးရွား​ပြင်းထန်တဲ့ ရောဂါ​ကြောင့် အရေပြား ညို​မည်း​နေလို့ ယောဘ​ရုပ်​ကို မနည်း​ဖမ်း​ကြည့်​ရတယ်။ ဧလိ​ဖတ်၊ ဗိလဒဒ်၊ ဇောဖာ​ဆိုတဲ့ မိတ်ဆွေ​သုံးယောက်​က သိပ်​ဝမ်းနည်း​တဲ့ ပုံစံ​နဲ့ အကြီးအကျယ် ငို​ကြတယ်။ မြေမှုန့်​တွေကို ခေါင်း​ပေါ် ပစ်​တင်​ကြတယ်။ စကား​တစ်ခွန်း​မှ မပြော​ဘဲ ယောဘ​နဲ့​အတူ မြေပေါ်မှာ ထိုင်​ကြတယ်။ နေ့ရော​ညပါ ခုနစ်​ရက်​လုံး နှုတ်ဆိတ်​ပြီး ထိုင်​ကြတယ်။ နှစ်သိမ့်​ပေးတဲ့​အနေနဲ့ နှုတ်ဆိတ်​နေကြတာ​လို့ မထင်​လိုက်ပါ​နဲ့။ မျက်စိ​နဲ့ မြင်​လို့​သာ ယောဘ အကြီးအကျယ် ဝေဒနာ ခံစား​နေမှန်း သိ​ကြ​တာ၊ ယောဘရဲ့ အခြေအနေကို စိတ်ဝင်တစား တစ်ခွန်း​မှ မေး​ဖော်​မရဘူး။—ယောဘ ၂:၁၁-၁၃။ ၃၀:၃၀

ဒီလိုနဲ့ ယောဘ​က​ပဲ စကား စပြော​ရတယ်။ နာကျင်​ခံစားရ​လွန်း​လို့ သူ​မွေးတဲ့​နေ့ကို ကျိန်ဆဲ​တယ်။ ပြီးတော့ မချိမဆံ့ ဝေဒနာ ခံစား​နေရတဲ့ အကြောင်းရင်းကို ပြောပြတယ်။ ဒုက္ခရောက်​နေတာ ဘုရား​ကြောင့်​လို့ ထင်နေတာကိုး။ (ယောဘ ၃:၁၊ ၂၊ ၂၃) ဘုရားသခင်ကို ယောဘ ယုံကြည်​ဆဲ ဖြစ်ပေမဲ့ နှစ်သိမ့်မှု အလွန့်အလွန် လိုအပ်​နေတယ်။ ဒါပေမဲ့ စကား​လည်း ပြော​ကြ​ရော မိတ်ဆွေ​တွေ တိတ်တိတ်​နေတာ​ကမှ ပို​ကောင်း​ပါလား​ဆိုတာ ယောဘ သိလိုက်​ရတယ်။—ယောဘ ၁၃:၅

ယောဘ​ထက် အသက်​ပို​ကြီး​ပုံ​ရတဲ့ ဧလိဖတ်​က စ​ပြောတယ်။ ကျန်တဲ့ နှစ်ယောက်​လည်း စကား ပြော​လာတယ်။ ဧလိဖတ် ပြော​သွားတာ​တွေကို ယောင်ဝါးဝါး လိုက်​ပြော​ကြတာပါ။ ဘုရားက မြင့်မြတ်တယ်၊ လူဆိုးတွေကို ဒဏ်ခတ်​ပြီး လူကောင်းတွေကို ဆု​ချတယ်​စတဲ့ အမှန်တရား​တွေ၊ လူတွေ ပြောနေကျ ဖန်​တစ်ရာ​တေ စကားတွေကိုလည်း ပြော​ကြပါ​ရဲ့။ ဒါပေမဲ့ စပြော​ကတည်း​ကို​က နာကျင်​စရာတွေ​ချည်း​ပဲ။ ဧလိ​ဖတ်​က ကောင်းမြတ်တဲ့​အရှင် ဘုရားသခင်ဟာ မကောင်း​သူတွေကို ပြစ်ဒဏ်​ပေးတယ်၊ ယောဘ ဒဏ်ပေး​ခံ​နေ​ရတယ်​ဆိုတော့ မကောင်းမှု​တစ်ခုခု လုပ်ခဲ့လို့ ဖြစ်​ရမယ်လို့ ကျိုးကြောင်း​ဆင်ခြင်​ပြတယ်။—ယောဘ ၄:၁၊ ၇၊ ၈။ ၅:၃-၆

ဒါကို ယောဘ လက်မခံ​ဘူး။ ပြတ်ပြတ်သားသား ငြင်းတယ်။ (ယောဘ ၆:၂၅) ဒါပေမဲ့ မိတ်ဆွေ​သုံးယောက်​ကတော့ ယောဘ အပြစ်​လုပ်ပြီး ဖုံးကွယ်​ထားလို့ အခုလို ဒုက္ခကြုံ​နေရတာ​လို့ ယူဆတယ်။ ယောဘ ရောင့်တက်​တယ်၊ ဘုရားကို မကြောက်​တဲ့​သူ၊ လူဆိုး​လို့ ဧလိဖတ်​က စွပ်စွဲတယ်။ (ယောဘ ၁၅:၄၊ ၇-၉၊ ၂၀-၂၄။ ၂၂:၆-၁၁) မကောင်းမှုတွေကို စွန့်ပစ်​ပါ၊ မကောင်းမှုကို ခံတွင်းတွေ့​မနေ​ပါ​နဲ့​တော့​လို့ ဇောဖာ ပြောတယ်။ (ယောဘ ၁၁:၂၊ ၃၊ ၁၄။ ၂၀:၅၊ ၁၂၊ ၁၃) ဗိလဒဒ်​က ပို​ဆိုး​သေးတယ်။ ယောဘရဲ့ သားတွေ အပြစ်​လုပ်လို့ သူတို့​မိုက်ပြစ် သူတို့ ပြန်​ခံရ​တာ​ဆိုပြီး နာ​အောင် ပြောတယ်။—ယောဘ ၈:၄၊ ၁၃

ယောဘရဲ့ မိတ်ဆွေ သုံးယောက် နှစ်သိမ့်​ပေးမယ့်​အစား ပို​ထိခိုက်​နာကျင်စေ

သမာဓိ​စောင့်သိမှု တိုက်ခိုက်​ခံရ

လွဲမှား​နေတဲ့ မိတ်ဆွေ​တွေ​က ဒီထက်​ဆိုး​တာ လုပ်ခဲ့ကြတယ်။ ယောဘရဲ့ သမာဓိကို သံသယ​ဝင်​ကြ​ရုံ​မ​က သမာဓိ​စောင့်​ခြင်းက ဘာ​အကျိုး​မှ မရှိဘူးလို့ ပြော​ကြတယ်။ ဧလိဖတ်​ရဲ့ ပထမ​ပြောဆိုချက်​မှာ ဝိညာဉ်​တစ်ကောင်​နဲ့ တုန်လှုပ်​ချောက်ချား​ဖွယ် တွေ့ဆုံမှု​အကြောင်း ပါတယ်။ အဲဒီ​နတ်ဆိုးနဲ့ တွေ့ဆုံ​ပြီးနောက် ဘုရားသခင်ဟာ “မိမိရဲ့ ကျွန်တွေကို မယုံ​ဘူး။ ကောင်းကင်တမန်တွေကို​တောင် အပြစ်ရှာ​သေး​တာ” ဆိုတဲ့ ဧလိ​ဖတ်​ရဲ့ ကောက်ချက်​က အန္တရာယ်​ရှိတယ်။ ဒီအတိုင်း​သာ​ဆိုရင် လူသားတွေ ဘုရား​မျက်နှာသာ ရဖို့ မဖြစ်​နိုင်တော့ဘူး။ ဗိလဒဒ်​က လောက်ကောင်​ကို ဘုရား ဂရုမစိုက်​သလို ယောဘ သမာဓိ​စောင့်သိ​တာ​ကိုလည်း ဘုရား အရေး​မစိုက်​ဘူးလို့ ပြော​ပြန်တယ်။—ယောဘ ၄:၁၂-၁၈။ ၁၅:၁၅။ ၂၂:၂၊ ၃။ ၂၅:၄-၆

မချိမဆံ့ ဝေဒနာ ခံစား​နေရသူ​တစ်ဦးကို နှစ်သိမ့်​ပေး​ဖူးပါသလား။ လွယ်​တော့ မလွယ်​ဘူး။ အထူးသဖြင့် ဘယ်လို​စကားတွေ မပြော​သင့်​ဘူး​လဲ​ဆိုတာနဲ့​ပတ်သက်ပြီး ယောဘရဲ့ လွဲမှား​နေတဲ့ မိတ်ဆွေ​တွေ​ဆီကနေ သင်ခန်းစာ အများကြီး ယူ​နိုင်တယ်။ သုံးယောက်​သား စကား​ကြီး​စကား​ကျယ်​တွေ သုံးပြီး ကျိုးကြောင်း​ဆင်ခြင်​ပြ​သွား​လိုက်တာ မပြီး​နိုင်တော့ဘူး။ ဒါပေမဲ့ ယောဘရဲ့ နာမည်ကို တစ်ခွန်း​မှ ထည့်​မပြောကြဘူး။ ယောဘ ရင်ကွဲနာ​ကျနေ​တယ်​ဆိုတာ ထည့်မတွက်​လို့ ယောဘ​အပေါ် သက်ညှာ​ရ​ကောင်း​မှန်း​လည်း မစဉ်းစား​မိ​ကြဘူး။ * ဒါကြောင့် သင် ချစ်ခင်​ရသူ​တစ်ဦး ဝမ်းနည်း​ကြေကွဲ​နေရင် နွေးထွေး​ကြင်နာမှု ပြပါ။ ယုံကြည်ခြင်း ခိုင်ခံ့​လာစေဖို့ အားပေးပါ။ ဘုရားသခင် သနား​ကြင်နာ​တတ်တယ်၊ တရား​မျှတတယ်​ဆိုတာ ယုံကြည်​စိတ်ချ​ပြီး ဘုရားကို အားကိုး​လာစေဖို့ ကူညီ​ပေးပါ။ မိတ်ဆွေ​တွေ​သာ သူ့​နေရာမှာ​ဆိုရင် ယောဘ အဲဒီလိုလုပ်​ပေးမှာ သေချာတယ်။ (ယောဘ ၁၆:၄၊ ၅) သမာဓိ​နဲ့​ပတ်သက်ပြီး သူတို့ရဲ့ တရစပ် ထိုးနှက်​တိုက်ခိုက်မှု​တွေကို ယောဘ ဘယ်လို တုံ့ပြန်​ခဲ့သလဲ။

ယောဘ အခိုင်အမာ ရပ်တည်

စကား​စစ်​ထိုး​ပွဲ မစ​ခင်​ကတည်းက ယောဘ​ခမျာ တော်တော်လေး စိတ်ဓာတ်ကျ​နေပြီ။ တစ်ခါတလေ သူ ‘မဆင်မခြင် ပြောမိတယ်၊’ ‘ကြံရာမရ ဖြစ်နေ​သူရဲ့ စကားတွေ’ ပြောမိတယ်​လို့ ဝန်ခံ​ခဲ့တယ်။ (ယောဘ ၆:၃၊ ၂၆) သူ ဘာကြောင့် အဲဒီလို​ပြော​မှန်း နားလည်​နိုင်ပါတယ်။ စိတ်​ဆင်းရဲလွန်းလို့၊ ဘာကြောင့် ဒါတွေ ကြုံနေ​ရ​မှန်း နားမလည်​နိုင်လို့ပဲ။ မိသားစု​အပေါ် ဘေးဆိုး ရုတ်တရက် ကျရောက်​တာ​တွေ​က သဘာဝလွန် ဖြစ်ပုံရ​တဲ့​အတွက် ယေဟောဝါ​ကြောင့် ဖြစ်မယ်လို့ ယောဘ ယူဆ​သွားတယ်။ ယောဘ မသိ​လိုက်တဲ့ အရေးကြီး ဖြစ်ရပ်တွေ​လည်း ဖြစ်ပျက်ခဲ့တယ်။ ဒါကြောင့် ကောက်ချက်​အမှားတွေ ချ​ခဲ့​မိတယ်။

ဒါပေမဲ့ ယောဘဟာ ယုံကြည်ခြင်း ခိုင်ခံ့​မြဲမြံ​သူ ဖြစ်တယ်။ ဒါကို သူ ပြောခဲ့တဲ့ စကား​တချို့မှာ တွေ့နိုင်တယ်။ မှန်ကန်​သင့်မြတ်​တဲ့​စကား၊ ကျွန်တော်တို့​အတွက် အားပေးမှု ဖြစ်စေတဲ့ စကားတွေ​ပါပဲ။ ဘုရားရဲ့ အကူအညီ မပါဘဲ ဘယ်​လူသား​မှ မသိနိုင်​တဲ့ အံ့ဖွယ်​ဖန်ဆင်းရာတွေ​အကြောင်း ပြောပြပြီး ဘုရားကို ယောဘ ဂုဏ်တင်ခဲ့တယ်။ ဥပမာ၊ ယေဟောဝါ​က “ကမ္ဘာမြေကို ဘာနဲ့မှ မချိတ်ဆွဲ​ဘဲ ဆိုင်း​ထားတယ်” ဆိုပြီး သိပ္ပံ​တွေ့ရှိချက် မတိုင်ခင် ရာစုနှစ်များစွာ​ကတည်းက ဖော်ပြခဲ့တယ်။ * (ယောဘ ၂၆:၇) ယုံကြည်ခြင်း ခိုင်ခံ့တဲ့ တခြား​သူတွေလို​ပဲ သူ့ရဲ့ အနာဂတ် မျှော်လင့်ချက်​အကြောင်း ထုတ်​ပြောခဲ့တယ်။ သေသွား​ရင်တောင် ဘုရား သူ့ကို အောက်မေ့ သတိရ​မယ်၊ အသက်ပြန်ရှင်​စေမယ်လို့ ယုံကြည်​ထားတယ်။—ယောဘ ၁၄:၁၃-၁၅။ ဟီဘရူး ၁၁:၁၇-၁၉၊ ၃၅

သမာဓိ​စောင့်​ခြင်း​ကိစ္စ​ကော။ ဧလိဖတ်​နဲ့ မိတ်ဆွေ​နှစ်ဦး​က လူတွေ သမာဓိ​စောင့်​ခြင်း မစောင့်​ခြင်းက ဘုရားအတွက် အရေး​မပါဘူး​လို့ ပြော​ကြတယ်။ ဒါကို ယောဘ လက်ခံ​သလား။ လုံးဝ လက်မခံ​ဘူး။ သမာဓိ​စောင့်​ခြင်း​ကို ဘုရား အလေးထားတယ်​လို့ အခိုင်အမာ ဆိုတယ်။ ယေဟောဝါ​က “ကျုပ်ရဲ့ သမာဓိကို သိလာ​ပါလိမ့်မယ်” လို့ ယုံကြည်မှု​အပြည့်​နဲ့ ပြောတယ်။ (ယောဘ ၃၁:၆) နှစ်သိမ့်​စကား ပြော​မယ့်​သူ သုံးယောက်​က တကယ်တော့ မိမိ​သမာဓိ​စောင့်သိ​တာ​ကို တိုက်ခိုက်​နေကြ​မှန်း ယောဘ ကောင်းကောင်း သိ​သွားတယ်။ ဒါကြောင့် ယောဘ အကြာကြီး ချေပ​ပြော​လိုက်တာ သုံးယောက်စလုံး ပါးစပ်ပိတ်​သွားတော့တယ်။

နေ့စဉ်​ဘဝမှာ​လည်း သမာဓိ​စောင့်သိဖို့ လို​ကြောင်း ယောဘ သိထားတယ်။ ဒါကြောင့် သမာဓိ​ရှိရှိ ဘယ်လို နေထိုင်​ပြုမူ​ကြောင်း ပြောပြတယ်။ ဥပမာ၊ ရုပ်တု​ကိုးကွယ်မှု​ပုံစံ​အားလုံးကို ရှောင်တယ်။ သူတစ်ပါးကို ကြင်နာတယ်။ ဂုဏ်တင်တယ်။ ကိုယ်ကျင့်တရား သန့်ရှင်းတယ်။ အိမ်ထောင်​ကို လေးစားတယ်။ အရေးကြီးဆုံး​ကတော့ တစ်ဆူတည်းသော စစ်မှန်တဲ့​ဘုရား ယေဟောဝါကို အကြွင်းမဲ့ သစ္စာ​စောင့်သိတယ်။ ဒါကြောင့် “သေတဲ့အထိ ကျုပ်ရဲ့ သမာဓိကို မစွန့်​ဘူး” လို့ ပြော​နိုင်ခဲ့တယ်။—ယောဘ ၂၇:၅။ ၃၁:၁၊ ၂၊ ၉-၁၁၊ ၁၆-၁၈၊ ၂၆-၂၈

ယောဘ သမာဓိကို မစွန့်

ယောဘရဲ့ ယုံကြည်ခြင်းကို တုပပါ

သမာဓိ​စောင့်​ခြင်း​ကို ယောဘ​လို​ပဲ သင်​ကော အလေးထား​သလား။ သမာဓိ​စောင့်သိ​ပါတယ်လို့ ပြောရုံနဲ့ မပြီး​ဘူး၊ အလုပ်နဲ့ သက်သေထူ​ဖို့ လိုတယ်။ ကိုယ့်​အတွက် အဆင်မပြေ​ရင်တောင် ဘုရား​စကား နားထောင်ခြင်း၊ နေ့စဉ်​အသက်တာမှာ ဘုရား ကြိုက်​နှစ်သက်ရာကို လုပ်ဆောင်ခြင်း​အားဖြင့် အကြွင်းမဲ့ သစ္စာ​စောင့်သိကြောင်း ပြ​ကြတယ်။ ဒါဆိုရင် ယေဟောဝါကို ပျော်ရွှင်​စေမယ်။ ဟို​တုန်း​က ယောဘ လုပ်ခဲ့​သလိုပဲ ဘုရားရဲ့ ရန်သူ စာတန်ကို စိတ်ပျက်​စေ​ကြမယ်။ ယောဘရဲ့ ယုံကြည်ခြင်းကို တုပ​နိုင်တဲ့ အကောင်းဆုံးနည်းပါ​ပဲ။

ယောဘရဲ့ ဇာတ်လမ်း မပြီးသေး​ပါဘူး။ တစ်ဖက်သတ်​ဆန်ဆန် ကိုယ်​ဖြောင့်မတ်​ကြောင်း ပြော​ရင်း ဘုရား​ဘက် ရပ်တည်​နေမှန်း မေ့သွား​တယ်။ သူ့ကို တည့်မတ်​ပေးဖို့၊ ဘုရားရေးရာ အမြင်မျိုး ရှိအောင် ကူညီ​ပေးဖို့ လို​နေတယ်။ ဝမ်းနည်းပူဆွေးမှု၊ နာကျင်မှု​တို့​ကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေလို့ စစ်မှန်တဲ့ နှစ်သိမ့်မှု အကြီးအကျယ် လိုအပ်​နေတယ်။ ယုံကြည်ခြင်း ရှိသူ၊ သမာဓိ​စောင့်သိ​သူ​အတွက် ယေဟောဝါ ဘာလုပ်​ပေး​မလဲ။ ဒီ​အခန်းဆက် ဆောင်းပါး​က အဖြေ​ပေးပါလိမ့်မယ်။

^ အပိုဒ်၊ 17 အသံ​ကျယ်ကျယ် မပြောကြဘူး​ဆိုတော့ ယောဘ​ကို သူတို့ ညင်ညင်သာသာ ပြော​နေတယ်လို့ ဧလိဖတ် ထင်နေတယ်။ (ယောဘ ၁၅:၁၁) ပျော့ပျောင်း​ညင်သာ​တဲ့ စကားတွေက​လည်း စိတ်ထိခိုက်​နာကျင်စေ​နိုင်ပါတယ်။

^ အပိုဒ်၊ 19 အနှစ် ၃,၀၀၀ ကျော်​ပြီးမှ ကမ္ဘာကြီးဟာ ဘယ်​အရာဝတ္ထု​ပေါ်မှာ​မှ တည်ရှိ​မနေဘူး​ဆိုတဲ့ သီအိုရီ​ကို သိပ္ပံ​ပညာရှင်​တွေ လက်ခံ​လာကြတယ်။ အာကာသ​က ဓာတ်ပုံတွေကို လူသားတွေ မြင်ရ​ချိန်​ကျ​မှ ယောဘရဲ့ အဆို မှန်တယ်​ဆိုတာ ယုံ​လာကြတယ်။