မာတိကာဆီ ကျော်သွား

“ပညာရှိ သုံးဦး” က ဘယ်သူတွေလဲ။ ဘက်သလီဟင် “ကြယ်” နောက် သူတို့ လိုက်ခဲ့ကြသလား

“ပညာရှိ သုံးဦး” က ဘယ်သူတွေလဲ။ ဘက်သလီဟင် “ကြယ်” နောက် သူတို့ လိုက်ခဲ့ကြသလား

ကျမ်းစာအဖြေ

 ယေရှု မွေးဖွားပြီးနောက် ယေရှုဆီ လာလည်ကြသူတွေကို ခေတ်စားနေတဲ့ ခရစ္စမတ် ဓလေ့ထုံးစံမှာ “ပညာရှိ သုံးဦး၊” “ဘုရင် သုံးပါး” လို့ ခေါ်ကြပေမဲ့ ကျမ်းစာမှာတော့ အဲဒီလို မဖော်ပြထားဘူး။ (မဿဲ ၂:၁) ခရစ်ဝင်ကျမ်းရေးသူ မဿဲက ယေရှုဆီ လာလည်သူတွေအကြောင်း ဖော်ပြရာမှာ မာဂု ဆိုတဲ့ ဂရိစကားလုံးကို အသုံးပြုထားတယ်။ အဲဒီစကားလုံးက နက္ခတ်ဗေဒပညာရှင်၊ ဂမ္ဘီရပညာရှင်တွေကို ရည်ညွှန်းတယ်။ a ဘာသာပြန်ကျမ်း အတော်များများမှာ “နက္ခတ်ဗေဒင်ဆရာတွေ၊” “မာဂုပညာရှိတို့” လို့ ပြန်ဆိုကြတယ်။ b

 “ပညာရှိတို့” ဘယ်နှယောက်လဲ

 ကျမ်းစာမှာတော့ ဘယ်နှယောက်ဆိုတာ မဖော်ပြထားဘူး။ ထုံးတမ်းစဉ်လာ လက်ဆင့်ကမ်းစကားတွေမှာတော့ အမျိုးမျိုး ဖော်ပြကြတယ်။ ဗြိတိန်နီကာစွယ်စုံကျမ်းအရ “အရှေ့တိုင်း ထုံးတမ်းစဉ်လာမှာ မာဂုပညာရှိ ၁၂ ယောက်လို့ ပြောတယ်။ အနောက်တိုင်း ထုံးတမ်းစဉ်လာမှာတော့ သူငယ်ကို ပေးတဲ့ လက်ဆောင်က “ရွှေ၊ လောဗန်၊ မုရန်” (မဿဲ ၂:၁၁) သုံးမျိုး ဖြစ်လို့ သုံးယောက်လို့ ပြောကြတယ်။

 “ပညာရှိတို့” က မင်းတွေလား

 ခရစ္စမတ် ထုံးတမ်းစဉ်လာတွေမှာ အဲဒီဧည့်သည်တွေကို မင်းတွေအဖြစ် ဖော်ပြထားပေမဲ့ ကျမ်းစာ ဘယ်နေရာမှာမှ သူတို့ကို မင်းတွေလို့ မဖော်ပြထားဘူး။ ဗြိတိန်နီကာစွယ်စုံကျမ်းအရ ယေရှု မွေးပြီး နှစ်ရာချီကြာပြီးနောက်မှ ယေရှု မွေးဖွားခြင်း ဇာတ်လမ်းမှာ လာလည်တဲ့ ဧည့်သည်တွေကို မင်းတွေအဖြစ် “အမွှမ်းတင် ထပ်ဖြည့်လိုက်ခြင်း ဖြစ်တယ်။”

 “ပညာရှိတို့” ရဲ့ နာမည်က ဘာလဲ

 နက္ခတ်ဗေဒင်ဆရာတွေရဲ့ နာမည်ကို ကျမ်းစာမှာ မဖော်ပြထားဘူး။ အပြည်ပြည်ဆိုင်ရာ စံတင်ကျမ်းစာ စွယ်စုံကျမ်းအရ “သူတို့ကို ဒဏ္ဍာရီလာ နာမည်တွေ (ဥပမာ၊ ဂက်စပါ၊ မယ်လ်ခီရို၊ ဗာလ်တဇာ) ပေးဖို့ ကြိုးစားကြတယ်။”

 ဘယ်အချိန်မှာ “ပညာရှိတို့” ယေရှုဆီ လည်ပတ်ခဲ့ကြသလဲ

 နက္ခတ်ဗေဒင်ဆရာတွေဟာ ယေရှု မွေးပြီး လအနည်းငယ် ကြာပြီးနောက်မှ ရောက်လာကြပုံရတယ်။ ယေရှုကို သတ်ချင်တဲ့ ဟေရုဒ်မင်းက နှစ်နှစ်နဲ့ နှစ်နှစ်အောက် ယောက်ျားလေးတွေကို သတ်ဖို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီအသက်အရွယ်ကို နက္ခတ်ဗေဒင်ဆရာတွေရဲ့ စကားပေါ် အခြေခံပြီး တွက်ချက်တာ ဖြစ်တယ်။—မဿဲ ၂:၁၆

 နက္ခတ်ဗေဒင်ဆရာတွေဟာ ယေရှုမွေးတဲ့ညမှာ လည်ပတ်ခဲ့ကြတာ မဟုတ်ပါဘူး။ “အိမ်ထဲ ဝင်သွားတဲ့အခါ မိခင်မာရိနဲ့ အတူရှိနေတဲ့ ကလေးကို တွေ့” တယ်လို့ ကျမ်းစာက ဆိုတယ်။ (မဿဲ ၂:၁၁) အဲဒီအချိန်မှာ ယေရှုတို့ မိသားစုဟာ အိမ်တစ်အိမ်မှာ နေထိုင်နေကြတာလို့ ဖော်ပြထားပြီး နွားစားခွက်မှာ သိပ်ထားတဲ့ မွေးကင်းစ ကလေးအရွယ် မဟုတ်တော့ဘူး။—လုကာ ၂:၁၆

 ဘုရားသခင်က “ပညာရှိတို့” ကို ဘက်သလီဟင် “ကြယ်” နောက် လိုက်စေခဲ့သလား

 ဘုရားသခင်ဟာ ဘက်သလီဟင်ကြယ်ကို ပေါ်ထွန်းစေပြီး နက္ခတ်ဗေဒင်ဆရာတွေကို ယေရှုဆီ လမ်းပြခဲ့တယ်လို့ တချို့ ယုံကြည်ကြတယ်။ အဲဒီအချက် မဖြစ်နိုင်ဘူးဆိုတာ သုံးသပ်ကြည့်ပါ။

  •   ကြယ်လို့ ထင်ရတဲ့အရာတစ်ခုက နက္ခတ်ဗေဒင်ဆရာတွေကို ဂျေရုဆလင်မြို့ဆီ ဦးဆုံး ခေါ်ဆောင်သွားခဲ့တယ်။ ကျမ်းစာက ဒီလိုဆိုတယ်– “နက္ခတ်ဗေဒင်ဆရာတွေက အရှေ့အရပ်ကနေ ဂျေရုဆလင်မြို့ကို ရောက်လာပြီး၊ ‘အခုမွေးဖွားတဲ့ ဂျူးတို့ရဲ့ ဘုရင် ဘယ်မှာလဲ။ အရှေ့အရပ်မှာ ကျုပ်တို့ ရှိနေတုန်း သူ့ကြယ်ကို မြင်ခဲ့ရတယ်။ သူ့ကို ဦးညွှတ်ဖို့ ရောက်လာတာ’ လို့ ပြောတယ်။”—မဿဲ ၂:၁၊ ၂

  •   နက္ခတ်ဗေဒင်ဆရာတွေကို ဘက်သလီဟင်မြို့ဆီ သွားဖို့ ဦးဆုံးညွှန်ကြားသူက ဟေရုဒ်မင်း ဖြစ်တယ်။ “ကြယ်” မဟုတ်ဘူး။ ဟေရုဒ်မင်းက မိမိရဲ့ ပြိုင်ဘက် “ဂျူးတို့ရဲ့ ဘုရင်” အကြောင်း ကြားတာနဲ့ ကတိပြုထားတဲ့ ခရစ်တော် ဘယ်မှာ မွေးမလဲဆိုတာ စုံစမ်းမေးမြန်းတော့တယ်။ (မဿဲ ၂:၃-၆) ဘက်သလီဟင်မြို့မှာ မွေးဖွားမယ်ဆိုတာ သိတာနဲ့ နက္ခတ်ဗေဒင်ဆရာတွေကို ဘက်သလီဟင်မြို့ဆီ သွားဖို့၊ ကလေးကို ကြည့်ပြီး ပြန်သတင်းပို့ဖို့ မှာလိုက်တယ်။

     ဒါနဲ့ပဲ နက္ခတ်ဗေဒင်ဆရာတွေ ဘက်သလီဟင်မြို့ကို သွားကြတယ်။ ကျမ်းစာက ဒီလိုဆိုတယ်– “သူတို့လည်း ဟေရုဒ်မင်း မှာကြားတာကို နားထောင်ပြီးနောက် ထွက်သွားကြတယ်။ အဲဒီအခါ အရှေ့အရပ်မှာ သူတို့ မြင်ခဲ့တဲ့ ကြယ်က ရှေ့ကနေ လမ်းပြတယ်။ နောက်ဆုံး၊ ကလေးရှိတဲ့ နေရာကို ရောက်တော့ ရပ်တန့်သွားတယ်။”—မဿဲ ၂:၉

  •  ကြယ်” ပေါ်ထွန်းမှုကြောင့် ယေရှု အသက်ဘေးနဲ့ ရင်ဆိုင်ခဲ့ရပြီး အပြစ်မဲ့ကလေးများစွာ အသတ်ခံခဲ့ရတယ်။ နက္ခတ်ဗေဒင်ဆရာတွေ ဗက်သလီဟင်မြို့ကနေ ထွက်ခွာချိန်မှာ ဟေရုဒ်မင်းဆီ ပြန်မသွားဖို့ ဘုရားသခင် သတိပေးလိုက်တယ်။—မဿဲ ၂:၁၂

 ဟေရုဒ် ဘယ်လို တုံ့ပြန်သလဲ။ ကျမ်းစာက ဒီလိုဆိုတယ်– “ဟေရုဒ်မင်းက နက္ခတ်ဗေဒင်ဆရာတွေ လိမ်ညာမှန်းလည်း သိရော အကြီးအကျယ် ဒေါသထွက်သွားတယ်။ ဒါကြောင့် နက္ခတ်ဗေဒင်ဆရာတွေဆီ အတိအကျ မေးထားတဲ့ အချိန်ကို တွက်ချက်ပြီးနောက် သူ့လူတွေကို လွှတ်ပြီး ဘက်သလီဟင်မြို့နဲ့ ပတ်ဝန်းကျင် အရပ်ရပ်မှာရှိတဲ့ အသက်နှစ်နှစ်နဲ့ နှစ်နှစ်အောက် သားယောက်ျား မှန်သမျှကို သတ်ခိုင်းတယ်။” (မဿဲ ၂:၁၆) အဲဒီလိုဆိုးယုတ်တဲ့ ဖြစ်ရပ် ဖြစ်ပျက်အောင် ဘုရားသခင် လုပ်မှာ မဟုတ်ဘူး။—ယောဘ ၃၄:၁၀

a ဘီစီ ငါးရာစုက ဂရိသမိုင်းပညာရှင် ဟီရိုဒိုးတပ်စ်က သူ့ခေတ်က မာဂုတွေဟာ မီးဒီးယား (ပါးရှား) အနွယ်ဖြစ်ပြီး နက္ခတ်ပညာ လိုက်စားသူတွေ၊ အိပ်မက်အဓိပ္ပာယ်ဖော်သူတွေ ဖြစ်တယ်လို့ ဆိုတယ်။

b ယုဒသန်သမ္မာကျမ်းစာ၊ သမ္မာကျမ်းစာတော်မှာ ကြည့်ပါ။ ခေတ်သုံးမြန်မာ သမ္မာကျမ်းမှာ “ပညာရှိတို့” လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ သုံးယောက်လို့ မဖော်ပြထားပါဘူး။