မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ

ဒေါသ ထိန်းချုပ်နိုင်ပုံ

ဒေါသ ထိန်းချုပ်နိုင်ပုံ

 အိမ်ထောင်ဖက်ရဲ့ အပြော ဒါမှမဟုတ် လုပ်ရပ်ကြောင့် ဒေါသထွက်နေပေမဲ့ ထိန်းချုပ်နေတာကို အိမ်ထောင်ဖက်က သံသယဝင်ပြီး စစ်စစ်ပေါက်ပေါက် ထပ်မေးလာတယ်။ ဒါနဲ့ ဒေါသ ပိုထွက်လာတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒေါသမပေါက်ကွဲအောင် ဘယ်လို ထိန်းချုပ်နိုင်မလဲ။

 သိထားသင့်ရာ

  •   ဒေါသပေါက်ကွဲတာက ကျန်းမာရေးကို ထိခိုက်နိုင်တယ်။ ဒေါသ မထိန်းသူတွေမှာ သွေးတိုး၊ နှလုံး၊ စိတ်ကျရောဂါနဲ့ အစာအိမ်ရောဂါ ဖြစ်နိုင်ခြေများကြောင်း လေ့လာမှုတွေအရ သိရတယ်။ ဒေါသနဲ့ အိပ်မပျော်တဲ့ရောဂါဟာ ချိတ်ဆက်နေတယ်။ ပူပင်သောက များစေတယ်။ အရေပြားရောဂါနဲ့ လေဖြတ်ဖို့ အကြောင်း များတယ်။ ဒါကြောင့် ကျမ်းစာက “အမျက်မထွက်နဲ့။ ... အကျိုးယုတ်တာပဲ အဖတ်တင်မယ်” လို့ ဆိုထားတာ။—ဆာလံ ၃၇:၈၊ အောက်ခြေမှတ်ချက်။

  •   ဒေါသကို မျိုသိပ်ထားတာကလည်း ဆိုးကျိုး ဖြစ်စေနိုင်တယ်။ ဒေါသ တအုံနွေးနွေး ဖြစ်နေတာက ခန္ဓာကိုယ်ထဲ လှိုက်စားနေတဲ့ ရောဂါနဲ့ တူတယ်။ ဥပမာ၊ အပြစ်ရှာတတ်တဲ့ သဘောထား ရှိနေရင် အိမ်ထောင်ရေး အဆင်ပြေမှာ မဟုတ်ဘူး၊ အိမ်ထောင်ကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်။

 လုပ်ဆောင်နိုင်ရာ

  •   အိမ်ထောင်ဖက်ရဲ့ အရည်အသွေးကောင်းကို ရှာကြည့်ပါ။ အိမ်ထောင်ဖက်ရဲ့ ကိုယ်နှစ်သက်တဲ့ အရည်အသွေးသုံးခုကို ချရေးပါ။ အိမ်ထောင်ဖက်ကြောင့် ဒေါသထွက်လာတဲ့အခါ အဲဒီ အရည်အသွေးတွေကို ပြန်စဉ်းစားပါ။ ဒေါသ ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။

     ကျမ်းစာ အခြေခံမူ– “ကျေးဇူးသိတတ်ကြပါ။”—ကောလောသဲ ၃:၁၅

  •    ခွင့်လွှတ်တတ်အောင် ကြိုးစားပါ။ ဦးဆုံး၊ ပြဿနာကို အိမ်ထောင်ဖက်ရဲ့ ရှုထောင့်ကနေ ကြည့်ဖို့ ကြိုးစားပါ။ ဒါဆိုရင် “ကိုယ်ချင်းစာစိတ်” ရှိလာမယ်။ (၁ ပေတရု ၃:၈) အဲဒီနောက် ‘ဒေါသထွက်ရတဲ့ အကြောင်းရင်းက ခွင့်မလွှတ်နိုင်လောက်အောင် ကြီးကျယ်လို့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

     ကျမ်းစာ အခြေခံမူ– “အမှားကို ဗွေမယူတာဟာ ... အလှပဲ။”—ပညာအလိမ္မာ ၁၉:၁၁

  •    ကိုယ့်ခံစားချက်ကို ကြင်နာစွာ၊ လိမ္မာပါးနပ်စွာ ဖော်ပြပါ။ “ဘယ်ရောက်နေတယ်ဆိုတာ အကြောင်းမကြားဘူး ဆိုကတည်းက မင်းဟာ/ရှင်ဟာ တော်တော်မစာနာတတ်သူဘဲ” လို့ ပြောမယ့်အစား “မိုးကလည်း ချုပ်နေပြီဆိုတော့ အန္တရာယ်မှ ကင်းရဲ့လားလို့ ကိုယ်/ကျွန်မ စိုးရိမ်နေတာ” လို့ပြောပါ။ ကိုယ့်ခံစားချက်ကို နူးညံ့သိမ်မွေ့စွာ ပြောတဲ့အခါ ဒေါသကို ထိန်းချုပ်နိုင်တယ်။

     ကျမ်းစာ အခြေခံမူ– “ဆားခတ်ထားတဲ့ အစာဟာ အရသာရှိသလို ယဉ်ကျေးတဲ့စကားတွေဟာ နှစ်သက်စရာ ဖြစ်စေတယ်။ ဒါကြောင့် စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ။”—ကောလောသဲ ၄:၆

  •    ဂရုတစိုက် နားထောင်ပါ။ ကိုယ့်ခံစားချက်ကို ပြောပြီးသွားရင် အိမ်ထောင်ဖက် ပြောတာကို ကြားဖြတ်မပြောဘဲ နားထောင်ပါ။ အိမ်ထောင်ဖက် စကားပြောပြီးသွားတဲ့အခါ သူပြောတာကို အမှန်အတိုင်း နားလည်ရဲ့လားဆိုတာ ပြန်ဆန်းစစ်ပါ။ နားထောင်ပေးတာ တစ်ခုတည်းနဲ့တောင် ဒေါသ ထိန်းချုပ်နိုင်အောင် ကူညီပေးနိုင်တဲ့ အရေးပါတဲ့ လုပ်ရပ်ဖြစ်တယ်။

     ကျမ်းစာ အခြေခံမူ– “နားထောင်ဖို့ အမြဲအသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။”—ယာကုပ် ၁:၁၉