မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဖြေ​ရဖို့ ဘယ်လို ဆုတောင်း​နိုင်​သလဲ

အဖြေ​ရဖို့ ဘယ်လို ဆုတောင်း​နိုင်​သလဲ

ယေဟောဝါ​ဘုရား​ဟာ “ဆုတောင်းသံ​ကို နားထောင်တဲ့​အရှင်” ဖြစ်တယ်။ (ဆာလံ ၆၅:၂) ဘယ်​နေရာမှာပဲ​ဖြစ်ဖြစ်၊ ဘယ်အချိန်​ပဲ​ဖြစ်ဖြစ် အသံထွက်​နဲ့​ရော အသံတိတ်​နဲ့​ပါ ဆုတောင်း​နိုင်တယ်။ ယေဟောဝါ​က မိမိကို အဖ​လို့ ခေါ်​စေချင်တယ်။ ဘုရား​က တကယ်ပဲ အကောင်းဆုံး ဖခင်​ပါ။ (မဿဲ ၆:၉) ဆုတောင်းချက်​တွေ အဖြေ​ ရဖို့ ဘယ်လို ဆုတောင်း​ရမယ်ဆိုတာ ယေဟောဝါ မေတ္တာပါပါ သင်ပေးတယ်။

ယေရှုရဲ့ နာမည်​က​တစ်ဆင့် ယေဟောဝါ​ဘုရားဆီ ဆုတောင်း​ပါ

“အဖဘုရား​က ခင်ဗျား​တို့​ တောင်းသမျှ ကျွန်တော့်​နာမည်​ကို ထောက်​ပြီး ပေးသနား​လိမ့်မယ်။”—ယောဟန် ၁၆:၂၃

ယေဟောဝါ​ဘုရား​က ယေရှုခရစ်ရဲ့ နာမည်​က​တစ်ဆင့် ဆုတောင်း​စေ​ချင်​မှန်း ယေရှုရဲ့ စကား​တွေ​ကနေ ရှင်းရှင်းလင်းလင်း သိရတယ်။ ရုပ်တုတွေ၊ သူတော်စင်​တွေ၊ ကောင်းကင်တမန်​တွေ၊ သေသွား​တဲ့ ဘိုးဘေး​တွေ​ကနေ​တစ်ဆင့် မတောင်း​စေ​ချင်ဘူး။ ယေရှုရဲ့​ နာမည်​က​တစ်ဆင့် ဘုရားသခင်​ဆီ ဆုတောင်း​တာ​က ယေရှုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု​ရာ​ရောက်တယ်။ “ကျွန်တော့်​ကို မဖြတ်သန်း​ဘဲ ဘယ်သူမှ အဖ​ဘုရားဆီ မရောက်​နိုင်ဘူး” လို့ ယေရှု ပြော​ခဲ့​တယ်။—ယောဟန် ၁၄:၆

ရင်ဖွင့်​ဆုတောင်း​ပါ

“ဘုရား​ကို ရင်ဖွင့်​ကြ​ပါ။”—ဆာလံ ၆၂:၈

ယေဟောဝါ​ဆီ ဆုတောင်း​တဲ့​အခါ မေတ္တာ​ရှိတဲ့ အဖေ​တစ်ယောက်​နဲ့ စကားပြော​သလို ပြောသင့်တယ်။ ဆုတောင်း​စာအုပ်​ထဲ​က ဖတ်ပြ​တာ​မျိုး၊ အလွတ်​ရ​နေတာကို ရွတ်ပြ​တာ​မျိုး မလုပ်ဘဲ ရင်ထဲ​က​ လာတဲ့ စကား​တွေ​ကို လေးလေးစားစား ပြော​သင့်တယ်။

ဘုရားသခင့် အလိုတော်​နဲ့​အညီ ဆုတောင်း​ပါ

“အလိုတော်​နဲ့​အညီ ဆုတောင်း​မယ်​ဆိုရင် ဘုရား နားထောင်မယ်​ဆိုတာ စိတ်ချ​တယ်။”—၁ ယောဟန် ၅:၁၄

သမ္မာကျမ်းစာ​ထဲမှာ ကျွန်တော်​တို့အတွက် ယေဟောဝါ​ဘုရား လုပ်ပေးမယ့်​အရာ​တွေ၊ ကျွန်တော်​တို့ကို လုပ်​စေ​ချင်​တဲ့​အရာ​တွေ ရေးထားတယ်။ ဘုရားသခင် လက်ခံ​တဲ့ ဆုတောင်းချက်​တွေ ဖြစ်​ဖို့​ဆိုရင် “အလိုတော်​နဲ့​အညီ” ဆုတောင်း​ဖို့ လိုတယ်။ ဘုရားသခင့် အလိုတော်​အကြောင်း ကောင်းကောင်း​ သိဖို့ ကျမ်းစာ​ကို လေ့လာ​ရမယ်။ ဘုရားသခင်​ကို သိကျွမ်း​ပြီး အလိုတော်​နဲ့​အညီ ဆုတောင်း​မယ်​ဆိုရင် ကျွန်တော်​တို့​ရဲ့ ဆုတောင်းချက်​တွေ​ကို ဘုရား နားထောင်မယ်။

ဘာ​အတွက် ဆုတောင်း​နိုင်​သလဲ

ကိုယ့်ရဲ့ လိုအပ်ရာ​တွေ​အတွက် ဆုတောင်း​ပါ။ အခြေခံ​လိုအပ်ရာ​တွေ​ ဖြစ်​တဲ့ စားစရာ၊ ဝတ်စရာ၊ နေစရာ​အတွက် ဆုတောင်း​နိုင်တယ်။ မှန်ကန်​တဲ့ ဆုံးဖြတ်ချက်​တွေ​ ချ​နိုင်​တဲ့ ဉာဏ်ပညာ​ ရဖို့၊ အခက်အခဲတွေကို ခံရပ်​နိုင်​တဲ့ ခွန်အား​ ရဖို့ ဆုတောင်း​နိုင်တယ်။ ယုံကြည်ခြင်း​ ရှိဖို့၊ ခွင့်လွှတ်​ခံရ​ဖို့၊ ဘုရား​အကူအညီ ရဖို့​လည်း ဆုတောင်း​နိုင်တယ်။—လုကာ ၁၁:၃၊ ၄၊ ၁၃။ ယာကုပ် ၁:၅၊ ၁၇

တခြား​သူတွေ​အတွက် ဆုတောင်း​ပါ။ သားသမီးတွေ တစ်ယောက်​နဲ့ တစ်ယောက် ချစ်ချစ်​ခင်ခင် ရှိတာကို တွေ့တဲ့​အခါ မိဘတွေ ပျော်​တယ်။ ယေဟောဝါ​လည်း မြေကြီး​ပေါ်မှာ ရှိတဲ့ မိမိရဲ့ သားသမီးတွေကို ချစ်ချစ်​ခင်ခင် ရှိစေချင်တယ်။ ဒါ​ကြောင့် ကိုယ့်ရဲ့ အိမ်ထောင်ဖက်​နဲ့ သားသမီးတွေ၊ မိသားစုဝင်​တွေ၊ မိတ်ဆွေ​တွေ​အတွက် ဆုတောင်းပေး​နိုင်တယ်။ “အချင်းချင်း​အတွက် ဆုတောင်းပေး​ကြ​ပါ” လို့ တပည့်​ဖြစ်သူ ယာကုပ် ရေးခဲ့တယ်။—ယာကုပ် ၅:၁၆

ကျေးဇူး​တင်​ကြောင်း ပြောပါ။ ဖန်ဆင်း​ရှင်​နဲ့​ပတ်သက်ပြီး သမ္မာကျမ်းစာ​မှာ ဒီလို​ပြော​တယ်– “ဘုရားသခင်​က ခင်ဗျား​တို့ကို အစားအစာ အလျှံပယ်​ ပေး​ဖို့၊ ရွှင်လန်း​ဝမ်းမြောက်​စေဖို့ မိုးကောင်းကင်​ကနေ မိုးရွာ​စေတယ်၊ အသီးအနှံ​တွေ ဖြစ်ထွန်း​စေ​တဲ့ ရာသီဥတု​ကို ပေး​တယ်။” (တမန်​တော် ၁၄:၁၇) ကျွန်တော်​တို့အတွက် ဘုရားသခင် လုပ်ပေး​ရာတွေကို စဉ်းစား​တဲ့​အခါ ဆုတောင်းချက်​မှာ ဘုရားသခင်​ကို ကျေးဇူး​တင်​ကြောင်း ပြော​ဖို့ လှုံ့ဆော်​ခံရ​တယ်။ ကျေးဇူး​တင်​တယ်​ဆိုတာ​ကို ကျွန်တော်​တို့​ရဲ့ အသက်ရှင်​နေထိုင်ပုံ​နဲ့​လည်း ဖော်ပြ​သင့်တယ်။—ကောလောသဲ ၃:၁၅

စိတ်ရှည်ပါ၊ ဆက်​ဆုတောင်း​နေပါ

စိတ်ရင်းမှန်​နဲ့​ တောင်း​တဲ့ ဆုတောင်းချက်​တွေ ချက်ချင်း အဖြေ​ မရတဲ့အခါမျိုးမှာ စိတ်ဓာတ်ကျ​နိုင်တယ်။ အဲဒါ​က ကျွန်တော်​တို့ကို ဘုရားသခင် စိတ်မဝင်စား​ဘူး​ဆိုတဲ့ အဓိပ္ပာယ်​လား။ မဟုတ်ပါဘူး။ ဆက်​ဆုတောင်း​ဖို့ လို​ကြောင်း ဖော်ပြ​တဲ့ အောက်ပါ​တွေ့ကြုံမှု​တွေ​ကို သုံးသပ်ကြည့်​ပါ။

ရှေ့​ဆောင်းပါး​မှာ ပါတဲ့ စတိဗ် ဒီလို​ပြော​တယ်– “ကျွန်တော်​သာ ဆက်​ဆု​မတောင်း​ခဲ့​ဘူးဆို​ရင် ဘဝကို အရှုံးပေး​လိုက်တာ ကြာပြီ။” ဘာကြောင့် အရှုံး​မပေး​ခဲ့​တာလဲ။ သမ္မာကျမ်းစာ​ကို သူ​လေ့လာ​တဲ့​အခါ ဆုတောင်း​ရမယ်၊ ဇွဲ​မလျှော့​ဘဲ ဆုတောင်း​ရမယ်​ဆိုတာ သိခဲ့​လို့ပဲ။ “မိတ်ဆွေ​တွေ​ဆီက​ ရတဲ့ မေတ္တာပါ ထောက်မမှု​အတွက် ဘုရားသခင်​ကို ကျေးဇူး​တင်​ကြောင်း ဆုတောင်း​ပြောပြ​တယ်။ အခု ကျွန်တော် အရင်ကထက် ပို​ပျော်​လာပြီ” လို့ စတိဗ် ပြော​တယ်။

ဘုရားသခင်​ဆီ ဆုတောင်း​ဖို့ မထိုက်တန်ဘူး​ဆိုပြီး ခံစား​ခဲ့​ရတဲ့ ဂျဲ​နီ​ကော။ “ကျွန်မ တော်​တော် စိတ်ဓာတ်​ကျနေ​တဲ့​အချိန်​မှာ တန်ဖိုး​မရှိဘူးလို့ ဘာကြောင့်​ ခံစား​ရသလဲ​ဆိုတာ သိအောင် ကူညီ​ပေး​ပါ​ဆိုပြီး ဆုတောင်း​ခဲ့​တယ်။” ဘယ်လို အကူအညီ​ ရခဲ့​သလဲ။ “ဆုတောင်း​လိုက်တဲ့အခါ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မြင်​သလို ဘုရား မမြင်​ဘူးဆို​တာ နားလည်​လာတယ်။ လက်မလျှော့​ဘဲ ဆက်​ကြိုးစား​ဖို့​လည်း ကူညီ​ပေး​ခဲ့​တယ်။” ဘာ​အကျိုး ရခဲ့​သလဲ။ “ယေဟောဝါ​ဟာ တကယ်​ တည်ရှိ​တယ်၊ မေတ္တာ​ရှိပြီး ဂရုစိုက်​စောင့်ရှောက်​တတ်​တဲ့ ဘုရား၊ ဖခင်၊ မိတ်ဆွေ​ဆိုတာ သိမြင်​လာတယ်။ ဘုရား​ လုပ်စေချင်တာကို ကြိုးစား​ပြီး​ လုပ်​နေ​သ၍ ကျွန်မ​ကို ကူညီ​ပေး​ဖို့ အမြဲ​ အသင့်ရှိနေ​တယ် ဆိုတာ​ကိုလည်း သိလာတယ်။”

မသန်စွမ်း​ပေမဲ့ ပျော်ရွှင်​နေတဲ့ ဂျဲ​ရတ်​ကို တွေ့​တဲ့​အခါ “ကျွန်မ​ရဲ့ ဆုတောင်းချက်​တွေ​ကို ဘုရား အကောင်းဆုံး အဖြေပေး​တယ်​ဆိုတာ သိလာတယ်” လို့ အစ္စဘဲလ်​ ပြော

အစ္စဘဲလ်​ရဲ့ တွေ့ကြုံမှု​ကိုလည်း သုံးသပ်ကြည့်​ပါ။ သူ ကိုယ်ဝန်​ရှိလာတဲ့​အခါ ဆရာဝန်​က မသန်မစွမ်း​လေး မွေးလာမယ်လို့ ပြော​တယ်။ သူ တော်​တော် ဝမ်းနည်း​သွားတယ်။ ကိုယ်ဝန်​ဖျက်​ချဖို့ တချို့က အကြံပေး​ကြတယ်။ “စိတ်​ဆင်းရဲလွန်းလို့ သေ​မတတ် ခံစား​ခဲ့​ရတယ်။” သူ ဘာလုပ်ခဲ့​သလဲ။ “အကူအညီ​ ရဖို့ ဘုရားသခင်​ဆီ ဆုတောင်း​ပြီး​ရင်း ဆုတောင်း​ခဲ့​တယ်” လို့ သူ​ပြောပြ​တယ်။ နောက်တော့ မသန်မစွမ်း​သားလေး ဂျဲ​ရ​တ် မွေးလာတယ်။ ဆုတောင်းချက်​တွေ​ကို ဘုရား အဖြေပေး​တယ်လို့ အစ္စဘဲလ် ခံစား​ခဲ့​ရ​သလား။ ခံစား​ခဲ့​ရ​ပါ​တယ်။ “အခု ကျွန်မ​သား အသက် ၁၄ နှစ်​ ရှိပြီ။ မသန်စွမ်း​ပေမဲ့ ပျော်ရွှင်​နေတဲ့ သားကို မြင်ရ​တဲ့​အခါ ကျွန်မ​ရဲ့ ဆုတောင်းချက်​တွေ​ကို ဘုရား အကောင်းဆုံး အဖြေပေး​တယ်​ဆိုတာ သိလာတယ်။ ကျွန်မ​သားက ယေဟောဝါ​ဘုရား​ ပေး​တဲ့ တကယ့် ကောင်းချီး​ပါ​ပဲ” လို့ အစ္စဘဲလ် ပြော​တယ်။

အထက်ပါ ရင်တွင်း​ခံစားချက်​တွေ​က ဆာလံကျမ်း​မှာ ပါတဲ့ ဒီ​စကား​တွေ​ကို သတိ​ရစေတယ်– “အို ယေဟောဝါ၊ ကိုယ်တော်​က စိတ်​နူးညံ့​သူတွေရဲ့ တောင်းဆိုချက်​ကို ကြား​လိမ့်မယ်။ သူတို့​စိတ်နှလုံး​ကို ခိုင်ခံ့​စေပြီး သူတို့​စကား​ကို အာရုံစိုက်​ပေး​လိမ့်မယ်။” (ဆာလံ ၁၀:၁၇) ဆက်​ဆုတောင်း​နေဖို့ အားပေးမှု​ ဖြစ်စေ​တဲ့ ကျမ်းချက်​ပါ​ပဲ။

ကျမ်းစာ​ထဲမှာ ယေရှုရဲ့ ဆုတောင်းချက်​တွေ​ကို မှတ်တမ်း​တင်ထား​တယ်။ တပည့်​တွေ​ကို သင်ပေးခဲ့တဲ့ ဆုတောင်းချက်​က​တော့ လူသိ​အများဆုံး​ပါ​ပဲ။ အဲဒီ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။