မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

ဘာသာတရားကို စိတ်ဝင်စားမှု လျော့နည်းလာကြပြီလား

ဘာသာတရားကို စိတ်ဝင်စားမှု လျော့နည်းလာကြပြီလား

တူရကီနိုင်ငံမှာ မွေးဖွားတဲ့ ဂျက်ဖာရဲ့ဘာသာတရားက ဘုရားသခင်ဟာ အငြိုးကြီးသူဖြစ်တယ်လို့ သင်ပေးတဲ့အတွက် သူ သဘောမတွေ့ခဲ့ဘူး။ သူ့ရဲ့ဇနီး၊ ဟေဒီယာကလည်း အသက်ကိုးနှစ်ကတည်းက ဘာသာတရားကို သံသယဝင်ခဲ့တယ်။ သူဒီလိုပြောပြတယ်– “ကံကြမ္မာကို ယုံကြည်ဖို့ သင်ပေးကြတယ်။ ကျွန်မက မိဘမဲ့ဆိုတော့ ငါဘာလုပ်ခဲ့လို့ ဒီဘဝရောက်ရတာလဲလို့ စဉ်းစားမိတယ်။ တစ်ညလုံး ငိုခဲ့ရတဲ့ညတွေ မနည်းဘူး။ အသက် ၁၅ နှစ်ရောက်တော့ ကျွန်မမှာ ဘာသာတရားမရှိတော့ဘူး။”

သင်ဟာ ဘာသာတရားကို ကျောခိုင်းခဲ့သူတစ်ယောက်လား။ ဟုတ်တယ်ဆိုရင် အဲဒီလိုလုပ်တာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ နိုင်ငံအတော်များများမှာ ‘ဘာသာမရှိ’ လို့ပြောတဲ့သူတွေ များလာနေတဲ့အတွက် ဘာသာတရား အသင်းအဖွဲ့တွေရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေတယ်။ နမူနာတချို့ကို အောက်မှာဖော်ပြထားပါတယ်။

ဘာကြောင့် စွန့်ခွာနေကြတာလဲ

ဘာသာရေးအသင်းအဖွဲ့ကို လူတွေ စိတ်ပျက်သွားရတဲ့ အကြောင်းအမျိုးမျိုး ရှိတယ်။ ဘာသာရေးက အကြမ်းဖက်လုပ်ရပ်တွေကို လှုံ့ဆော်ပေး၊ လက်ခံပေးတာကြောင့်၊ ဘာသာရေးခေါင်းဆောင်တွေရဲ့ ကျော်မကောင်းကြားမကောင်း သတင်းတွေကြောင့် ဖြစ်သလို တခြားအသေးအဖွဲကိစ္စတွေကြောင့် သာသာတရားကို လူများစွာ စွန့်ခွာသွားကြတယ်။ အဲဒီအသေးအဖွဲကိစ္စတွေထဲမှာ ဒါတွေပါဝင်တယ်–

  • ရုပ်ပစ္စည်းကြွယ်ဝမှု– “ပိုချမ်းသာလာလေ၊ ဘာသာရေးနဲ့ ပိုကင်းကွာလာလေ” ဆိုပြီး စာအုပ်တစ်အုပ် (Global Index of Religion and Atheism) ကဆိုတယ်။ နိုင်ငံများစွာဟာ သိသိသာသာ ကြွယ်ဝချမ်းသာလာကြတဲ့အတွက် အဲဒီလိုပြောတာ ဖြစ်တယ်။ နိုင်ငံတချို့က လူတွေရဲ့ “နေထိုင်မှုဘဝပုံစံကိုသာ လွန်ခဲ့တဲ့ နှစ် ၂၀၀ တုန်းက အချမ်းသာဆုံးဘုရင်ကြီး တွေ့မယ်ဆိုရင် မနာလိုဖြစ်သွားလိမ့်မယ်” ဆိုပြီး စီးပွားရေးပါမောက္ခ ဂျွန် ဗွီ. စီ. နိုင် ပြောခဲ့တယ်။

    သမ္မာကျမ်းစာပြောဆိုရာ– “နောက်ဆုံးသော နေ့ရက်များ” မှာ ဘုရားသခင်နဲ့လူသားချင်းကို ချစ်တဲ့သူတွေထက် အပျော်အပါးနဲ့ငွေကို ချစ်တဲ့သူတွေ ပိုများမယ်လို့ သမ္မာကျမ်းစာမှာ ကြိုပြောထားတယ်။ (၂ တိမောသေ ၃:၁-၅) စည်းစိမ်ချမ်းသာကြောင့် ဘုရားသခင်ကို မေ့တာမျိုး ဖြစ်သွားနိုင်တာကို သတိပြုမိတဲ့အတွက် ကျမ်းရေးသူတစ်ယောက်က “ဆင်းရဲခြင်းနဲ့ ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်” ဆိုပြီး ယေဟောဝါဘုရားသခင်ဆီ တောင်းလျှောက်ခဲ့တယ်။ ဘာဖြစ်လို့လဲ။ “အကျွန်ုပ်သည် ကြွယ်ဝ၍ ထာဝရဘုရားကား အဘယ်သူနည်းဟုဆိုလျက် ကိုယ်တော်ကို ငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏” လို့ သူပြောခဲ့တယ်။—သုတ္တံ ၃၀:၈၊ ၉

  • ဘာသာရေးထုံးတမ်းစဉ်လာတွေနဲ့ ကိုယ်ကျင့်တရားစံနှုန်း– လူများစွာက၊ အထူးသဖြင့် လူငယ်တွေက ဘာသာရေးအသင်းအဖွဲ့ဟာ ဘဝအတွက် အရေးမပါဘူး၊ အသုံးမဝင်ဘူးလို့ ရှုမြင်နေကြတယ်။ တချို့တွေဟာ ဘာသာရေးကို အယုံအကြည် မရှိကြတော့ဘူး။ စကော့တလန် လူအဓိကပြုဝါဒီအသင်းရဲ့ မီဒီယာအရာရှိ တင်မ် မက်ဂွိုင်းယားက “လွန်ခဲ့တဲ့ ရာစုနှစ်တွေတစ်လျှောက်မှာ ချာ့ခ်ျတွေရဲ့ လုပ်ရပ်ကို ကြည့်လိုက်တဲ့အခါ သူတို့ကို စံနှုန်းပြဋ္ဌာန်းပိုင်ခွင့်ရှိသူတွေအဖြစ် မရှုမြင်တော့ဘဲ ဝေးဝေးရှောင်ကုန်တော့တယ်” လို့ပြောခဲ့တယ်။

    သမ္မာကျမ်းစာပြောဆိုရာ– ယေရှုခရစ်က မှားယွင်းတဲ့ ဘာသာရေးဆရာတွေနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့တယ်– “သူတို့၏အသီးများအားဖြင့် သူတို့ကို သိလိမ့်မည်။ . . . ကောင်းသောအပင်တိုင်းသည် ကောင်းသောအသီးကို သီးတတ်ကြ၏။ မကောင်းသော အပင်မူကား မကောင်းသောအသီးကို သီးတတ်၏။” (မဿဲ ၇:၁၅-၁၈) ‘မကောင်းတဲ့အသီး’ တွေထဲမှာ နိုင်ငံရေးမှာ ဝင်စွက်ဖက်တာ၊ လိင်တူမေထုန် စတဲ့ ဘုရားရွံမုန်းတဲ့အကျင့်တွေကို လက်ခံတာတွေ ပါဝင်တယ်။ (ယောဟန် ၁၅:၁၉; ရောမ ၁:၂၅-၂၇) ကျမ်းစာပါ အကျိုးပြုသွန်သင်ချက်တွေကိုဖယ်ပြီး အနှစ်သာရမရှိတဲ့ ဓလေ့တွေ၊ ထုံးတမ်းစဉ်လာတွေနဲ့ အစားထိုးခြင်းလည်း ပါဝင်တယ်။ (မဿဲ ၁၅:၃၊) ယေရှုက “ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့” လို့ပြောခဲ့တယ်။ (ယောဟန် ၂၁:၁၇) ဒါပေမဲ့ ဒီကနေ့ လူအများဟာ ဘုရားရေးရာ အသိပညာ ငတ်မွတ်နေကြတယ်။

  • ဘာသာရေးနဲ့ ငွေ– ဖြူးသုတေသနစင်တာရဲ့ အဆိုအရ ဘာသာရေးတွေဟာ ငွေကို သိပ်အလေးထားလွန်းတာကို လူတွေ တွေ့နေရတယ်။ ဘာသာရေးမှာ အထင်ကရဖြစ်နေသူတချို့ဟာ သူတို့ရဲ့အသင်းသားတွေနဲ့ မတူဘဲ အကြီးအကျယ် သုံးဖြုန်းနေကြတာကို တွေ့ရတော့ ပိုဆိုးသွားတယ်။ ဥပမာ၊ ဂျာမနီနိုင်ငံက မြို့ကြီးတစ်မြို့မှာ၊ ချာ့ခ်ျတက်နေသူတွေကတော့ အသက်ရှင်နေထိုင်ဖို့ ရုန်းကန်နေကြရပေမဲ့ ဘိရှော့ကတော့ အကြီးအကျယ် ဇိမ်ခံနေတယ်။ အဲဒါကြောင့် ဒေသခံ ကက်သလစ်ဘာသာဝင် အတော်များများ စိတ်ပျက်သွားကြတယ်။ နိုင်ဂျီးရီးယား မဂ္ဂဇင်း (GEO) မှာလည်း ဒီလိုဖော်ပြထားတယ်– “လူပေါင်း သန်းတစ်ရာဟာ တစ်ရက်ကို တစ်ယူရို (၁၂၀၀ ကျပ်) လောက်နဲ့ အသက်ဆက်နေရတဲ့နိုင်ငံမှာ ပါစတာ တချို့ဟာ သုံးဖြုန်းနေတဲ့အတွက် ပြဿနာစတက်နေပြီ။”

    သမ္မာကျမ်းစာပြောဆိုရာ– ကျမ်းရေးသူ ပေါလု ဒီလိုရေးခဲ့တယ်– “ငါတို့သည် . . . ဘုရားသခင်၏တရားစကားတော်ကို လှည့်လည်ရောင်းချ” သူတွေမဟုတ်။ (၂ ကောရိန္သု ၂:၁၇) အစောပိုင်း ခရစ်ယာန်အသင်းတော်မှာ ပေါလုဟာ အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်တာတောင် သူ့အတွက် တခြားသူတွေ ငွေကြေးဝန်ထုပ်မဖြစ်အောင် ကိုယ်တိုင်အလုပ်လုပ်ခဲ့တယ်။ (တမန်တော် ၂၀:၃၄) “အခမဲ့ရကြသည်ဖြစ်၍ အခမဲ့ပေးကမ်းကြလော့” လို့ပြောခဲ့တဲ့ ယေရှုရဲ့ အမိန့်ကို နာခံခဲ့တယ်။—မဿဲ ၁၀:၇၊ ၈

အဲဒီကျမ်းစကားတွေကြောင့် ယေဟောဝါသက်သေတွေဟာ စာပေတွေကို အခမဲ့ဝေငှတယ်၊ ကျမ်းစာအကြောင်း အခမဲ့ ပြောပြကြတယ်။ ဆယ်ဖို့တစ်ဖို့ မကောက်ဘူး၊ ဝတ်ပြုစည်းဝေးတဲ့အခါ အလှူငွေလည်း မကောက်ဘူး။ စေတနာနဲ့လှူကြတဲ့ အလှူငွေတွေနဲ့ပဲ လုပ်ဆောင်နေကြပါတယ်။—မဿဲ ၆:၂၊ ၃

ဘာသာရေးအသင်းအဖွဲ့ကနေ လူတွေ စွန့်ခွာသွားကြမယ်လို့ ကြိုဟောထား

ဘာသာရေးအဖွဲ့ဟာ အခုလို အကျပ်ရိုက်မယ်ဆိုတာကို လူတစ်ယောက်အနေနဲ့ ကြိုပြီးမပြောနိုင်ဘူး။ ဒါပေမဲ့ ဘုရားသခင်ကတော့ အဲဒီလိုဖြစ်မယ့်အကြောင်း ကြိုသိပြီး ကျမ်းစာမှာ ကြိုပြောထားတယ်။ ဘုရားလမ်းညွှန်ချက်အတိုင်း မသွန်သင်တဲ့ ဘာသာအားလုံးကို သမ္မာကျမ်းစာက “မဟာဗာဗုလုန်” လို့နာမည်ပေးပြီး ဟိတ်ဟန်ထုတ်လွန်းတဲ့ ပြည့်တန်ဆာနဲ့ ခိုင်းနှိုင်းထားတယ်။—ဗျာဒိတ် ၁၇:၁၊

မှားယွင်းတဲ့ဘာသာဟာ တရားတော်အတိုင်း လုပ်တယ်လို့ ပြောပေမဲ့ အာဏာရဖို့၊ စည်းစိမ်ပိုင်ဆိုင်ဖို့ လောကအုပ်စိုးရှင်တွေနဲ့ ပလူးပလဲနေကြတဲ့အတွက် အဲဒီလိုခိုင်းနှိုင်းတာ သင့်တော်ပါတယ်။ မြေကြီးဘုရင်တို့သည် “သူနှင့် မတရားမေထုန်ပြု” တယ်လို့ ဗျာဒိတ် ၁၈:၉ မှာဆိုထားတယ်။ “ဗာဗုလုန်” ဆိုတာ သွန်သင်ချက် အမှားတွေ၊ အယူသည်းမှုတွေနဲ့ ပြည့်နေတဲ့ ရှေးခေတ် မြို့တစ်မြို့ဖြစ်တယ်။ မသေနိုင်တဲ့ဝိညာဉ်၊ သုံးပါးပေါင်းတစ်ဆူဘုရား၊ နတ်ဝိဇ္ဇာအတတ် စတဲ့ မှားယွင်းတဲ့ဘာသာတရား သွန်သင်ချက်တွေ၊ ဓလေ့ထုံးစံတွေဟာ အဲဒီကနေ မြစ်ဖျားခံလာတာဖြစ်တယ်။ ဒါကြောင့် မှားယွင်းတဲ့ဘာသာကို “မဟာဗာဗုလုန်” ဆိုပြီး နာမည်ပေးတာ ဖြစ်တယ်။ *ဟေရှာယ ၄၇:၁၊ ၈-၁၁

အင်အားကြီးဗာဗုလုန်မြို့ကြီးကို ကျုံးရေက ကာကွယ်ပေးထားပြီး ယူဖရေးတီးမြစ်ကနေ ရေရတာဖြစ်တယ်။ ဒါပေမဲ့ မီးဒီးယား၊ ပါးရှားစစ်တပ်က ရေလမ်းကြောင်း လွှဲပြီး ကျုံးရေကို “ခန်းခြောက်” စေခဲ့တယ်။ (ယေရမိ ၅၀:၁၊ ၂၊ ၃၈) ဗာဗုလုန်ကို တစ်ညတည်းနဲ့ သိမ်းပိုက်ခဲ့တယ်။—ဒံယေလ ၅:၇၊ ၂၈၊ ၃၀

မဟာဗာဗုလုန်လည်း “ရေများပေါ် ထိုင်” နေပါတယ်။ ရေဆိုတာ “လူစုများ၊ လူအုပ်များ” ဖြစ်တယ်လို့ ကျမ်းစာကပြောထားတယ်။ ဒါကြောင့် သန်းနဲ့ချီတဲ့လူတွေဟာ မှားယွင်းတဲ့ဘာသာကို ထောက်ပံ့ပေးနေကြတယ်ဆိုတာ သိရတယ်။ (ဗျာဒိတ် ၁၇:၁၊ ၁၅) အဲဒီပုံဆောင်ရေ ခန်းခြောက်သွားမယ်လို့ ကျမ်းစာမှာကြိုပြောထားတယ်။ အဲဒါက မျက်မှောက်ခေတ် ဗာဗုလုန် ပျက်စီးတော့မှာကို သိစေတယ်။ (ဗျာဒိတ် ၁၆:၁၂; ၁၈:၈) ဘယ်သူ့လက်ချက်နဲ့ ပျက်စီးမှာလဲ။ သူ့ကိုချစ်ခဲ့တဲ့ အရင်လက်တွဲဖော် နိုင်ငံရေးအပေါင်းအပါတွေရဲ့ လက်ချက်နဲ့လို့ ကျမ်းစာကပြောတယ်။ သူ့ကို လုံးလုံး ဖျက်ဆီးပစ်လိမ့်မယ်။—ဗျာဒိတ် ၁၇:၁၆၊ ၁၇ *

ဗာဗုလုန်မြို့ပတ်လည်က ကျုံးရေ လျော့နည်းသွားတာက မဟာဗာဗုလုန်ကနေ လူတွေ ထွက်ခွာသွားနေတာကို ပုံတင်ပြ

“သူ၏အထဲမှ ထွက်ကြလော့”

မဟာဗာဗုလုန် မကြာခင် ဖျက်ဆီးခံရတော့မှာဖြစ်လို့ ဘုရားသခင်က မေတ္တာနဲ့ ဒီလိုသတိပေးထားတယ်– “ငါ၏လူမျိုးတို့၊ သင်တို့သည် သူ၏အပြစ်များနှင့် မဆက်ဆံလို၊ သူခံရမည့် ကပ်ဘေးများကို မခံလိုလျှင် သူ၏အထဲမှ ထွက်ကြလော့။” (ဗျာဒိတ် ၁၈:၄) “မခံလိုလျှင်” ဆိုတဲ့စကား သုံးထားတာကို သတိပြုပါ။ သွန်သင်ချက်အမှားတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသူတွေ၊ ဘုရားမျက်နှာသာရလိုတဲ့သူတွေ အပါအဝင် ဂျက်ဖာ နဲ့ ဟေဒီယာဟာ အဲဒီသတိပေးချက်ကို သိလိုက်ရတဲ့အခါ စိတ်ထိမိသွားကြတယ်။

သမ္မာကျမ်းစာကို ဂျက်ဖာ မလေ့လာခင်က ဘုရားကိုကြောက်လို့သာ စကားနားထောင်တာ ဖြစ်တယ်။ ကျမ်းစာလေ့လာပြီးနောက် “ယေဟောဝါဟာ မေတ္တာရှင်ဖြစ်တယ်ဆိုတာ သိလာခဲ့ပြီး ဘုရားကိုချစ်လို့ ဘုရားစကားကို နားထောင်လာတယ်” လို့သူပြောပြတယ်။ (၁ ယောဟန် ၄:၈; ၅:၃) ဟေဒီယာ မိဘမဲ့ဖြစ်ရတာဟာ အတိတ်ဘဝ ကံကြောင့်မဟုတ်ဘူး၊ ဘုရားလုပ်တာကြောင့်လည်း မဟုတ်ဘူးလို့ သူ သိလာတဲ့အခါ စိတ်သက်သာမှု ရခဲ့တယ်။ ယာကုပ် ၁:၁၃ နဲ့ တခြားကျမ်းချက်တွေကနေ နှစ်သိမ့်မှုရခဲ့တယ်။ သူနဲ့ ဂျက်ဖာဟာ သမ္မာကျမ်းစာအမှန်တရားကို လက်ခံပြီး “ဗာဗုလုန်” ကနေ ထွက်ခဲ့ကြတယ်။—ယောဟန် ၁၇:၁၇

ဘုရားသခင်ကို “အမှန်တရားနဲ့အညီ” ကိုးကွယ်ချင်လို့ မဟာဗာဗုလုန်ကနေ ထွက်လာသူတွေဟာ မဟာဗာဗုလုန်ပျက်စီးတဲ့အခါ ကာကွယ်ခံရလိမ့်မယ်။ (ယောဟန် ၄:၂၃) “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့်ပြည့်” လာမှာကို သူတို့ တွေ့မြင်ရပါလိမ့်မယ်။—ဟေရှာယ ၁၁:၉

“မုသာနှင့်ကင်းစင်” တဲ့ ဘုရားပြောတဲ့အတိုင်းပဲ၊ မှားယွင်းတဲ့ဝတ်ပြုရေးနဲ့ သူနဲ့သက်ဆိုင်တာတွေအားလုံး ပျောက်ကွယ်သွားပါလိမ့်မယ်။ (တိတု ၁:၂) စစ်မှန်တဲ့ ဝတ်ပြုရေးကတော့ ထာဝစဉ်တည်တံ့ပြီး တိုးပွားသွားပါလိမ့်မယ်။

^ စာပိုဒ်၊ 16 မဟာဗာဗုလုန်လူသေတွေရဲ့အခြေအနေဘုရားက ဘယ်သူလဲနတ်ဝိဇ္ဇာအတတ် စတာတွေ အကြောင်း ထပ်သိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်မှာကြည့်ပါ။ www.mt711.com/mya မှာလည်း ကြည့်နိုင်ပါတယ်။

^ စာပိုဒ်၊ 18 ဒီ နိုးလော့! စာစောင်မှာပါတဲ့ “သမ္မာကျမ်းစာရှုထောင့်—ဒီလောကရဲ့ အဆုံး” ကိုကြည့်ပါ။