မာတိကာဆီ ကျော်သွား

လူငယ်များအမေး

အပေါင်းအသင်း တိုးချဲ့သင့်သလား

အပေါင်းအသင်း တိုးချဲ့သင့်သလား

 “ကိုယ့်အုပ်စုလေးနဲ့ပဲ ကျွန်တော် ကျေနပ်နေတာ၊ တခြားသူတွေနဲ့ ပေါင်းရတာ ကျွန်တော့်အတွက် သိပ်ခက်တယ်။”​​—အဲလ်လန်။

 “ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းရတာ ကြိုက်တယ်။ ကိုယ်မသိတဲ့သူတွေနဲ့လည်း လိုက်မပေါင်းချင်ဘူး။”​​—ဆာရာ။

 သင်ကော အဲလ်လန်နဲ့ ဆာရာတို့လို ကိုယ့်အုပ်စုလေးနဲ့ပဲ ကိုယ်ပေါင်းပြီး တခြားသူတွေနဲ့ ပေါင်းဖို့ကျတော့ ခက်နေသလား။

 ဒါဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါပဲ။

 ကိုယ့်အုပ်စုနဲ့ပဲနေလို့ ကြုံနိုင်တဲ့ အခြေအနေ

 ကိုယ့်အုပ်စုနဲ့ ကိုယ်ပေါင်းတာ မမှားပါဘူး။ ကိုယ့်အားနည်းချက်တွေကို နားလည်လက်ခံတဲ့သူတွေနဲ့ အဖွဲ့ကျတာက ငါဟာ တစ်ကောင်ကြွက် မဟုတ်ပါလားလို့ ခံစားစေတယ်။

 “တခြားသူတွေ ကိုယ့်ကို ခင်မှန်း သိရတော့ ပျော်တာပေါ့။ သူတို့နဲ့ တစ်ဖွဲ့တည်းပဲလို့ ခံစားရတယ်။ လူငယ်ဆိုတော့ ဝင်ဆန့်ချင်တယ်။”​​—ကယ်ရင်၊ အသက် ၁၉ နှစ်။

 သင်သိပါသလား။ ယေရှုရဲ့ မိတ်ဆွေအများကြီးထဲမှာ တမန်တော် ၁၂ ယောက်လည်းပါတယ်။ အဲဒီထဲမှာမှ တမန်တော် ပေတရု၊ ယာကုပ်နဲ့ ယောဟန်ဟာ ယေရှုရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်တယ်။​​—မာကု ၉:၂။ လုကာ ၈:၅၁

 ကိုယ့်အုပ်စုလေးနဲ့ပဲ ပေါင်းပြီး တခြားသူတွေနဲ့ မပေါင်းတဲ့အတွက် ဒီအခြေအနေတွေ ဖြစ်လာနိုင်တယ်။ ဥပမာ–

  •   ကိုယ့်အတွက် အကောင်းဆုံးမိတ်ဆွေ ဖြစ်လာနိုင်တဲ့သူတွေနဲ့ မခင်လိုက်ရဘဲ ဖြစ်သွားနိုင်တယ်။

     “ကိုယ်နဲ့ အကြိုက်တူတဲ့သူတွေနဲ့ပဲ ပေါင်းတာက အတွေ့အကြုံအသစ်တွေ မရအောင်၊ သိပ်ကောင်းတဲ့သူတွေနဲ့ မပေါင်းဖြစ်အောင် အတားအဆီး ဖြစ်သွားနိုင်တယ်။”​​—အီဗန်၊ အသက် ၂၁ နှစ်။

  •   သင့်ကို ဘဝင်မြင့်တဲ့သူလို့ ထင်သွားနိုင်တယ်။

     “သင်က ကိုယ့်အုပ်စုနဲ့ပဲ ပေါင်းတော့ တခြားသူတွေနဲ့ မပေါင်းချင်ဘူး၊ စကားမပြောချင်ဘူးလို့ ထင်သွားမှာပေါ့။”​​—ဆာရာ၊ အသက် ၁၇ နှစ်။

  •   အနိုင်ကျင့်တတ်တဲ့သူ ဖြစ်သွားစေနိုင်တယ်။

     “ကိုယ်တစ်ယောက်တည်းဆိုရင် တခြားသူကို အနိုင်မကျင့်တတ်ပေမဲ့ အုပ်စုလိုက်ပေါင်းပြီး အနိုင်ကျင့်တဲ့အခါ ‘ဒါပြဿနာမဟုတ်ပါဘူး၊ အပျော်သဘောပါ’ ဆိုပြီး ထင်လာနိုင်တယ်။”​​—ဂျိမ်းစ်၊ အသက် ၁၇ နှစ်။

  •   အုပ်စုတစ်ခုထဲမှာ သိပ်ပါချင်တဲ့အခါ ဒုက္ခတွေ့တတ်တယ်။

     “အုပ်စုထဲက မကောင်းတဲ့သူတစ်ယောက်ရဲ့ သွေးဆောင်တာခံရပြီး တစ်အုပ်စုလုံး မကောင်းတာ လုပ်မိနိုင်တယ်။”​​—မာတီနာ၊ အသက် ၁၇ နှစ်။

 သင်လုပ်ဆောင်နိုင်ရာ

  •   ကိုယ့်ရဲ့ စံနှုန်းကို သုံးသပ်ပါ။

     ကိုယ့်ကိုယ်ကို ဒီလိုမေးကြည့်ပါ– ‘ဘယ်စံနှုန်းအတိုင်း နေထိုင်ဖို့ ငါကြိုးစားနေသလဲ။ အဲဒီစံနှုန်းအတိုင်းနေထိုင်ဖို့ ငါ့ရဲ့ သူငယ်ချင်းတွေက လွယ်စေသလား၊ ခက်စေသလား။ အဲဒီ သူငယ်ချင်းတွေအတွက် ဘာမဆို ငါ ပေးဆပ်မှာလား။’

     ကျမ်းစာ အခြေခံ သွန်သင်ချက်– “မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့ အကျင့်ကို ပျက်စီးစေတတ်တယ်။”​​—၁ ကောရိန္သု ၁၅:၃၃

     “သင့်ရဲ့အုပ်စုက သင့်ရဲ့စံနှုန်းအတိုင်း မလိုက်တဲ့သူတွေ ဖြစ်မယ်ဆိုရင် ကိုယ်ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ ထင်ထားတာတွေကို လုပ်မိသွားနိုင်တယ်။”​​—အယ်လင်း၊ ၁၄ နှစ်။

  •   သင့်ရဲ့ ဦးစားထားရာကို သုံးသပ်ပါ။

     ကိုယ့်ကိုယ်ကို ဒီလိုမေးကြည့်ပါ– ‘ငါ့အုပ်စုနဲ့ သိပ်ရင်းနှီးနေတော့ ငါ့ရဲ့ စံနှုန်းတွေကို ထိန်းထားနိုင်ပါ့မလား။ သူငယ်ချင်းတစ်ယောက်က မကောင်းတာလုပ်ရင် ငါဘာလုပ်မလဲ။’

     ကျမ်းစာ အခြေခံ သွန်သင်ချက်– “ငါက ချစ်ခင်မြတ်နိုးသူ အားလုံးကို ဆုံးမပဲ့ပြင်တတ်တယ်။”​​—ဗျာဒိတ် ၃:၁၉

     “အုပ်စုထဲက သူငယ်ချင်းတစ်ယောက် ပြဿနာတစ်ခုမှာ ဝင်ပါနေတယ်၊ ဒါပေမဲ့ အဲဒီအကြောင်းကို ပြောလိုက်ရင် သစ္စာဖောက်ရာကျတယ်လို့ ခံစားမိနိုင်တယ်။”​​—မယ်လီနီ၊ ၂၂ နှစ်။

  •   အပေါင်းအသင်းကို တိုးချဲ့ပါ။

     ကိုယ့်ကိုယ်ကို ဒီလိုမေးကြည့်ပါ– ‘ကိုယ်နဲ့ မရင်းနှီးသေးတဲ့ သူတစ်ယောက်ကို သူငယ်ချင်းဖွဲ့တာက အကျိုးရှိနိုင်မလား။’

     ကျမ်းစာ အခြေခံ သွန်သင်ချက်- “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”​​—ဖိလိပ္ပိ ၂:၄

     “အိမ်မှာ အဆင်မပြေတဲ့ လူငယ်တွေဟာ အပြင်မှာ လူတွေနဲ့ မပေါင်းတတ်ကြဘူး။ ဒါပေမဲ့ သူတို့နဲ့ ပေါင်းကြည့်တဲ့အခါ သူတို့မှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေရှိမှန်း သိလာရတယ်။”​​—ဘရိုင်ယန်၊ အသက် ၁၉ နှစ်။

 အဓိကအချက်– ရင်းနှီးတဲ့ သူငယ်ချင်းအုပ်စုရှိတာ မမှားပါဘူး။ တစ်ချိန်တည်းမှာ တခြားသူတွေကိုလည်း သူငယ်ချင်းဖွဲ့တာ အကျိုးရှိနိုင်ပါတယ်။ ကျမ်းစာမှာ “သူတစ်ပါးကို လန်းဆန်းစေတဲ့သူဟာ ကိုယ်တိုင် လန်းဆန်းရလိမ့်မယ်” လို့ပြောထားတယ်။​​—သုတ္တံ ၁၁:၂၅