မာတိကာဆီ ကျော်သွား

ဘာကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ရတာလဲ။ ဘုရားသခင်က ဘာလို့ မရပ်တန့်ပေးတာလဲ။

ဘာကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ရတာလဲ။ ဘုရားသခင်က ဘာလို့ မရပ်တန့်ပေးတာလဲ။

 ဒီမေးခွန်းတွေကို မေးခဲ့တဲ့သူတွေက ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံခဲ့ရသူတွေ ဖြစ်ပြီး အဖြေတင်မက နှစ်သိမ့်မှုပါ လိုအပ်သူတွေ ဖြစ်တယ်။ တခြားသူတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို လူ့ဆိုးသွမ်းမှုရဲ့ အထွတ်အထိပ်လို့ ရှုမြင်ကြတယ်။ ဒါကြောင့် ဘုရားသခင်ကို ယုံဖို့ ခက်နေကြတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနဲ့ ပတ်သက်ပြီး ဘုရားသခင်အပေါ် တလွဲယူဆလေ့ရှိရာများ

ယူဆချက်အမှား– အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ဘာကြောင့် ဘုရားသခင် ခွင့်ပြုတာလဲလို့ မေးတာ မှားတယ်။

 အမှန်– မကောင်းမှုကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုတာလဲဆိုတဲ့ မေးခွန်းကို ယုံကြည်ခြင်း ခိုင်ခံ့တဲ့သူတွေ မေးခဲ့ဖူးပါတယ်။ ဥပမာ၊ ပရောဖက် ဟဗက္ကုတ်က ဘုရားသခင်ကို ဒီလိုမေးခဲ့တယ်– “မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့် ပြတော်မူသနည်း။ . . . လုယူခြင်း၊ အနိုင်အထက်ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသနည်း။” (ဟဗက္ကုတ် ၁:၃ယုဒသန်) ဘုရားသခင်က ဟဗက္ကုတ်ကို အပြစ်တင်မယ့်အစား လူအားလုံး ဖတ်နိုင်ဖို့အတွက် သူမေးခဲ့တဲ့ မေးခွန်းတွေကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်စေခဲ့တယ်။

ယူဆချက်အမှား– လူတွေ ဆင်းရဲဒုက္ခရောက်တာကို ဘုရားသခင် ဂရုမစိုက်ဘူး။

 အမှန်– ဘုရားသခင်က ဆိုးသွမ်းမှုနဲ့ အဲဒါကြောင့် ဖြစ်ရတဲ့ ဆင်းရဲဒုက္ခတွေကို မုန်းတယ်။ (ပညာအလိမ္မာ ၆:၁၆-၁၉) နောဧလက်ထက်တုန်းက ဘုရားသခင်ဟာ မြေကြီးပေါ်မှာ ပျံ့နှံ့နေတဲ့ ကြမ်းတမ်းရမ်းကားမှုတွေကြောင့် “စိတ်မကောင်းဖြစ်တယ်။” (ကမ္ဘာဦး ၆:၅၊ ၆) ဒါကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီးလည်း ဘုရားသခင် အရမ်းခံစားရမယ်ဆိုတာ သေချာတယ်။—မာလခိ ၃:၆

ယူဆချက်အမှား– အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက ဂျူးတွေကို ဘုရားသခင် ဒဏ်ပေးတာ ဖြစ်တယ်။

 အမှန်– ပထမရာစုမှာ ဂျေရုဆလင်မြို့ကို ရောမတွေ ဖျက်ဆီးဖို့ ဘုရားသခင် ခွင့်ပြုခဲ့တယ်။ (မဿဲ ၂၃:၃၇–၂၄:၂) အဲဒီအချိန်ကနေစပြီး ဘုရားသခင်က ဘယ်လူမျိုးစုတစ်စုကိုမှ အထူးမျက်နှာသာ ပေးတာ ဒါမှမဟုတ် အပြစ်ပေးတာမျိုး မလုပ်တော့ဘူး။ ဘုရားအမြင်မှာ “ယုဒလူမျိုး၊ လူမျိုးခြားဟူ၍ ခွဲခြားမှု မရှိ” ပါဘူး။—ရောမ ၁၀:၁၂ခမ။

ယူဆချက်အမှား– မေတ္တာရှိပြီး တန်ခိုးရှိတဲ့ ဘုရားသခင်သာ ရှိမယ်ဆိုရင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မဖြစ်အောင် ကာကွယ်ခဲ့မှာပဲ။

 အမှန်– ဘုရားသခင်က ဆင်းရဲဒုက္ခကို မဖြစ်ပေါ်စေပေမဲ့ ယာယီခွင့်ပြုတဲ့အခါတွေ ရှိတယ်။—ယာကုပ် ၁:၁၃။ ၅:၁၁

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုတာလဲ

 ဘုရားသခင်က လူ့ဆင်းရဲဒုက္ခကို ခွင့်ပြုရတဲ့ အကြောင်းရင်းကြောင့်ပဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကိုလည်း ခွင့်ပြုခဲ့တယ်။ အဲဒီအကြောင်းရင်းကတော့ လူသားတွေ စတင်တည်ရှိခဲ့ချိန်က ပေါ်ပေါက်ခဲ့တဲ့ အမှားအမှန်အရေးကိစ္စ ဖြေရှင်းဖို့အတွက် ဖြစ်တယ်။ လောလောဆယ် ကမ္ဘာကြီးကို ဘုရားသခင် မဟုတ်ဘဲ စာတန် အုပ်ချုပ်နေတယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (လုကာ ၄:၁၊ ၂၊ ၆။ ယောဟန် ၁၂:၃၁) ကျမ်းစာမှာပါတဲ့ အခြေခံအချက် ၂ ချက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုတာလဲဆိုတာ ရှင်းပြပေးတယ်။

  1.  ၁။ ဘုရားသခင်က လူသားတွေကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးပြီး ဖန်ဆင်းထားတယ်။ ပထမဆုံးဇနီးမောင်နှံ အာဒံနဲ့ ဧဝဆီကနေ ဘာမျှော်လင့်သလဲဆိုတာကို ဘုရားသခင် ပြောခဲ့ပေမဲ့ နာခံဖို့ အတင်းအကျပ် ဖိအားမပေးခဲ့ဘူး။ သူတို့ဘာသာသူတို့ အကောင်းအဆိုးကို ရွေးချယ်ခဲ့ကြတယ်။ သူတို့ရဲ့ မှားယွင်းတဲ့ ရွေးချယ်မှုနဲ့ လူ့သမိုင်းတစ်လျှောက်မှာ သူတို့လိုပဲ မှားယွင်းစွာ ရွေးချယ်ခဲ့ကြတဲ့ လူတွေကြောင့် ဆိုးသွမ်းတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်ခဲ့တယ်။ (ကမ္ဘာဦး ၂:၁၇။ ၃:၆။ ရောမ ၅:၁၂) “ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ ဆင်းရဲဒုက္ခအများစုက ကျွန်ုပ်တို့ကို ပေးထားတဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တလွဲအသုံးပြုတာကြောင့် ဖြစ်တယ်” လို့ စာအုပ်တစ်အုပ် (Statement of Principles of Conservative Judaism) မှာ ဖော်ပြထားတယ်။ ဘုရားသခင်က လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ရုပ်သိမ်းမယ့်အစား ဘုရားသခင် မပါဘဲ လူသားတွေ မိမိတို့ကိုယ်ကိုယ် စီမံအုပ်ချုပ်ဖို့ အချိန်ပေးထားတယ်။

  2.  ၂။ ဘုရားသခင်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆုံးရှုံးမှုအားလုံးကို ဖြေရှင်းပေးနိုင်တယ်။ ဖြေလည်းဖြေရှင်းပေးမယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းရဲ့ သားကောင်ဖြစ်သူတွေ အပါအဝင် သေဆုံးသွားသူ သန်းပေါင်းများစွာကို အသက်ပြန်ရှင်စေမယ်လို့ ဘုရားသခင် ကတိပေးထားတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့သူတွေ ခံစားရတဲ့ ကြောက်စရာကောင်းတဲ့ အမှတ်ရစရာတွေကိုလည်း ဖယ်ရှားပေးပါလိမ့်မယ်။ (ဟေရှာယ ၆၅:၁၇။ တမန်တော် ၂၄:၁၅) လူသားတွေကို ချစ်တဲ့ ဘုရားသခင့်မေတ္တာကို ကြည့်ခြင်းအားဖြင့် အဲဒီကတိ ပြည့်စုံလာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ယောဟန် ၃:၁၆

 အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ အသက်ရှင်လွတ်မြောက်လာသူများစွာဟာ မကောင်းမှုကို ဘုရားသခင် ခွင့်ပြုရတဲ့ အကြောင်းရင်းနဲ့ အဲဒီအကျိုးဆက်ကို ဖြေရှင်းပေးမယ်ဆိုတဲ့ အချက်ကို သိထားခြင်းကနေ ယုံကြည်ခြင်းကို ဆက်ထိန်းထားနိုင်ပြီး အဓိပ္ပာယ်ရှိရှိ အသက်ရှင်နေထိုင်ခဲ့ကြတယ်။