မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကူညီပေး

၂ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကူညီပေး

ဘဝပြဿနာ​တချို့ဟာ မပြေ​လည်​ဘဲ နှစ်​နဲ့​ချီ ဆက်​ရှိနေ​ တတ်တယ်။ အဲဒီ​ပြဿနာ​တွေဟာ ကိုယ်​သတိ​မထား​မိခင်​ကတည်းက အမြစ်တွယ်​နေတာ ဖြစ်နိုင်တယ်။ အမြစ်တွယ်​နေတဲ့ စိတ်ပျက်​စရာ ပြဿနာ​တွေကို ဖြေရှင်း​နိုင်တဲ့ ဉာဏ်ပညာ​ရှိအောင် ကျမ်းစာ ကူညီ​ပေးနိုင်​သလား။ နမူနာ​တချို့ သုံးသပ်ကြည့်ပါ။

အစိုးရိမ်လွန်​ခြင်း

“စိုးရိမ်ပူပန်​စရာ​တွေကို တွေးရင်း​တွေးရင်း အဆိုးဆုံး​အခြေအနေ​အထိ တွေး​နေ​မိတယ်” လို့ ရို​စီ ပြောတယ်။ ဘယ်​ကျမ်းချက်​က အကူအညီ​ဖြစ်စေ​သလဲ။ မဿဲ ၆:၃၄ ပဲ။ အဲဒီမှာ “နေ့ရက်​တိုင်း​ဟာ သူ့​စိုးရိမ်​စရာ​နဲ့​သူ ရှိနေ​မှာ​ဆိုတော့ မနက်ဖြန်​အတွက် ဘယ်တော့မှ မစိုးရိမ်​ပါနဲ့။ ဒီနေ့​ကြုံရတဲ့ အခက်အခဲ​ကိုပဲ စဉ်းစားပါ” လို့ပြော​ထားတယ်။ အဲဒီ​ကျမ်း​စကား​တွေ​က မနက်ဖြန်​အတွက် ကြို​ပြီး တွေးပူ​မနေ​ဖို့ အကူအညီ​ဖြစ်​စေတယ်​လို့ ရို​စီ ပြောတယ်။ “ဒီနေ့​ကြုံရတဲ့ အခက်အခဲ​ကိုပဲ စဉ်းစား​တယ်။ မဖြစ်သေး​တဲ့​အရာ၊ ဖြစ်ချင်​မှ​ဖြစ်လာ​မယ့်​အရာ​တွေကို ကြိုတွေး​ပြီး စိုးရိမ်​မနေ​ဘူး” လို့လည်း သူပြောတယ်။

စိုးရိမ်​သောက​တွေ ဖိစီး​နေတဲ့ ရက်​စ်​မ​င်​ကလည်း “တချို့​နေ့​တွေမှာ ငို​နေရတယ်။ ည​ဆို​လည်း အိပ်မပျော်​ဘူး။ စိတ်ညစ်​စရာ​တွေပဲ တွေး​နေ​မိတယ်” လို့ပြောတယ်။ ဘယ်​ကျမ်းချက်​က အကူအညီ​ဖြစ်စေ​ခဲ့​သလဲ။ “စိုးရိမ်ပူပန်​စရာ ရှိသမျှ​ကို ဘုရား​သခင်​ဆီ ပုံအပ်ထား​လိုက်ပါ။ ဘုရား​သခင်​ဟာ ခင်ဗျား​တို့​ကို ဂရုစိုက်​တဲ့​အရှင် ဖြစ်လို့​ပဲ” ဆိုပြီး ဖော်ပြထားတဲ့ ၁ ပေတရု ၅:၇ ပဲ။ “ယေဟောဝါ​ဆီ အမြဲ​ဆုတောင်း​တယ်။ ကျွန်မ​ရဲ့ ဆုတောင်းချက်ကို ဘုရား နားထောင်​ပေးတယ်။ ထမ်း​ထားရတဲ့ ဝန်ထုပ်​ကြီး ပေါ့​သွား​သလိုပဲ။ အပျက်သဘော​တွေ ပြန်​ပြန်ဝင်​လာ​ပေ​မဲ့ ဖြေရှင်းနည်း​ကို အခု သိ​ပြီ” လို့ ရက်​စ်​မ​င် ပြောတယ်။

အချိန်ဆွဲ​ခြင်း

အ​စ္စ​ဘယ်​လာ​ဆိုတဲ့ အမျိုးသမီး ဒီလိုပြောတယ်– “အချိန်ဆွဲ​တဲ့​အကျင့်​ဟာ မျိုးရိုး​နဲ့​ဆိုင်​တယ်။ ကျွန်မ​ရဲ့​အဖေ​မှာ အချိန်ဆွဲ​တတ်တဲ့​အကျင့် ရှိတယ်။ ကျွန်မ​လည်း အနားယူ​ဖို့၊ တီဗီ​ကြည့်ဖို့​အတွက်​နဲ့ အရေးကြီး​တာတွေကို မလုပ်ဘဲ အချိန်ဆွဲ​ထား​လေ့ရှိတယ်။ အဲဒီ​အကျင့်​ဟာ မကောင်း​ဘူး။ စိတ်ဖိစီးမှု ပိုများ​လာ​တော့ အလုပ်ကို ဖြစ်သလို လုပ်လိုက်​တယ်။” ၂ တိမောသေ ၂:၁၅ မှာ​ပါတဲ့ အကြံပြုချက်​က သူ့ကို​ အကူအညီ​ဖြစ်စေတယ်။ အဲဒီ​ကျမ်းချက်​မှာ ‘ဘုရား​သခင် နှစ်သက်သူ​အဖြစ်၊ ကိုယ်​လုပ်ဆောင်​ခဲ့ရာ​တွေအတွက် ရှက်​စရာ​အကြောင်း​မရှိတဲ့ လုပ်သား​အဖြစ် ကိုယ့်ကိုယ်ကိုယ် ဆက်သ​နိုင်​ဖို့ အစွမ်းကုန်​ကြိုးစားပါ’ လို့ပြောတယ်။ “အချိန်ဆွဲ​ပြီး​လုပ်​တတ်တဲ့ ကျွန်မ​ကြောင့် ယေဟောဝါ​ဘုရား အရှက်ရ​တာမျိုး မ​ဖြစ်စေ​ချင်ဘူး” လို့ သူပြောတယ်။ အခု​ဆို သူ တော်တော်​တိုးတက်​နေ​ပြီ။

ကယ်​လ်​စီ​လည်း အဲဒီလိုပဲ။ “အချိန်မီ​ပြီး​ရမယ့်​အလုပ်ကို မလုပ်ဘဲ အချိန်ဆွဲ​ထား​လိုက်တယ်။ ကပ်​ပြီးမှ​လုပ်​ရတော့ စိတ်​က​ပူ၊ အိပ်ရေး​က​ပျက်၊ ငို​လည်း​ငိုရ​တယ်။ ဒါ မကောင်း​ဘူး” လို့ သူပြောတယ်။ “အမြော်အမြင်​ရှိ​သူက အသိပညာ​နဲ့အညီ ပြုမူ​တတ်တယ်။ လူ​မိုက်​က​တော့ ကိုယ့်​မိုက်မဲမှု​ကို ဖော်ထုတ်​တတ်တယ်” ဆိုတဲ့ ပညာအလိမ္မာ ၁၃:၁၆ က သူ့​အတွက် အကူအညီ​ဖြစ်စေတယ်။ အဲဒီ​ကျမ်းချက်​ကို တွေးတော​ဆင်ခြင်​တဲ့အတွက် “လက်တွေ့ကျကျ၊ ကြိုတင်​စီစဉ်​တတ်​ပြီ။ အခု​ဆိုရင် လုပ်​ရမယ့်​အလုပ်တွေကို ဇယား​ဆွဲ​ထားတယ်။ ကပ်​ပြီးမှ​လုပ်တာမျိုး​မဟုတ်ဘဲ ဇယား​အတိုင်း လိုက်​နိုင်ပြီ” လို့ သူပြောတယ်။

အထီးကျန်​ခြင်း

“ကျွန်မယောက်ျား​က ကျွန်မ​နဲ့ ကလေး လေး​ယောက်ကို ထားခဲ့​တယ်” လို့ ခရစ္စတင်း ပြောတယ်။ ဘယ်​ကျမ်းစာအကြံပြုချက်​က သူ့​အတွက် အကူအညီ​ဖြစ်စေ​သလဲ။ “မိတ်ဆွေစစ်​ဆိုတာ အချိန်​အခါ​မရွေး မေတ္တာပြ​တတ်တယ်။ သူ​ဟာ ဒုက္ခရောက်​ချိန်မှာ အားကိုး​ရတဲ့ ညီအစ်ကို​ပဲ” လို့ ပြော​ထားတဲ့ ပညာအလိမ္မာ ၁၇:၁၇ ပါပဲ။ ခရစ္စတင်း​ဟာ သူ့လို​ပဲ ယေဟောဝါ​ကို ဝတ်ပြု​တဲ့​သူတွေ​ဆီကနေ အကူအညီတောင်း​ခဲ့တယ်။ ဘာ​အကူအညီ ရခဲ့​သလဲ။ “မိတ်ဆွေတွေ​က ကျွန်မကို နည်း​အမျိုးမျိုး​နဲ့ ဝိုင်းဝန်း​ကူညီ​ကြ​တယ်။ တချို့​က အိမ်တံခါး​ဝ​မှာ စားစရာ​တွေ၊ ပန်းစည်း​တွေ လာ​ထား​ပေးတယ်။ အိမ်ပြောင်း​ရတဲ့ သုံးကြိမ်​စလုံး အုပ်စု​လိုက် လာ​ကူညီ​ပေးကြတယ်။ တစ်ယောက်က အလုပ်ရှာ​ပေးတယ်။ ကျွန်မကို ကူညီဖို့ အမြဲ အသင့်ရှိ​နေကြတယ်” လို့ သူပြောတယ်။

အစောပိုင်း​မှာ ဖော်ပြခဲ့တဲ့ ဒ​က်​ဖ​နီ​လည်း အထီးကျန်​စိတ်​ကို တိုက်လှန်​ခဲ့ရတယ်။ အရာရာ​ကို ဆုံးၡုံးသွား​ပြီးနောက် “ကိုယ့်ကိုယ်ကိုယ် စည်း​ဝိုင်း​အပြင်ဘက် ရောက်နေ​သူ​လို ခံစားရ​တယ်။ သိပ်​အထီးကျန်​တာပဲ” လို့ သူပြောတယ်။ သူ့​အတွက် အကူအညီ​ဖြစ်စေ​တဲ့ ကျမ်းချက်​က​တော့ “ဘုရား​သခင်​က တစ်ကောင်​ကြွက်​ဖြစ်နေ​သူတွေကို ခိုနား​ရာ​အိမ် ပေးတယ်” ဆိုတဲ့ ဆာလံ ၆၈:၆ ပါပဲ။ “ဒါက အခု​ချိန်မှာ ပကတိ​အိမ်​ကို ဆိုလို​နေတာ မဖြစ်နိုင်ဘူး။ အဲဒီအစား ယေဟောဝါ​ဘုရား​ကို ချစ်တဲ့​သူတွေနဲ့ ခင်မင်ရင်းနှီး​နိုင်တဲ့​နေရာ၊ ဘုရား​ပေးတဲ့ ဘေးကင်းလုံခြုံ​တဲ့​နေရာ​ကို ဆိုလို​မှန်း သိလာ​တယ်။ ယေဟောဝါနဲ့ ရင်းနှီးကျွမ်းဝင်​မှသာ တခြား​သူတွေနဲ့ ရင်းနှီးကျွမ်းဝင်​နိုင်မယ်။ ဆာလံ ၃၇:၄ မှာ ‘ယေဟော​ဝါ​ဆီမှာ ပျော်ရွှင်​ကြည်နူးမှု​ကို ရှာ​ပါ။ အလိုဆန္ဒ​တွေကို ဘုရား​ ဖြည့်ဆည်း​ပေး​လိမ့်မယ်’ လို့ ပြော​ထားတဲ့​အတိုင်း​ပါပဲ။”

သူ ဒီလို​ဆက်​ပြောတယ်– “ယေဟောဝါနဲ့ ပိုပြီး​ရင်းနှီးကျွမ်းဝင်​ဖို့လို​မှန်း သိလာ​တယ်။ ယေဟောဝါ​ဘုရား​ဟာ အကောင်းတကာ့ အကောင်းဆုံး မိတ်ဆွေ​ပဲ။ ဘုရား​ကို ချစ်တဲ့​သူတွေနဲ့ မိတ်ဖွဲ့​နိုင်​ဖို့ သူတို့နဲ့အတူ လုပ်ဆောင်​နိုင်မယ့်​အရာ​တွေကို ချရေး​တယ်။ သူတစ်ပါး​ရဲ့ ကောင်းကွက်​တွေကို မြင်တတ်​လာတယ်။ သူတို့ရဲ့ အားနည်းချက်​တွေကို ကျွန်မ နားလည်​ပေး​တတ်​လာတယ်။”

ဘုရား​ကို ဝတ်ပြုသူတွေ​ဟာ ပြည့်ဝစုံလင်​သူတွေ​တော့ မဟုတ်ပါဘူး။ ယေဟောဝါ​သက်သေ​တွေဟာ တခြား​သူတွေ​လိုပဲ အခက်အခဲ​တွေနဲ့ ရုန်းကန်​နေရ​သူတွေ​ပါ။ ဒါပေမဲ့ သူတို့က ကျမ်းစာအကြံပြုချက်​တွေ​အတိုင်း လူတွေကို တတ်​အား​သ​ရွေ့ ကူညီ​ပေးကြတယ်။ အဲဒီလိုလူ​တွေနဲ့ မိတ်ဆွေဖွဲ့​သင့်တယ်။ အခု​ချိန်မှာ မဖြေရှင်း​ပေးနိုင်​တဲ့ နာတာရှည်​ရောဂါ၊ ဝမ်းနည်းပူဆွေးမှု စတဲ့ ပြဿနာတွေ​အတွက်​ကော ကျမ်းစာမှာ ဘာ​လမ်းညွှန်ချက်တွေ ရှိ​သလဲ။

ကျမ်းစာအကြံပြုချက်​တွေကို လိုက်နာ​မယ်ဆိုရင် ကူညီ​ရိုင်းပင်း​တတ်တဲ့ မိတ်ဆွေတွေ ရှာတွေ့နိုင်