မာတိကာဆီ ကျော်သွား

ကမ္ဘာကြီး ပြားတယ်လို့ သမ္မာကျမ်းစာ သွန်သင်သလား

ကမ္ဘာကြီး ပြားတယ်လို့ သမ္မာကျမ်းစာ သွန်သင်သလား

ကျမ်းစာအဖြေ

 ကမ္ဘာကြီး ပြားတယ်လို့ ကျမ်းစာ မသွန်သင်ပါဘူး။ a ကျမ်းစာဟာ သိပ္ပံပြဋ္ဌာန်းစာအုပ် မဟုတ်ပေမဲ့ သိပ္ပံပညာနဲ့ မဆန့်ကျင်ဘူး။ ကျမ်းစာအဆိုတွေကို “ခုရော၊ နောင်ရော အမြဲ စိတ်ချနိုင်တယ်။”—ဆာလံ ၁၁၁:၈

 ကျမ်းစာမှာ “မြေကြီးလေးမျက်နှာ” လို့ ဆိုထားတာက ဘာကို ဆိုလိုသလဲ

 “မြေကြီးလေးမျက်နှာ၊” “မြေကြီးစွန်း” ဆိုတဲ့ ကျမ်းစာ အသုံးအနှုန်းတွေကြောင့် ကမ္ဘာမြေက စတုရန်းပုံ ဖြစ်တယ်၊ မြေကြီးမှာ အစွန်းရှိတယ်လို့ တိုက်ရိုက်ယူလို့ မရပါဘူး။ (ဟေရှာယ ၁၁:၁၂။ ယောဘ ၃၇:၃ယုဒသန်ကျမ်း) အဲဒီအသုံးအနှုန်းတွေက ကမ္ဘာမြေတစ်ခွင်လုံးကို တင်စားဖော်ပြထားခြင်း ဖြစ်ပါတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာကို ဆိုလိုခြင်း ဖြစ်တယ်။—လုကာ ၁၃:၂၉

 “တောင်ပံများ” ဆိုတဲ့ ဟီဘရူးစကားလုံးပေါ် အခြေခံပြီး “ထောင့် [အရပ်မျက်နှာ]” ဒါမှမဟုတ် “အစွန်း” ဆိုတဲ့စကားလုံး ထွက်ပေါ်လာပုံရတယ်။ အပြည်ပြည်ဆိုင်ရာ စံမီကျမ်းစာ စွယ်စုံကျမ်းအရ “ငှက်တစ်ကောင်ရဲ့ တောင်ပံက သားပေါက်ကို ဖုံးအုပ်ကာကွယ်ပေးတဲ့နေရာမှာ အသုံးပြုတဲ့အတွက် [ဒီဟီဘရူး ဝေါဟာရက] ဖြန့်ကြက်နိုင်တဲ့နေရာ တစ်ခုလုံးကို ဆိုလိုတယ်။ ယောဘ ၃၇:၃၊ ဟေရှာယ ၁၁:၁၂ တို့မှာပါတဲ့ “ဒီဝေါဟာရက ပင်လယ်ကမ်းရိုးတန်း၊ နယ်စွန်နယ်ဖျား ဒါမှမဟုတ် ကမ္ဘာမြေတစ်ခွင်လုံးကို ဆိုလိုတယ်” b ဆိုပြီး အဲဒီစွယ်စုံကျမ်းမှာ ဖော်ပြထားတယ်။

 ယေရှုကို မာရ်နတ် သွေးဆောင်တာနဲ့ ပတ်သက်ပြီးတော့ကော ဘယ်လို ပြောမလဲ

 “မာရ်နတ်က ယေရှုကို မြင့်မားလှတဲ့ တောင်ပေါ် ခေါ်သွားပြန်တယ်။ တိုင်းနိုင်ငံတွေနဲ့ ဘုန်းစည်းစိမ် အားလုံးကို ပြ” ခဲ့တယ်။ (မဿဲ ၄:၈) နေရာ တစ်နေရာကနေ ကမ္ဘာတစ်ခုလုံးကို မြင်နိုင်တယ်ဆိုတဲ့ ဖော်ပြချက်က ကမ္ဘာပြားတယ်လို့ ကျမ်းစာ ပြောချင်တာပေါ့လို့ တချို့ ဆိုကြတယ်။ ဒါပေမဲ့ ဒီမှတ်တမ်းမှာ ဖော်ပြထားတဲ့ “မြင့်မားလှတဲ့တောင်” ဆိုတာ ပကတိနေရာ မဟုတ်ဘဲ တင်စားမှု ဖြစ်ပုံရတယ်။ ဒီလိုကောက်ချက် ချရတဲ့အကြောင်းရင်းကို သုံးသပ်ကြည့်ပါ။

  •   ကမ္ဘာ့တိုင်းနိုင်ငံအားလုံးကို တစ်နေရာတည်းကနေ မြင်နိုင်တဲ့ ပကတိတောင် ကမ္ဘာပေါ်မှာ မရှိပါဘူး။

  •   မာရ်နတ်က ယေရှုကို တိုင်းနိုင်ငံတွေလောက်ပဲ ပြတာ မဟုတ်ဘူး။ “ဘုန်းစည်းစိမ်” တွေကိုလည်း ပြခဲ့တယ်။ ဘုန်းစည်းစိမ်တွေကို အတော်လှမ်းလှမ်းကနေ မြင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် မာရ်နတ်က စိတ်အာရုံ တစ်မျိုးမျိုးကို သုံးပြီး ယေရှု မြင်အောင် ပြခဲ့ပုံရတယ်။ ရုပ်ရှင်ပြစက် သုံးပြီး ကမ္ဘာ့နေရာဒေသ အမျိုးမျိုးရဲ့ ရုပ်ပုံတွေကို ပြသလိုမျိုး ဖြစ်နိုင်တယ်။

  •   ကျမ်းပြိုင်မှတ်တမ်း လုကာ ၄:၅ မှာ မာရ်နတ်က ယေရှုကို “ကမ္ဘာ့တိုင်းနိုင်ငံတွေကို တစ်ခဏလောက် ပြ” ခဲ့တယ်လို့ ဆိုထားတယ်။ သာမန်မျက်စိနဲ့ ပကတိ ကမ္ဘာ့တိုင်းနိုင်ငံတွေကို တစ်ခဏလောက် ကြည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မာရ်နတ်က တခြားနည်းတစ်မျိုးမျိုး သုံးပြီး ယေရှုကို သွေးဆောင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။

a ဘုရားသခင်ကို “ကမ္ဘာလုံးရဲ့ အထက်မှာ စံမြန်းတဲ့အရှင်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟေရှာယ ၄၀:၂၂) “ကမ္ဘာလုံး” လို့ပြန်ဆိုတဲ့ စကားလုံးဟာ စက်လုံးကိုလည်း ဆိုလိုတယ်လို့ ကိုးကားချက်တချို့က ဆိုတယ်။ အဲဒါကို ကျမ်းပညာရှင်အားလုံးက သဘောတူကြတာတော့ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ပါစေ ကျမ်းစာက ကမ္ဘာကြီး ပြားတယ်ဆိုတဲ့ အယူအဆကိုတော့ မထောက်ခံဘူး။

b Revised Edition, Volume 2, page 4.