မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

သတင်းဆိုးတွေကြောင့် သားသမီးတွေ စိတ်ထိခိုက်သွားတာမျိုး မဖြစ်အောင် ကူညီပေးပါ

သတင်းဆိုးတွေကြောင့် သားသမီးတွေ စိတ်ထိခိုက်သွားတာမျိုး မဖြစ်အောင် ကူညီပေးပါ

 ပီပြင်တဲ့ ဗီဒီယိုပြကွက်တွေနဲ့အတူ စိတ်မချမ်းသာစရာ သတင်းတွေကို တီဗီ၊ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတွေကနေ အမြဲလိုလို မြင်နေကြားနေရတယ်။

 ဒီသတင်းတွေကို သားသမီးတွေလည်း ကြည့်နေမြင်နေရတယ်။

 သတင်းဆိုးတွေကြောင့် သားသမီးတွေ စိတ်ထိခိုက်သွားတာမျိုး မဖြစ်အောင် ဘယ်လို ကူညီပေးနိုင်မလဲ။

   သတင်းတွေက သားသမီးတွေကို ဘယ်လို ထိခိုက်စေသလဲ

  •   သားသမီးတွေဟာ သတင်းမှာ မြင်နေရတဲ့ အနိဋ္ဌာရုံတွေကြောင့် စိတ်ထိခိုက်ကြရတယ်။ တချို့ကလေးတွေက ခံစားချက်ကို ထုတ်မပြပေမဲ့ အနိဋ္ဌာရုံသတင်းကြောင့် အလွန် စိတ်ထိခိုက်ရတယ်။ a မိဘတွေ အစိုးရိမ်လွန်လေ ကလေးတွေ ပိုစိတ်ပူလေ ဖြစ်နိုင်တယ်။

  •   သတင်းမှာ မြင်တွေ့နေရတာကို သားသမီးတွေ နားလည်မှု လွဲနိုင်တယ်။ ဥပမာ၊ တချို့ကလေးတွေက သတင်းထဲကအတိုင်း ကိုယ့်မိသားစုမှာ ဖြစ်လာမယ်လို့ ထင်သွားကြတယ်။ စိတ်မချမ်းသာစရာ မြင်ကွင်းတစ်ခုကို ထပ်ခါထပ်ခါ ကြည့်နေရတဲ့အခါ ကလေးငယ်က ဒါမျိုးတွေချည်းပဲ ဖြစ်နေတယ်လို့ ထင်သွားနိုင်တယ်။

  •   သတင်းမှာပါသလို တကယ်အခြေအနေဆိုးတာ ဟုတ်မဟုတ် ကလေးတွေ နားလည်ချင်မှ နားလည်မယ်။ ကလေးတွေ မသိတဲ့အချက်က သတင်းအေဂျင်စီတွေအတွက် ကြည့်ရှုသူ များလေ စီးပွားဖြစ်လေဆိုတာပါပဲ။ ပိုစိတ်လှုပ်ရှားစရာ သတင်းဖြစ်အောင်၊ ကြည့်လေ ကြည့်ချင်လေ ဖြစ်အောင် သူတို့ ဖန်တီးထားနိုင်တယ်။

သတင်းတွေကြောင့် သားသမီးတွေ စိတ်ဆင်းရဲရတာမျိုး မဖြစ်အောင် ဘယ်လို ကူညီပေးနိုင်မလဲ

  •   စိတ်မချမ်းသာစရာ သတင်းတွေ ကြည့်ချိန်ကို ကန့်သတ်ပေးပါ။ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်ပျက်နေမှန်း သားသမီးတွေ မသိသင့်ဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ စိတ်မချမ်းသာစရာ သတင်းတွေချည်းပဲ မြင်နေကြားနေရင်တော့ မကောင်းဘူး။

     “ကျွန်မတို့လင်မယား သတင်းဆိုးတွေအကြောင်း အသေးစိတ် ပြောဖြစ်ကြတယ်။ ဒါကို ကြားနေရတဲ့ ကလေးတွေအပေါ် သက်ရောက်မှု ရှိမယ်ဆိုတာ မသိခဲ့ကြဘူး။”—မာရီယာ။

     ကျမ်းစာအခြေခံမူ။ “စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေတယ်။”—ပညာအလိမ္မာ ၁၂:၂၅

  •   စိတ်ရှည်ရှည် နားထောင်ပါ။ စာနာမှုရှိရှိ တုံ့ပြန်ပါ။ ကိုယ့်ကလေးက ဖြစ်ရပ်ကို ပြောပြဖို့ ခက်နေရင် ပုံဆွဲပြခိုင်းပါ။ ကလေးစိုးရိမ်နေတာ သက်သာအောင် စကားလုံးရိုးရိုးလေးနဲ့ ပြောပြပေးပါ။ မလိုအပ်တဲ့ အသေးစိတ်အချက်တွေကို မပြောပါနဲ့။

     “သမီးနားမှာ ထိုင်ပြီး နားထောင်ပေးရင် သူစိတ်ပျော်ပုံရတယ်။ ‘ဒါမျိုး ဖြစ်နေကျပဲ။ ဘာဆန်းလို့လဲ။ ရိုးသွားမှာပါ’ လို့ပဲ ပြောလိုက်ရင် သူ စိတ်မသက်မသာဖြစ်မှာပဲ။”—စာရာ။

     ကျမ်းစာအခြေခံမူ။ “နားထောင်ဖို့ အမြဲအသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။”—ယာကုပ် ၁:၁၉

  •   သတင်းရဲ့ အဖြစ်မှန်ကို ကလေး နားလည်အောင် ကူညီပေးပါ။ ဥပမာ၊ ပြန်ပေးဆွဲတဲ့သတင်းတစ်ခုက ဒီရာဇဝတ်မှုမျိုး တကယ်တမ်း ဖြစ်နေတာထက် ပိုအဖြစ်များနေသယောင် ထင်စေတယ်။ သင့်အနေနဲ့ ကလေး ဘေးမကြုံရအောင် ကာကွယ်ပေးနေတယ်ဆိုတဲ့အကြောင်း ရှင်းပြထားပါ။ သာမန်မဟုတ်ဘဲ ဖြစ်တောင့်ဖြစ်ခဲမို့ သတင်းထူး ဖြစ်နေတာဆိုတာကိုလည်း အမှတ်ရပါ။

     “ကလေးကို စိတ်ပိုင်းဆိုင်ရာအရ ကူညီပေးပါ။ အတွေးနောက်မှာ ခံစားချက် လိုက်ပါလာတဲ့အတွက် ကောင်းတာတွေကို အာရုံစိုက်လာအောင် ကလေးကို ကူညီပေးပါ။ ဒါဆိုရင် သူတို့ စိတ်ရွှင်ပျလာပါလိမ့်မယ်။”—လောဒက်စ်။

     ကျမ်းစာအခြေခံမူ။ “ဉာဏ်ပညာရှိသူက နှုတ်မှာ ထိုးထွင်းဉာဏ်ရှိစေတယ်။ နားဝင်အောင်ပြောနိုင်စွမ်း ရှိစေတယ်။”—ပညာအလိမ္မာ ၁၆:၂၃

a ကလေးငယ်တွေ အိပ်ရာမှာ သေးပေါက်ချတာ၊ ကျောင်းမသွားချင်တာ၊ မိဘအနားက မခွာချင်တာတွေက စိုးရိမ်ပူပန်မှု ဖော်ပြနည်းတစ်မျိုး ဖြစ်နိုင်တယ်။