မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့် | ဖန်ဆင်းခြင်း

ဖန်ဆင်းခြင်း

ဖန်ဆင်းခြင်း

တချို့သူတွေယုံကြည်သလို ဘုရားသခင်က ကမ္ဘာမြေကြီးကို ၂၄ နာရီရှိတဲ့ ၆ ရက်အတွင်းမှာ ဖန်ဆင်းခဲ့တာလား

“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။” —ကမ္ဘာဦး ၁:၁

သမ္မာကျမ်းစာပြောဆိုရာ–

ဘုရားသခင်က ကမ္ဘာမြေကြီးအပါအဝင် စကြဝဠာတစ်ခုလုံးကို “အစအဦး၌” ဖန်ဆင်းခဲ့တယ်လို့ သမ္မာကျမ်းစာထဲက ကမ္ဘာဦး ၁:၁ မှာ ဆိုထားပါတယ်။ အဲဒီ “အစအဦး၌” ဆိုတာက ဘယ်အချိန်လည်းဆိုတာကိုတော့ ပြောမထားပါဘူး။ စကြဝဠာကြီးမှာ အစရှိတယ်ဆိုတာကို ခေတ်သစ်သိပ္ပံပညာက လက်ခံတယ်။ စကြဝဠာရဲ့သက်တမ်းဟာ နှစ်သန်းပေါင်း ၁၄ ဘီလီယံနီးပါးရှိတယ်လို သိပ္ပံပညာရှင်တွေ မကြာသေးခင်က ခန့်မှန်းထားကြတယ်။

သမ္မာကျမ်းစာမှာလည်း ဖန်ဆင်းခြင်း “နေ့ရက်” ခြောက်ရက်အကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီနေ့ရက်ဟာ ၂၄ နာရီရှိတဲ့ တစ်ရက်ကိုတော့ ပြောတာမဟုတ်ဘူး။ (ကမ္ဘာဦး ၁:၃၁) အမှန်တော့ သမ္မာကျမ်းစာအသုံးပြုတဲ့ “နေ့ရက်” ဆိုတာက အချိန်ကာလအမျိုးမျိုးကို ရည်ညွန်းနိုင်တယ်။ ဥပမာ၊ ဖန်ဆင်းရာကာလတစ်ခုလုံးကို “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောနေ့” လို့ပြောထားပါတယ်။ (ကမ္ဘာဦး ၂:၄) ဒါကြောင့် အဲဒီဖန်ဆင်းခြင်း “နေ့ရက်” တွေဟာ နှစ်ထောင်ပေါင်းများစွာ ကြာတယ်ဆိုတာ ထင်ရှားတယ်။—ဆာလံ ၉၀:၄

ဘာကြောင့်အရေးကြီးတာလဲ–

ဖန်ဆင်းရာအချိန်ကာလနဲ့ပတ်သက်ပြီး တချို့သူတွေရဲ့ လွဲမှားတဲ့ရှုမြင်ချက်ကြောင့် သမ္မာကျမ်းစာရဲ့ တိကျမှန်ကန်မှုကို သံသယဝင်သွားနိုင်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာမှာပါတဲ့ ဖန်ဆင်းခြင်းမှတ်တမ်းကို ယုံကြည်စိတ်ချမယ်ဆိုရင် ကျမ်းစာမှာ ပါတဲ “ပညာရတနာ” အများကြီးကနေလည်း အကျိုးခံစားရနိုင်ပါတယ်။—သုတ္တံ ၃:၂၁

ဘုရားသခင်က ကမ္ဘာပေါ်က သက်ရှိတွေကို ဆင့်ကဲဖြစ်စဉ်သုံးပြီး ဖန်ဆင်းခဲ့တာလား

“ဘုရားသခင်က မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်များကိုလည်းကောင်း၊ တွားတတ်သောတိရစ္ဆာန်များကိုလည်းကောင်း၊ သားရဲများကိုလည်းကောင်း အမျိုးအလိုက် ဖြစ်ပွားစေဟု အမိန့်တော်ရှိသည်အတိုင်းဖြစ်လေ၏။”ကမ္ဘာဦး ၁:၂၄၊ သမ္မာ။

သမ္မာကျမ်းစာပြောဆိုရာ–

ဘုရားသခင်ဟာ ရိုးရှင်းတဲ့သက်ရှိကိုပြုလုပ်ပြီး အဲဒီသက်ရှိကနေ ရှုပ်ထွေးတဲ့သက်ရှိဖြစ်လာအောင် အဆင့်ဆင့်ပြောင်းလဲသွားစေတဲ့ ဖြစ်စဉ်ကိုသုံးပြီး မဖန်ဆင်းခဲ့ဘူး။ အဲဒီအစား မျိုးပေါင်းစုံလင်လှတဲ့ အပင်တွေ၊ တိရစ္ဆာန်တွေကို “အမျိုးအလိုက်” ဖန်ဆင်းခဲ့ပြီး အဲဒါတွေဟာ အမျိုးအလိုက် ပေါက်ပွားမှာဖြစ်တယ်။ (ကမ္ဘာဦး ၁:၁၁၊ ၂၁၊ ၂၄) အဲဒီဖြစ်စဉ်ကြောင့် ဘုရားသခင်မူလကဖန်ဆင်းခဲ့တဲ့ သက်ရှိ “အမျိုးအလိုက်” အတိုင်း ဒီနေ့ကမ္ဘာမြေကြီးပေါ်မှာ ရှိနေပါတယ်။—ဆာလံ ၈၉:၁၁

သက်ရှိမျိုးစိတ်တစ်ခုကနေ မျိုးကွဲဘယ်လောက်ရှိမယ်ဆိုတာကိုတော့ သမ္မာကျမ်းစာမှာ အတိအကျပြောမထားပါဘူး။ မျိုးစိတ်တစ်ခုထဲက မျိုးတူတိရစ္ဆာန်အချင်းချင်း မိတ်လိုက်ပေါက်ပွားနိုင်ကြတယ်၊ သဘာဝပတ်ဝန်းကျင်နဲ့ အလိုက်သင့် ပြောင်းလဲနေထိုင်နိုင်ကြတယ်။ အဲဒီလို အလိုက်သင့်ပြောင်းလဲနေထိုင်တာကို တချို့က ဆင့်ကဲဖြစ်စဉ်ပုံစံတစ်ခုလို့ ရှုမြင်ကြတယ်။ တကယ်တော့ အဲဒီဖြစ်စဉ်ကြောင့် မျိုးစိတ်အသစ်တစ်ခု ဖြစ်ပေါ်လာခြင်းမျိုး မရှိပါဘူး။ နှစ်ကာလတစ်လျှောက်မှာ မူရင်းအပင်မျိုးစိတ်၊ တိရစ္ဆာန်မျိုးစိတ်တွေဟာ ပြောင်းလဲမူမရှိသလောက်ပဲဆိုတာကို ခေတ်သစ်ပညာရှင်တွေ ထောက်ခံကြတယ်။

ဘာကြောင့်အရေးကြီးတာလဲ–

သက်ရှိတွေကို “အမျိုးအလိုက်” ဖန်ဆင်းတယ်ဆိုတဲ့ သမ္မာကျမ်းစာဖော်ပြချက်ဟာ သိပ္ပံပညာနဲ့ ကိုက်ညီမှုရှိတယ်ဆိုတဲ့အချက်က သမ္မာကျမ်းစာရဲ့ သမိုင်းကြောင်း၊ ကြိုဟောချက်နဲ့ ကျမ်းစာမှာပါတဲ့ တခြားအကြောင်းအရာတွေက မှန်ကန်တယ်ဆိုတာကို ယုံကြည်စိတ်ချစေပါတယ်။

စကြဝဠာကိုဖန်ဆင်းတဲ့အခါ လိုအပ်တဲ့ကုန်ကြမ်းကို ဘယ်ကနေရရှိတာလဲ

“မိမိတန်ခိုးတော်အားဖြင့် မိုးကောင်းကင်ကိုဖြန့်ကြက်၍ နေ၊လ၊ ကြယ်တာရာများကို ထိန်းချုပ်၍ ထား၏။”ဟေရှာယ ၄၅:၁၂၊ ခမ။

သမ္မာကျမ်းစာပြောဆိုရာ–

သမ္မာကျမ်းစာမှာ ဘုရားသခင်ကို အတိုင်းအဆမဲ့တန်ခိုး ဒါမှမဟုတ် စွမ်းအင်ရဲ့ ရင်းမြစ်လို့ ခေါ်ဆိုထားပါတယ်။ (ယောဘ ၃၇:၂၃) အဲဒီအချက်က ကျိုးကြောင်းညီညွတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သိပ္ပံပညာရှင်တွေဟာ စွမ်းအင်ကနေ ဒြပ်ထုကိုပြောင်းလဲနိုင်တယ်ဆိုတာကို သိရှိထားကြတယ်။ သမ္မာကျမ်းစာမှာ ဘုရားသခင်ကို စကြဝဠာကိုဖန်ဆင်းတဲ့အရှင်၊ “ခွန်အားကြီး၍ တန်ခိုးနှင့်ပြည်စုံတော်မူသော” အရှင်အဖြစ် ဖော်ပြထားပါတယ်။ (ဟေရှာယ ၄၀:၂၆) ဘုရားသခင်က နေ၊ လ၊ ကြယ်တွေကို “ကာလအစဉ်အဆက် အမြဲတည်စေတော်မူ” မယ်လို့ ကတိပြုထားတဲ့အတွက် ဘုရားသခင်ဟာ ဖန်ဆင်းထားရာတွေ ဆက်လက်တည်တံ့စေဖို့ မိမိရဲ့တန်ခိုးကို အသုံးပြုသွားပါလိမ့်မယ်။—ဆာလံ ၁၄၈:၃-၆

ဘာကြောင့်အရေးကြီးတာလဲ–

ဘာမှမရှိတဲ့အရာကနေ စကြဝဠာကြီး ဘယ်လိုကြောင့် ဖြစ်ပေါ်လာသလဲဆိုတဲ့မေးခွန်းဟာ သိပ္ပံပညာက မဖြေပေးနိုင်တဲ့ အခက်ခဲဆုံးမေးခွန်းဖြစ်တယ်” လို့ နက္ခတ္တဗေဒပညာရှင် အယ်လန် ဇန်းဒါးက ပြောခဲ့တယ်။ ဖန်ဆင်းခြင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာရှင်းပြချက်က သိပ္ပံပညာနဲ့ကိုက်ညီတဲ့အပြင် သိပ္ပံပညာက မဖြေပေးနိုင်တဲ့ “ကမ္ဘာမြေကြီး၊ လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ဘာလဲ” စတဲ့မေးခွန်းတွေရဲ့အဖြေတွေကိုလည်း သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ *

^ စာပိုဒ်၊ 16 ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်၊ အခန်း ၃ ကိုကြည့်ပါ။www.mt711.com/mya ဝက်ဘ်ဆိုက် ကနေလည်း ကူးယူနိုင်ပါတယ်။