မာတိကာဆီ ကျော်သွား

ငွေဟာ မကောင်းမှု အမျိုးမျိုးရဲ့ ဇာစ်မြစ်လား

ငွေဟာ မကောင်းမှု အမျိုးမျိုးရဲ့ ဇာစ်မြစ်လား

 ကျမ်းစာ အဖြေ

 မဟုတ်ပါဘူး။ ကျမ်းစာမှာ ငွေကို မကောင်းဘူးလို့ မပြောထားသလို ငွေဟာ မကောင်းမှုအားလုံးကို ဖြစ်ပေါ်စေတဲ့အရာလို့လည်း မပြောထားပါဘူး။ ငွေဟာ “မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်” ဆိုပြီး မပြည့်မစုံ ဖော်ပြတာက ကျမ်းစာကို အထင်လွဲစေတယ်။ အမှန်တော့ “ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း” လို့ကျမ်းစာက ပြောတာဖြစ်တယ်။ a၁ တိမောသေ ၆:၁၀ယုဒသန်ကျမ်း။

 ငွေနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ

 ငွေကို ပညာရှိရှိ အသုံးပြုရင် “ကာကွယ်ပေး” တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဒေသနာ ၇:၁၂) ငွေအပါအဝင် တခြားပစ္စည်းတွေ ရက်ရက်ရောရော ပေးကမ်းသူတွေကိုလည်း ကျမ်းစာမှာ ချီးမွမ်းထားတယ်။—ပညာအလိမ္မာ ၁၁:၂၅

 ဒါပေမဲ့ ဘဝမှာ ငွေကိုပဲ အဓိကထားတာကိုတော့ ကျမ်းစာက သတိပေးတယ်။ “ခင်ဗျားတို့ရဲ့ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ” လို့ ပြောထားတယ်။ (ဟီဘရူး ၁၃:၅) ငွေကို သူ့နေရာနဲ့သူ ထားဖို့၊ စည်းစိမ်ချမ်းသာနောက် မလိုက်ဖို့ သင်ခန်းစာရတယ်။ အဲဒီအစား ကိုယ်တကယ်လိုအပ်တဲ့ စားဖို့၊ ဝတ်ဖို့၊ နေဖို့ လိုအပ်ရာတွေနဲ့ ကျေနပ်ရောင့်ရဲသင့်တယ်။—၁ တိမောသေ ၆:၈

 ငွေကိုတပ်မက်တာနဲ့ ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လို သတိပေးထားသလဲ

 လောဘကြီးသူဟာ ထာဝရအသက် ရမှာမဟုတ်ဘူး။ (ဧဖက် ၅:၅) အကြောင်းရင်းတစ်ခုက လောဘကြီးတာဟာ ရုပ်တုကိုးကွယ်ခြင်း ဒါမှမဟုတ် မှားယွင်းတဲ့ဝတ်ပြုမှု ပုံစံတစ်မျိုးဖြစ်တယ်။ (ကောလောသဲ ၃:၅) နောက်အကြောင်းရင်းတစ်ခုကတော့ ကိုယ်လိုချင်တာတွေကို ရဖို့ပဲ ကြိုးစားနေတဲ့ လောဘကြီးသူဟာ မှန်ကန်တဲ့ အခြေခံမူတွေကို မလိုက်လျှောက်တော့ဘူး။ “ဖြတ်လမ်းနည်းနဲ့ ချမ်းသာဖို့ ကြိုးစားသူကတော့ အပြစ်ကင်းမှာ မဟုတ်ဘူး” လို့ ပညာအလိမ္မာ ၂၈:၂၀ မှာ ပြောထားတယ်။ နှုတ်ပိတ်ခတောင်းတာ၊ ခြိမ်းခြောက်ငွေညှစ်တာ၊ လိမ်လည်ကောက်ကျစ်တာ၊ ပြန်ပေးဆွဲတာ၊ လူသတ်တာ စတဲ့ ရာဇဝတ်မှုတွေကိုတောင် ကျူးလွန်မိနိုင်တယ်။

 ငွေကို တပ်မက်လို့ မကောင်းတဲ့အမူအကျင့်တွေ မလုပ်မိရင်တောင် တခြား ဆိုးကျိုးတွေ ခံစားရနိုင်တယ်။ “ချမ်းသာဖို့ စိတ်ပိုင်းဖြတ်ထားသူတွေကတော့ သွေးဆောင်ခံရပြီး ထောင်ချောက်မိသွားတတ်တယ်။ မိုက်မဲပြီး အန္တရာယ်ရှိတဲ့ အလိုဆန္ဒတွေထဲ နစ်မွန်း” သွားတတ်တယ်လို့ ကျမ်းစာ ပြောတယ်။—၁ တိမောသေ ၆:၉

 ငွေနဲ့ပတ်သက်တဲ့ ကျမ်းစာ အကြံပြုချက်ကနေ ဘာအကျိုးရရှိနိုင်သလဲ

 ငွေရဖို့အတွက် ကိုယ်ကျင့်တရား၊ ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ စံနှုန်းတွေကို စွန့်လွတ်တာမျိုး မလုပ်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိမယ်၊ ဘုရားရဲ့ မျက်နှာသာနဲ့ ကူညီထောက်မမှု ရရှိမယ်။ ဘုရားနှစ်သက်မှုရဖို့ စိတ်ရင်းမှန်နဲ့ကြိုးစားသူတွေကို ဘုရားက “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး” လို့ ကတိပေးထားတယ်။ (ဟီဘရူး ၁၃:၅၊ ၆) “သစ္စာရှိသူက ကောင်းချီး အများကြီးရလိမ့်မယ်” လို့လည်း အာမခံထားတယ်။—ပညာအလိမ္မာ ၂၈:၂၀

a ဒီကျမ်းချက်ကို “ငွေကိုတပ်မက်တဲ့စိတ်ဟာ အကျိုးပျက်စေတဲ့အရာ အမျိုးမျိုးရဲ့ ဇာစ်မြစ်” လို့လည်း ဘာသာပြန်တယ်။