မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ဂျေရုဆလင် ဗိမာန်တော်​မှာ တိရစ္ဆာန်​ရောင်းတဲ့ ကုန်သည်​တွေကို “ဓားပြ” လို့ခေါ်​တာ သင့်လျော်​ပါသလား။

မဿဲ​ခရစ်ဝင်ကျမ်း မှတ်တမ်းအရ “ယေရှုက ဗိမာန်တော်​ထဲ ဝင်​ပြီး အဲဒီမှာ ရောင်းဝယ်​နေ​သူတွေကို မောင်းထုတ်လိုက်တယ်။ ငွေ​လဲလှယ်​သူတွေ​ရဲ့ စားပွဲ​တွေ၊ ချိုးငှက်​ရောင်းသူ​တွေရဲ့ ခုံ​တွေကို မှောက်လှန်​ပစ်​တယ်။ ပြီးတော့ ‘“ငါ့​အိမ်​ကို ဆုတောင်း​ရာ​အိမ်​လို့ ခေါ်​ကြ​မယ်” ဆိုပြီး ကျမ်းစာမှာ ရေးထား​ပေ​မဲ့ ခင်ဗျား​တို့​က​တော့ ဓားပြ​ခိုအောင်း​တဲ့​နေရာ ဖြစ်စေ​ကြပြီ’ လို့ပြောတယ်။”—မ. ၂၁:၁၂၊ ၁၃

ဂျူး​သမိုင်းမှတ်တမ်း​တွေ​အရ ဗိမာန်တော်​ကုန်သည်​တွေ မတန်တဆ ဈေး​တင်​ရောင်း​ခြင်းအားဖြင့် ဝယ်​သူတွေကို အမြတ်ထုတ်​နေကြတယ်။ ဥပမာ၊ မစ်ရှ်နာ (ကေရီတွတ် ၁:၇) မှာ ပူဇော်​မယ့် ခို​နှစ်ကောင်​ကို ရွှေ​ဒင်္ဂါး​တစ်ပြား​အထိ ဈေး​တင်​ရောင်း​ကြတဲ့ အေဒီ ပထမရာစု အဖြစ်အပျက်​တစ်ခုကို ဖော်ပြထားတယ်။ အဲဒါ သာမန်​အလုပ်သမား​ရဲ့ ၂၅ ရက်​စာ လုပ်ခ​နဲ့ ညီမျှ​တယ်။ ချိုးငှက်၊ ခို​ငှက်​တွေကို ဆင်းရဲ​သား​တွေ ပူဇော်​လို့​ရတယ်။ ဒါပေမဲ့ ဈေးကြီး​လွန်း​လို့ အဲဒီ​ငှက်​တွေကို​တောင် မဝယ်​နိုင်ကြ​တော့ဘူး။ (ဝတ်. ၁:၁၄။ ၅:၇။ ၁၂:၆-၈) ဒီ​အခြေအနေကို ရဗ္ဗိ ဆီ​မွန် ဘင် ဂါမလီအယ် ဒေါသထွက်​ပြီး ပူဇော်သကာ​စာရင်း​ကို လျှော့ချ​ခဲ့တယ်။ အဲဒီ​တော့မှ​ပဲ ချိုးငှက်​နှစ်ကောင်​ရဲ့ တန်ဖိုး​ဟာ အဆ​တစ်​ရာ​လောက် ချက်ချင်း ကျ​သွားတယ်။

အထက်ပါ​အချက်​တွေ​အရ ဗိမာန်တော်​ကုန်သည်​တွေရဲ့ အမြတ်ထုတ်မှု၊ လောဘ​ကြီး​မှုကြောင့် သူတို့ကို “ဓားပြ” လို့ ယေရှု ခေါ်​တာ သင့်လျော်ပါတယ်။