မာတိကာဆီ ကျော်သွား

ကောင်းကင်တမန်မင်း မိက္ခေလက ဘယ်သူလဲ

ကောင်းကင်တမန်မင်း မိက္ခေလက ဘယ်သူလဲ

သမ္မာကျမ်းစာဖြေဆိုရာ

 မိက္ခေလကို ဘာသာတချို့မှာ “စိန့်မိုက်ကယ်” လို့ ခေါ်ကြတယ်။ ဒီနာမည်ဟာ ယေရှု မြေကြီးပေါ်မလာခင် ရထားတဲ့နာမည်ဖြစ်ပြီး မြေကြီးပေါ်အသက်ရှင်ပြီး ကောင်းကင်ပြန်ရောက်သွားတော့လည်း အဲဒီနာမည်ကိုပဲ ပြန်ရတယ်။ a မောရှေသေပြီးနောက် မိက္ခေလက စာတန်နဲ့ အငြင်းပွားခဲ့တယ်။ ကြိုဟောသူ ဒံယေလဆီ ဘုရားသခင့်သတင်းစကား လာပြောတဲ့ ကောင်းကင်တမန်ကို မိက္ခေလ ကူညီပေးခဲ့တယ်။ (ဒံယေလ ၁၀:​၁၃၊ ၂၁။ ယုဒ ၉) မိက္ခေလဆိုတဲ့နာမည်ရဲ့ အဓိပ္ပာယ်က “ဘုရားသခင်နဲ့ ဘယ်သူတူသလဲ” ဖြစ်တယ်။ အဲဒီအဓိပ္ပာယ်အတိုင်းပဲ မိက္ခေလဟာ ဘုရားသခင့် အုပ်ချုပ်မှုဘက် ရပ်တည်ပြီး ရန်သူတွေကို တိုက်ခိုက်တယ်။­​—ဒံယေလ ၁၂:၁။ ဗျာဒိတ် ၁၂:၇

 ယေရှုဟာ ကောင်းကင်တမန်မင်း မိက္ခေလဖြစ်တယ်လို့ ပြောနိုင်တဲ့ အကြောင်းပြချက်ကို သုံးသပ်ကြည့်ရအောင်–

  •   မိက္ခေလဟာ “ကောင်းကင်တမန်မင်း” ဖြစ်တယ်။ (ယုဒ ၉) “ကောင်းကင်တမန်မင်း” ဆိုတဲ့ဘွဲ့နာမည်ကို ကျမ်းစာမှာ နှစ်ကြိမ်ပဲ ဖော်ပြထားတယ်။ နှစ်ကြိမ်စလုံးမှာ ဒီစကားလုံးနဲ့ပတ်သက်ပြီး အနည်းကိန်းကို အသုံးပြုထားတယ်။ ဒါကြောင့် ကောင်းကင်တမန်တစ်ပါးတည်းကပဲ ဒီဘွဲ့နာမည်ကို ခံယူမှန်း သိနိုင်တယ်။ ကျမ်းတစ်ချက်မှာ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် “သခင်ကိုယ်တော်တိုင်သည် အမိန့်ပေးသံ၊ ကောင်းကင်တမန်မင်း၏အသံနှင့် . . . ကောင်းကင်ဘုံမှ ဆင်းသက်” မယ်လို့ ဖော်ပြတယ်။ (၁ သက်သာလောနိတ် ၄:၁၆) ယေရှုက “ကောင်းကင်တမန်မင်း၏အသံ” ပေးနိုင်တာဟာ သူကိုယ်တိုင် ကောင်းကင်တမန်မင်း မိက္ခေလ ဖြစ်လို့ပါပဲ။

  •   မိက္ခေလဟာ ကောင်းကင်ဗိုလ်ခြေတွေရဲ့ ဦးစီးချုပ်ဖြစ်တယ်။ “မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးနှင့် တိုက်ခိုက်ကြ၏။” (ဗျာဒိတ် ၁၂:၇) မိက္ခေလဟာ နာမ်ဝိညာဉ်ဘုံမှာ တန်ခိုးအာဏာကြီးမားလို့ “အမြတ်ဆုံးသောမင်း၊” “အရှင်မင်းကြီး” ဆိုပြီး သူ့ကို ခေါ်တယ်။ (ဒံယေလ ၁၀:​၁၃၊ ၂၁။ ၁၂:၁) ဒီဘွဲ့နာမည်ကြောင့် မိက္ခေလဟာ “ကောင်းကင်တမန်တွေရဲ့ ဦးစီးချုပ်ဖြစ်တယ်” လို့ ဓမ္မသစ်ကျမ်းပညာရှင် ဒေးဗစ် အီး. အုံးန် က ဆိုတယ်။

     ကောင်းကင်ဗိုလ်ခြေတွေအပေါ် အာဏာရှိသူ နောက်နာမည်တစ်ခုကို ကျမ်းစာကဖော်ပြတယ်။ “သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်များနှင့်အတူ ကောင်းကင်ဘုံမှ မီးလျှံနှင့်တကွ ပေါ်ထွန်း၍ . . . လက်စားချေတော်မူမည်” လို့ ဖော်ပြထားတယ်။ (၂ သက်သာလောနိတ် ၁:​၇၊ ၈။ မဿဲ ၁၆:၂၇) ယေရှုဟာ “ကောင်းကင်သို့ တက်ကြွ၍ . . . ဘုရားသခင်သည် ကောင်းကင်တမန်များ၊ အာဏာပိုင်များ၊ တန်ခိုးရှင်များကို ကိုယ်တော့်လက်အောက် ရောက်စေတော်မူ၏။” (၁ ပေတရု ၃:​၂၁၊ ၂၂) ယေရှုကိုရော မိက္ခေလကိုပါ ကောင်းကင်တမန်ဦးစီးချုပ် ပြိုင်ဘက်တွေအနေနဲ့ ဘုရားခန့်အပ်မှာ မဟုတ်နိုင်တဲ့အတွက် နာမည်နှစ်ခုစလုံးက တစ်ယောက်တည်းကိုပဲ ရည်ညွှန်းမှန်း သိနိုင်တယ်။

  •   မိက္ခေလဟာ တစ်ခါနဲ့မှမတူတဲ့ “ဆင်းရဲဒုက္ခကပ်ကာလ” မှာ ‘ရပ်တည်၊’ “ပေါ်လာလိမ့်မည်။” (ဒံယေလ ၁၂:၁) ဒံယေလကျမ်းမှာ ‘ရပ်တည်’ ဆိုတဲ့ အသုံးအနှုန်းတွေကို အရေးယူဆောင်ရွက်ပေးမယ့် ဘုရင်နဲ့ပတ်သက်ပြီး အသုံးပြုလေ့ရှိတယ်။ (ဒံယေလ ၁၁:၂–၄၊ ၂၁) “ဘုရားသခင်၏နှုတ်ကပါဌ်တော်” ဖြစ်တဲ့ ယေရှုခရစ်ဟာ “ဘုရင်တကာတို့၏ဘုရင်” အနေနဲ့ ဘုရားသခင့်ရန်သူတွေကို ချေမှုန်းပြီး ဘုရားရဲ့လူမျိုးကို ကာကွယ်ပေးလိမ့်မယ်။ (ဗျာဒိတ် ၁၉:၁၁–၁၆) “ဤလောကတည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်လည်း ဖြစ်မည်မဟုတ်သည့် ကြီးစွာသောဒုက္ခ” မှာ ယေရှု အဲဒီလို လုပ်ဆောင်လိမ့်မယ်။­​—မဿဲ ၂၄:​၂၁၊ ၄၂

a ကျမ်းစာထဲမှာ တခြားပုဂ္ဂိုလ်တွေကို နာမည်တစ်ခုထက်မက ဖော်ပြထားတာရှိတယ်။ ဥပမာ၊ ယာကုပ် (အစ္စရေး)၊ ပေတရု (ရှိမုန်)၊ သဒ္ဒဲ (ယုဒ) လို့လည်း ခေါ်တယ်။­​—ကမ္ဘာဦး ၄၉:​၁၊ ၂။ မဿဲ ၁၀:​၂၊ ၃။ မာကု ၃:၁၈။ တမန်တော် ၁:၁၃