မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်မရှည်ခြင်းကြောင့် ဆိုးကျိုးဖြစ်နိုင်

စိတ်မရှည်ခြင်းကြောင့် ဆိုးကျိုးဖြစ်နိုင်

ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– အမျိုးသားတစ်ယောက်က ကျော်မတက်ရဇုန်၊ နှစ်လမ်းသွား ယာဉ်ကြောမှာ ကားမောင်းနေတယ်။ ရှေ့ကားက အမျိုးသမီးဟာ အမြင့်ဆုံးသတ်မှတ်ထားတဲ့နှုန်းထက် နည်းနည်းလေး လျော့မောင်းနေတယ်။ စိတ်မရှည်တဲ့သူ့အဖို့တော့ အရမ်းနှေးနေသလိုပဲ။ အန္တရာယ်ရှိတာကို သိသိနဲ့ မိနစ်အနည်းငယ်ကြာ ရှေ့ကားနောက် ကပ်လိုက်လာရာကနေ စိတ်မရှည်နိုင်တော့ဘဲ စက်ရှိန်မြှင့်ပြီး ကျော်တက်လိုက်တယ်။ ဒီအခြေအနေမှာ သူဟာ လမ်းစည်းကမ်းချိုးဖောက်သူ ဖြစ်သွားပြီး မတော်တဆမှုလည်း ဖြစ်နိုင်ခြေရှိတယ်။

စိတ်မရှည်တဲ့ အမျိုးသမီးတစ်ယောက်က သူ့လောက် မတော်၊ သူ့လောက် မမြန်တဲ့သူတွေနဲ့ အလုပ်တွဲလုပ်နေရရင် ဘယ်လိုနေမလဲ။ ဓာတ်လှေကားခေါ်တဲ့ ခလုတ်ကို စိတ်မရှည်စွာ ထပ်ထပ်ပြီးနှိပ်နေတဲ့ လူတစ်ယောက်ဆိုရင်ကော။ သင်ကော၊ သက်ကြီးရွယ်အို မိဘတွေကို စိတ်မရှည်ဖြစ်နေသလား။ ဒါမှမဟုတ် ကလေးတွေကို ခဏခဏစိတ်ဆိုးတဲ့ မိဘတစ်ဦးလား။ တခြားသူတွေရဲ့ အမှားတွေကြောင့် အလွယ်တကူ စိတ်အနှောင့်အယှက် ဖြစ်တတ်သလား။

တစ်ခါတလေတော့ ဘယ်သူမဆို စိတ်တိုတတ်ပါတယ်။ ဒါပေမဲ့ နေ့တိုင်းလိုလို ခဏခဏ စိတ်တိုနေရင်တော့ ကြီးမားတဲ့ဆိုးကျိုးတွေ ခံစားရနိုင်တယ်။

ဖော်ပြပါအချက်တွေက စိတ်မရှည်ခြင်းကြောင့် ဖြစ်နိုင်တဲ့ မကောင်းတဲ့အကျိုးဆက်တွေထဲက အနည်းငယ်သာဖြစ်တယ်။ နောက်ဆောင်းပါးမှာ စိတ်ရှည်အောင် ပြုလုပ်နိုင်ပုံနဲ့ ထိန်းထားနိုင်ပုံကို ဆွေးနွေးသွားပါမယ်။

ကျန်းမာရေးထိခိုက်နိုင်–

စိတ်မရှည်ခြင်းက စိတ်အလိုမကျဖြစ်တာ၊ ဒေါသထွက်တာတွေနဲ့ ဆက်စပ်နေတယ်။ အဲဒီခံစားချက်တွေက စိတ်ဖိစီးမှု တိုးများစေပြီး ကျန်းမာရေး ထိခိုက်စေနိုင်တယ်။ အမေရိကန် ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ မကြာသေးခင်ကလုပ်တဲ့ လေ့လာမှုအရ စိတ်မရှည်ခြင်းဟာ သွေးတိုးရောဂါဖြစ်စေတဲ့အချက် တစ်ချက်ဖြစ်ပြီး လူလတ်ပိုင်းမှာတောင် သွေးတိုးရောဂါဖြစ်စေတယ်။

စိတ်မရှည်ခြင်းနဲ့ ဆက်စပ်နေတဲ့ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိတယ်။ စိတ်မရှည်ခြင်းနဲ့ အဝလွန်ခြင်းက ဆက်စပ်မှုရှိကြောင်း မကြာသေးခင်က ပြုလုပ်တဲ့လေ့လာမှုမှာ တွေ့ခဲ့ကြတယ်။ “စိတ်မရှည်တဲ့သူတွေဟာ စိတ်ရှည်ရှည် စောင့်တတ်သူတွေထက် အဝလွန်ဖို့အကြောင်း ပိုများတယ်လို့ သုတေသီတွေ တွေ့ ရှိ” ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာမှာလည်း ဖော်ပြထားတယ်။ တချို့ဒေသတွေမှာ စျေးချိုတဲ့ အမြန်ရအစားအစာတွေကို အလွယ်တကူ ဝယ်လို့ရတယ်။ စိတ်မရှည်သူများစွာက အများအားဖြင့် ကျန်းမာရေးနဲ့မညီတဲ့ အမြန်ရအစားအစာတွေကို စိတ်မထိန်းနိုင်ဘဲ ဝယ်စားလေ့ရှိတယ်။

အချိန်ဆွဲတတ်–

လန်ဒန်အခြေစိုက် စီးပွားရေးဆိုင်ရာ သုတေသနပြုမှုတစ်ခုက စိတ်မရှည်တဲ့သူတွေဟာ လုပ်သင့်တာကို မလုပ်ဘဲ အချိန်ဆွဲထားတတ်သူတွေဖြစ်ကြောင်း တွေ့ခဲ့တယ်။ အချိန်ပေးဖို့လိုတဲ့ အလုပ်ကို ပြီးအောင်လုပ်ဖို့ စိတ်မရှည်တာနဲ့ပဲ ရွှေ့ဆိုင်းလိုက်တာလား။ ဘယ်လိုပဲဖြစ်ပါစေ အချိန်ဆွဲတတ်တဲ့အကျင့်က အချိန်ဆွဲသူကိုရော၊ စီးပွားရေးကိုပါ အကြီးအကျယ် ထိခိုက်စေနိုင်တယ်။ ဗြိတိန်နိုင်ငံ၊ တယ်လီဂရပ်ဖ်သတင်းစာမှာ သုတေသီ အန်နစ္စတို ရူဘင် က “[အချိန်ဆွဲသူဟာ] စာရွက်စာတမ်းတွေကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတဲ့အတွက် ကုန်ထုတ်လုပ်မှုကို များစွာထိခိုက်စေပြီး ငွေကြေးကုန်ကျမှုလည်း များစေတယ်” လို့ ဖော်ပြထားတယ်။

မူးယစ်ရမ်းကားတတ်–

“စိတ်မရှည်သူတွေဟာ ညအချိန်မတော် မူးယစ်သောင်းကျန်းနိုင်ခြေ ပိုများတယ်” လို့ ဗြိတိန်သတင်းစာတစ်စောင် (South Wales Echo) က ဖော်ပြတယ်။ ဗြိတိန်နိုင်ငံ၊ ကာဒစ်ဖ် တက္ကသိုလ်က သုတေသီတွေဟာ အမျိုးသား၊ အမျိုးသမီးများစွာကို လေ့လာစောင့်ကြည့်ပြီးနောက် အဲဒီအချက်ကို ဖော်ပြခဲ့တာဖြစ်တယ်။ လေ့လာမှုအရ “စိတ်မရှည်တဲ့သူတွေဟာ အရက်အလွန်အကျွံသောက်ပြီး အကြမ်းဖက်နိုင်ခြေ ပိုများတယ်” လို့ အဲဒီသတင်းစာမှာ ဖော်ပြထားတယ်။

ဝေဖန်ပိုင်းခြားနိုင်စွမ်း ကျဆင်းတတ်–

စိတ်မရှည်တဲ့သူတွေဟာ “ရွေးချယ်မှုတွေလုပ်တဲ့အခါ ပေါ့ပေါ့တန်တန် မြန်မြန်ဆန်ဆန်ပဲ လုပ်လေ့ရှိတယ်” ဆိုပြီး ဝါရှင်တန် ဒီ.စီ.၊ ဖြူးသုတေသနအဖွဲ့က တွေ့ ရှိခဲ့တယ်။ အိန္ဒိယနိုင်ငံ၊ ပါဟရားတီဒါးဆန်တက္ကသိုလ်က ပါမောက္ခနဲ့ လူမှုရေးဌာနကခေါင်းဆောင်ဖြစ်သူ ဒေါက်တာ အီလန်ဂိုး ပုန်ဟာစွမ်မီကလည်း အလားတူ ကောက်ချက်ချတယ်။ သူ ဒီလိုရှင်းပြတယ်– “စိတ်မရှည်ခြင်းက သင့်ကို နစ်နာဆုံးရှုံးစေနိုင်တယ်။ စိတ်မရှည်ဘဲ အမှားမှားအယွင်းယွင်း ဆုံးဖြတ်မိတာကြောင့် မိတ်ဆွေ၊ ငွေကြေး ဆုံးရှုံးနိုင်တဲ့အပြင် တခြားဆိုးကျိုးများစွာလည်း ခံစားရနိုင်တယ်။”

ငွေကြေးအကျပ်အတည်း–

စိတ်မရှည်ခြင်းနဲ့ “အကြွေးထူခြင်း” တို့ ဆက်စပ်မှုရှိတယ်ဆိုပြီး အမေရိကန်နိုင်ငံ ဘော့စ်တွန် ဗဟိုဘဏ်ကထုတ်ဝေတဲ့ စာစောင်မှာ ဖော်ပြထားတယ်။ ဥပမာ၊ စိတ်မရှည်တဲ့ ကြင်စဦးဇနီးမောင်နှံက ဝင်ငွေနည်းပေမဲ့ လက်ထပ်ပြီးတာနဲ့ ချက်ချင်းပဲ ဇိမ်ခံပစ္စည်းအားလုံးကို လိုချင်တယ်။ ဒါနဲ့ အိမ်၊ ပရိဘောဂ၊ ကားနဲ့ တခြားလိုချင်တာတွေကို အကြွေးနဲ့ ဝယ်ကြတယ်။ အဲဒီလိုလုပ်တာက အိမ်ထောင်ကို ထိခိုက်နိုင်တယ်။ “အကြွေးရှိတဲ့ အိမ်ထောင်ကျခါစ ဇနီးမောင်နှံတွေဟာ အကြွေး မရှိတဲ့ ဒါမှမဟုတ် နည်းနည်းပဲရှိတဲ့ သူတွေလောက် မပျော်ကြဘူး” လို့ အမေရိကန်နိုင်ငံ အာကန်ဆော တက္ကသိုလ်က သုတေသီတွေက ဆိုတယ်။

အမေရိကန်ပြည်ထောင်စုမှာ မကြာသေးမီကဖြစ်တဲ့ စီးပွားရေးကျဆင်းမှုကြောင့် စိတ်မရှည်ကြတော့တာလို့ တချို့ပြောကြတယ်။ ငွေကြေးဆိုင်ရာ မဂ္ဂဇင်းတစ်စောင် (Forbes) က ခုလိုဆိုတယ်– “လက်ရှိစျေးကွက်အခြေအနေဟာ လောဘကြီးလွန်းပြီး အလွန်အမင်း စိတ်မရှည်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ စိတ်မရှည်မှုက တတ်နိုင်တာထက် အဆမတန်စျေးကြီးတဲ့အရာတွေကို ရယူဖို့ သာမန်လူတန်းစားတွေကို လှုံ့ဆော်ပေးတယ်။ ဒါနဲ့ သူတို့ဟာ နှစ်တော်တော်ကြာတဲ့အထိ ဒါမှမဟုတ် ဘယ်တော့မှ ပြန်မဆပ်နိုင်တဲ့ ငွေပမာဏကို ချေးယူကြတော့တယ်။”

မိတ်ဆွေဆုံးရှုံးတတ်–

စိတ်မရှည်ခြင်းက ပြောဆိုဆက်သွယ်မှုကို ထိခိုက်နိုင်တယ်။ စိတ်မရှည်တဲ့သူက စကားပြောဆိုတဲ့အခါ မစဉ်းစားဘဲ ပြောလေ့ရှိတယ်။ တခြားသူတွေပြောတာကိုလည်း စိတ်မရှည်ဘူး။ တခြားသူတွေ ဘာကိုပြောချင်သလဲဆိုတာကို နားလည်တဲ့အထိ ဆက်နားမထောင်ဘူး။ စိတ်မရှည်တဲ့သူက စကားပြောနေတဲ့သူ မြန်မြန် ပြီးအောင် စကားလုံးတွေ ထောက်ပေးတတ် ဒါမှမဟုတ် မြန်မြန်ပြောအောင် တခြားနည်း ရှာကြံတတ်တယ်။

အဲဒီလို စိတ်မရှည်ဘူးဆိုရင် မိတ်ဆွေတွေ ဆုံးရှုံးသွားနိုင်တယ်။ ရှေ့ဆောင်းပါးမှာ ကိုးကားထားတဲ့ စိတ်ပညာရှင် ဒေါက်တာ ဂျနီဖာ ဟာရှတင်က ဒီလိုပြောတယ်– “သွားဖို့ တပြင်ပြင်၊ နာရီကို တကြည့်ကြည့် လုပ်နေတဲ့သူတစ်ယောက်နဲ့ ဘယ်သူက စကားပြောချင်မှာလဲ။” မှန်ပါတယ်၊ စိတ်မရှည်ခြင်းက နှစ်သက်စရာအရည်အသွေး မဟုတ်ပါဘူး။ အဲဒါက မိတ်ဆွေတွေ ဆုံးရှုံးစေတယ်။