မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခုချိန်မှာ ကျမ်းစာလမ်းညွှန်ချက်ဟာ လက်တွေ့ကျသေးရဲ့လား

အခုချိန်မှာ ကျမ်းစာလမ်းညွှန်ချက်ဟာ လက်တွေ့ကျသေးရဲ့လား

လက်တွေ့​မ​ကျ​ဘူးလို့ တချို့​ပြော​ကြ​တယ်။ လမ်းညွှန်ချက်​ရဖို့ ကျမ်းစာကို အားထား​တာဟာ ၁၉၂​၀ ခုနှစ်​လောက်​က​ထုတ်​တဲ့ ပြဋ္ဌာန်း​စာအုပ်ကို သုံးပြီး ဓာတုဗေဒ​အကြောင်း သင်ပေး​တာနဲ့​တူတယ်လို့ ဆရာဝန်​တစ်​ဦး ပြောတယ်။ နောက်ဆုံး​ပေါ် ကွန်ပျူတာ အသုံးပြုနည်း​ကို သိချင်ရင် ခေတ်ကုန်​နေတဲ့ ကွန်ပျူတာ​လက်စွဲစာအုပ်​ကို သုံး​ပါ့​မလား​လို့တောင် ကျမ်းစာကို မယုံ​သူ​တစ်​ဦး ပြောကောင်း​ပြောမယ်။ ကျမ်းစာကို လုံးဝ​ခေတ်နောက်ကျ​နေတဲ့ စာအုပ်​လို့ လူတချို့ ယူဆကြတယ်။

အဆင့်မြင့်​နည်းပညာ ထွန်းကား​နေတဲ့ အခု​ချိန်မှာ ခေတ်ကုန်​နေတဲ့ လမ်းညွှန်စာအုပ်​ကို သုံး​ပါ့​မလား။ အင်တာနက်​ဝက်ဘ်ဆိုက်​တွေမှာ နောက်ဆုံး​ပေါ် လမ်းညွှန်ချက်တွေ၊ အကြံဉာဏ်​တွေ အဆက်မပြတ် တင်​ပေးနေတယ်။ အလွန်​တော်​တဲ့ စိတ်​ကျန်းမာရေး​ပညာရှင်တွေ၊ ဘဝ​နေ​နည်း​အကြံပေးပုဂ္ဂိုလ်​တွေ၊ စာရေးဆရာ​တွေလည်း တီဗီ​အစီအစဉ်​က​နေ အကြံပေး​လမ်းညွှန်​နေတယ်။ စာအုပ်ဆိုင်​တွေမှာလည်း အကြံပေး​လမ်းညွှန်စာအုပ်​တွေ ရောင်း​ကောင်း​လွန်း​လို့ ဒေါ်လာ​သန်းထောင်ပေါင်း​များစွာ ဝင်ငွေ​ရတယ်။

မိနစ်​တိုင်း သတင်းအချက်အလက်​အသစ်​တွေ ရနိုင်တဲ့ ဒီခေတ်မှာ လွန်ခဲ့တဲ့ အနှစ် ၂,၀​၀​၀ နီးပါး​က ရေးသား​ပြီးစီး​ခဲ့တဲ့ ကျမ်းစာကို ဘာကြောင့်​ အားထား​နေ​မှာ​လဲ။ လမ်းညွှန်ချက်​ရဖို့ ရှေးဟောင်းစာအုပ်​ကို အားထား​တာဟာ ခေတ်နောက်ကျ​နေတဲ့ ဓာတုဗေဒ​ပြဋ္ဌာန်း​စာအုပ် ဒါမှ​မဟုတ် ကွန်ပျူတာ​လက်စွဲစာအုပ်​ကို သုံး​တာနဲ့​တူတယ်လို့ ပြောတာ မှန်​နေ​မလား။ တကယ်တော့ မမှန်​ပါဘူး။ သိပ္ပံ​ပညာနဲ့ နည်းပညာ​တွေ တစ်​ဟု​န်​ထိုး ပြောင်းလဲ​နေ​ပေ​မဲ့ လူတွေရဲ့ အခြေခံ​လိုအပ်ရာ​တွေ​က ပြောင်းလဲ​သွား​လို့​လား။ လူတွေဟာ ဘဝ​ရဲ့​အဓိပ္ပာယ်​ကို သိချင်​နေဆဲပဲ။ ပျော်ရွှင်မှု၊ ဘေးကင်းလုံခြုံမှု၊ စည်းလုံး​တဲ့​မိသားစု၊ ချစ်​ရတဲ့ မိတ်ဆွေတွေ​ကို လိုလား​​နေတုန်းပဲ။

ကျမ်းစာ​ဟာ အလွန်​ရှေးကျ​ပေ​မဲ့ အဲဒီလို​အပ်​ချက်​တွေ ရနိုင်​ပုံကို ဖော်ပြပေးတယ်။ ကျမ်းစာကို ဘုရားသခင့် စွမ်းအားတော်​လမ်းညွှန်မှု​နဲ့ ရေးထား​တယ်လို့​လည်း ဖော်ပြတယ်။ ဘဝ​ကဏ္ဍအသီးသီး​အတွက် လမ်းညွှန်ချက်တွေ ပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်​နိုင်အောင် အသင့်ပြင်ဆင်​ပေးတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ဒါ့အပြင် အမြဲတမ်း လက်တွေ့ကျ​တဲ့၊ ဘယ်တော့မှ ခေတ်​နောက်​မကျ​တဲ့ အကြံဉာဏ်​တွေကိုလည်း ဖော်ပြတယ်။ “ဘုရားသခင်ရဲ့ နှုတ်ထွက်စကား​ဟာ ရှင်သန်​နေတယ်” လို့ ကျမ်းစာ​ပြောတယ်။—ဟီဘရူး ၄:၁၂

ကျမ်းစာမှာ​ပါ​တာ​တွေဟာ တကယ်ပဲ မှန်​သလား။ ကျမ်းစာ​ဟာ ခေတ်နောက်ကျ​နေ​ပြီ​လား ဒါမှမဟုတ် အလွန်​လက်တွေ့ကျ​တဲ့​စာအုပ်၊ ရှင်သန်​နေတဲ့ စာအုပ်​လား။ အဲဒီ​မေးခွန်း​တွေရဲ့ အဖြေ​ရနိုင်အောင် ဒီ​အထူးထုတ် ကင်းမျှော်စင်​က ကူညီ​ပေးပါ​လိမ့်မယ်။