မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာလို့ စိတ်မရှည်ကြတော့တာလဲ

ဘာလို့ စိတ်မရှည်ကြတော့တာလဲ

စိတ်မရှည်ခြင်းဆိုတာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဥပမာ၊ ယာဉ်ကြောပိတ်နေတဲ့အခါ ဒါမှမဟုတ် တန်းစီစောင့်ရတဲ့အခါမျိုးမှာ စိတ်မရှည်ဖြစ်တတ်ကြတယ်။ ဒါပေမဲ့ အရင်ကထက် အခုအချိန်မှာ ပိုပြီး စိတ်မရှည်ဖြစ်လာကြတယ်ဆိုပြီး ပညာရှင်တချို့ ယူမှတ်ကြတယ်။ စိတ်မရှည်ဖြစ်ရတဲ့ အကြောင်းရင်းတွေကို သင်သိရရင် အံ့သြသွားနိုင်တယ်။

လူများစွာဟာ နည်းပညာကြောင့် သည်းခံစိတ်တွေ လျော့နည်းလာတာဖြစ်တယ်လို့ စိတ်ပညာရှင်တချို့ မကြာသေးခင်က မှတ်ချက်ချခဲ့တယ်။ ကနေဒါနိုင်ငံ၊ မွန်ထရီရောလ်သတင်းစာတစ်စောင်မှာ တချို့သုတေသီတွေက ခုလို ပြောကြောင်းဖော်ပြတယ်– “ဆဲလ်ဖုန်း၊ ကင်မရာ၊ အီးမေးလ် စတဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေက ကျွန်ုပ်တို့ရဲ့ ဘဝကို ပြောင်းလဲစေခဲ့ပြီ။ . . . အဲဒီနည်းပညာတွေက ချက်ချင်းလို၊ ချက်ချင်းရစေတဲ့အတွက် ဘဝရဲ့ တခြားကဏ္ဍတွေမှာလည်း အကျိုးရလဒ်တွေကို ချက်ချင်း တွေ့မြင်ချင်စိတ် ဖြစ်ပေါ်လာစေတယ်။”

စိတ်ပညာရှင် ဒေါက်တာ ဂျနီဖာ ဟာရှတင်က လေးလေးနက်နက် စဉ်းစားသင့်တဲ့ မှတ်ချက်တချို့ကို ဖော်ပြခဲ့တယ်။ သူ ဒီလိုရှင်းပြတယ်– “ချက်ချင်း ရလိုတဲ့စိတ်ဆန္ဒလွှမ်းမိုးတဲ့ လူ့ဘောင်ဖြစ်လာတော့ ဘာမဆို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်နဲ့ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ဖြစ်စေချင်ကြတယ်။ အဲဒီလို ဖြစ်မလာဘူးဆိုရင် စိတ် ကသိကအောက်ဖြစ်၊ စိတ်ဆိုးလာတတ်တယ်။ အဲဒါက စိတ်မရှည်ခြင်း[ရဲ့လက္ခဏာ] ဖြစ်တယ်။” “အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် လုပ်တတ်တဲ့အလေ့အကျင့်တွေ ပျောက်ကုန်ပြီ” လို့ သူထပ်ပြောသေးတယ်။

အီးမေးလ်ကို လူကြိုက်နည်းလာပြီ၊ မကြာခင် သုံးကြတော့မှာမဟုတ်ဘူးလို့ တချို့သူတွေ ထင်နေကြတယ်။ အကြောင်းကတော့ လူများစွာဟာ ပြန်စာကို နာရီပိုင်း၊ မိနစ်ပိုင်း စောင့်ဖို့တောင် စိတ်မရှည်ကြတော့ဘူး။ အီးမေးလ်နဲ့စာပို့တဲ့အခါ နှုတ်ဆက်စကားတွေ၊ နိဂုံးချုပ်စကားတွေ ထည့်ရေးဖို့လိုတယ်။ ဒါပေမဲ့ ဒီလိုရေးထုံးရေးနည်းတွေက အချိန်စားတယ်၊ ပျင်းစရာကောင်းတယ်လို့ ယူမှတ်လာကြတယ်။ နှုတ်ဆက်စကားတွေမလိုဘဲ ချက်ချင်း ဆက်သွယ်လို့ရတဲ့နည်းတွေကို ပိုကြိုက်လာတယ်။ လူတွေဟာ ယဉ်ကျေးမှုရှိတဲ့ နှုတ်ဆက်စကား ရေးဖို့တောင် စိတ်မရှည်ကြတော့သလိုပဲ။ ဒါ့အပြင် လူအတော်များများက ရေးပြီးသားစာကို ပြန်မစစ်ချင်ကြဘူး။ အဲဒါကြောင့် စာပို့မှား၊ သဒ္ဒါမှား၊ စာလုံးပေါင်းမှားတာတွေ အများကြီး တွေ့နေရတယ်။

လူများစွာဟာ ပုံနှိပ်စာအုပ်ထဲက စာကြောင်းရှည်တွေကိုဖတ်ဖို့ စိတ်မရှည်ကြတော့ဘူး

အခုလိုချင် အခုရချင်တဲ့ စိတ်ဆန္ဒက ဒစ်ဂျစ်တယ် ဆက်သွယ်ရေးနယ်ပယ်လောက်မှာပဲ မဟုတ်ဘူး။ တခြားကဏ္ဍတွေမှာလည်း စောင့်ရတဲ့အလုပ်ကို မကြိုက်ကြတော့ဘူး။ ဥပမာ၊ သင်ဟာ စားသုတ်သုတ်၊ သွားသုတ်သုတ်၊ စကားပြောရင်လည်း လောလောဖြစ်နေသလား၊ ငွေကိုလည်း ရတာနဲ့သုံးလိုက်တာမျိုး ဖြစ်နေသလား။ ဓာတ်လှေကား၊ မီးပွိုင့် ဒါမှမဟုတ် ကွန်ပျူတာက အရမ်းကြာတယ်လို့ ခံစားနေရသလား။

လူများစွာဟာ ပုံနှိပ်စာအုပ်ထဲက စာကြောင်းရှည်တွေကို ဖတ်ဖို့ စိတ်မရှည်ကြတော့ဘူးဆိုပြီး ပညာရှင်တွေ ပြောကြတယ်။ ဘာကြောင့်လဲ။ လူအများက အဓိကအကြောင်းအရာကို အမြန်ဆုံးသိဖို့ အင်တာနက်စာမျက်နှာ တစ်ခုကနေတစ်ခု၊ အချက်အလက်တို တစ်ခုကနေတစ်ခု ကျော်ဖတ်တာ အကျင့်ပါနေတဲ့အတွက် ဖြစ်တယ်။

ဘာကြောင့် စိတ်မရှည်ကြတော့တာလဲ။ စိတ်မရှည်ရတဲ့ အကြောင်းရင်းအားလုံးကိုတော့ ပညာရှင်တွေ မသိကြဘူး။ ဒါပေမဲ့ စိတ်မရှည်မှုက ဆိုးကျိုးဖြစ်နိုင်တယ်ဆိုတဲ့ ခိုင်လုံတဲ့သက်သေ အထောက်အထားတွေ ရှိပုံရတယ်။ စိတ်မရှည်မှုကြောင့်ဖြစ်တဲ့ ဆိုးကျိုးတချို့နဲ့ ပိုပြီး စိတ်ရှည်လာအောင် သင် ဘယ်လို လုပ်နိုင်မလဲဆိုတဲ့အကြောင်း နောက်ဆောင်းပါးနှစ်ခုမှာ သုံးသပ်ပါမယ်။

အင်တာနက်စာမျက်နှာ တစ်ခုကနေတစ်ခု၊ အချက်အလက်တို တစ်ခုကနေတစ်ခု ကျော်ဖတ်တာ အကျင့်ပါနေ