မာတိကာဆီ ကျော်သွား

မဟာဗာဗုလုန်ဆိုတာ ဘာလဲ

မဟာဗာဗုလုန်ဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

 ဗျာဒိတ်ကျမ်းမှာဖော်ပြထားတဲ့ မဟာဗာဗုလုန်ဆိုတာက ဘုရားသခင် လက်မခံတဲ့ မှားယွင်းတဲ့ကမ္ဘာ့ဘာသာရေးအစုအဖွဲ့ကို ရည်ညွှန်းတာ ဖြစ်တယ်။ a (ဗျာဒိတ် ၁၄:၈; ၁၇:၅; ၁၈:၂၁) ကမ္ဘာ့ဘာသာရေးတွေဟာ တစ်ခုနဲ့တစ်ခုမတူကြဘူးဆိုပေမဲ့ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါကို လူတွေဝတ်မပြုအောင် လုပ်ဆောင်တဲ့နေရာမှာတော့ တစ်နည်းမဟုတ်တစ်နည်းဆိုသလို တူကြတယ်။​—တရားဟောရာ ၄:၃၅

မဟာဗာဗုလုန်ကို ခွဲခြားသိမြင်နိုင်တဲ့ အချက်များ

  1.  ၁။ မဟာဗာဗုလုန်ဟာ တင်စားချက်တစ်ခု ဖြစ်တယ်။ “မဟာဗာဗုလုန်ဟူ၍ လျှို့ဝှက်နက်နဲသည့်အမည်” ရှိတဲ့ “ပြည့်တန်ဆာကြီး၊” “မိန်းမတစ်ဦး” အကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၇:၁၊ ၃၊) ဗျာဒိတ်ကျမ်းဟာ “အမှတ်သင်္ကေတများ” နဲ့ဖော်ပြထားတာကြောင့် မဟာဗာဗုလုန်ဆိုတာ တကယ့်အမျိုးသမီးတစ်ဦးကို ပြောနေတာမဟုတ်ဘဲ တင်စားချက်ဖြစ်ရမယ်လို့ ကောက်ချက်ချတာ သင့်တော်ပါတယ်။ (ဗျာဒိတ် ၁:၁) ဒါ့အပြင် မဟာဗာဗုလုန်ဟာ “လူစုများ၊ လူအုပ်များ၊ လူမျိုးများနှင့် ဘာသာစကားများ” ကို တင်စားတဲ့ “ရေများပေါ်ထိုင်” တယ်။ (ဗျာဒိတ် ၁၇:၁၊ ၁၅) တကယ့်အမျိုးသမီးတစ်ယောက်ဟာ အဲဒီလိုမလုပ်နိုင်ဘူး။

  2.  ၂။ မဟာဗာဗုလုန်ဟာ ကမ္ဘာတစ်ခုလုံးအတိုင်းအတာနဲ့ ကြီးမားကျယ်ပြန့်မှုကို ပုံဆောင်တယ်။ မဟာဗာဗုလုန်ကို “မြေကြီးပေါ်မှ ဘုရင်များကို အုပ်စိုးသောနိုင်ငံရှိသည့် မြို့ကြီး” ဆိုပြီး ခေါ်ဆိုထားတယ်။ (ဗျာဒိတ် ၁၇:၁၈) ဒါကြောင့် သူဟာ ကမ္ဘာချီအတိုင်းအတာအထိ ကြီးမားကျယ်ပြန့်ပြီး ဩဇာညောင်းတယ်။

  3.  ၃။ မဟာဗာဗုလုန်က နိုင်ငံရေး၊ စီးပွားရေးနဲ့မဆိုင်ဘဲ ဘာသာရေးနဲ့ဆိုင်တယ်။ ရှေးခေတ်ဗာဗုလုန်ဟာ “နတ်ဝိဇ္ဇာအတတ်နှင့် ပြုစားသောအတတ်” လိုက်စားတဲ့နေရာမှာ နာမည်ကြီးတဲ့မြို့ ဖြစ်တယ်။ (ဟေရှာယ ၄၇:၁၊ ၁၂၊ ၁၃; ယေရမိ ၅၀:၁၊ ၂၊ ၃၈) ပြောရမယ်ဆိုရင် အဲဒီမြို့မှာ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါရွံမုန်းတဲ့ အယူမှားဘာသာရေးအကျင့်အကြံတွေကို ပြုကျင့်ခဲ့ကြတယ်။ (ကမ္ဘာဦး ၁၀:၈၊ ၉; ၁၁:၂–၄၊) ဗာဗုလုန်ဘုရင်တွေဟာ သိပ်မောက်မာပြီး ယေဟောဝါဘုရားနဲ့ စစ်မှန်တဲ့ဝတ်ပြုရေးကို မထီလေးစားလုပ်ကြတယ်။ (ဟေရှာယ ၁၄:၄၊ ၁၃၊ ၁၄; ဒံယေလ ၅:၂–၄၊ ၂၃) အဲဒီလိုပဲ၊ မဟာဗာဗုလုန်လည်း “နတ်ဆိုးပညာလိုက်စား” တဲ့နေရာမှာ နာမည်ကြီးတယ်။ မဟာဗာဗုလုန်ဟာ ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဒီအချက်က ဖော်ပြနေတယ်။​—ဗျာဒိတ် ၁၈:၂၃

     မဟာဗာဗုလုန် ဖျက်ဆီးခံရတဲ့အခါ “မြေကြီးဘုရင်တို့” ဝမ်းနည်းပူဆွေးကြတယ်လို့ ဖော်ပြတဲ့အတွက် မဟာဗာဗုလုန်ဟာ နိုင်ငံရေးကို ရည်ညွှန်းတာ မဖြစ်နိုင်ဘူး။ (ဗျာဒိတ် ၁၇:၁၊ ၂; ၁၈:၉) “မြေကြီးပေါ်မှ နယ်လှည့်ကုန်သည်များ” နဲ့ သူ့ကိုခွဲခြားဖော်ပြထားလို့ စီးပွားရေးနယ်ပယ်လည်း မဖြစ်နိုင်ပြန်ဘူး။​—ဗျာဒိတ် ၁၈:၁၁၊ ၁၅

  4. စင်း (လဘုရား)၊ အက်ရှ်တာ (မျိုးအောင်ခြင်းနဲ့ စစ်တို့ရဲ့ ဘုရားမ)၊ ရှာမက် (နေဘုရား) ဆိုတဲ့ သုံးပါးပေါင်းတစ်ဆူဘုရားပုံပါတဲ့ ဗာဗုလုန်ဘုရင် နဗိုနိုက်ဒက်စ်ရဲ့ မော်ကွန်းကျောက်တိုင်

     ၄။ မဟာဗာဗုလုန်ဟာ မှားယွင်းတဲ့ဘာသာဖြစ်တယ်။ မှားယွင်းတဲ့ဘာသာတရားက စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါကိုဝတ်ပြုဖို့ လူတွေကို သွန်သင်ပေးမယ့်အစား တခြားဘုရားတွေကို ဝတ်ပြုဖို့ သွန်သင်ပေးတယ်။ အဲဒီလိုလုပ်တာကို “သူတို့ရဲ့ဘုရားတွေနဲ့ ပြည့်တန်ဆာလုပ်” တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဝတ်ပြုရာ ၂၀:၆; ထွက်မြောက်ရာ ၃၄:၁၅၊ ၁၆ကဘ) သုံးပါးပေါင်းတစ်ဆူလူသေရင် ဝိညာဉ်မသေဘူးစတဲ့ ယုံကြည်ချက်တွေနဲ့ ဝတ်ပြုရေးမှာ ရုပ်တုအသုံးပြုခြင်းစတဲ့ အကျင့်အကြံတွေဟာ ရှေးခေတ်ဗာဗုလုန်ကနေ ဆင်းသက်လာတာဖြစ်ပြီး မှားယွင်းတဲ့ဘာသာတရားမှာလည်း အဲဒီယုံကြည်ချက်၊ အကျင့်အကြံတွေကို မြင်တွေ့နေရတုန်းပဲ။ အဲဒီဘာသာတရားတွေမှာ ဝတ်ပြုရေးနဲ့ လောကတပ်မက်စိတ်ဟာ ရောထွေးနေတယ်။ မှားယွင်းတဲ့ဝတ်ပြုရေးမှာ ပါဝင်တာက ဘုရားသခင်အပေါ် သစ္စာမဲ့ရာကျလို့ ကိုယ်တော်ရဲ့ ရန်သူပဲ။​—ယာကုပ် ၄:၄

     မှားယွင်းတဲ့ဘာသာတရားတွေရဲ့ စည်းစိမ်ချမ်းသာနဲ့ အဆောင်အယောင်တွေဟာ “ခရမ်းရောင်အထည်နှင့် နီမြန်းသောအထည်များကို ဝတ်ဆင်လျက် ရွှေ၊ ကျောက်မျက်နှင့် ပုလဲတန်ဆာများကို ဆင်မြန်းထား” သူအဖြစ် ကျမ်းစာမှာ တင်စားဖော်ပြထားတဲ့ မဟာဗာဗုလုန်နဲ့ သိပ်လိုက်ဖက်တယ်။ (ဗျာဒိတ် ၁၇:၄) မဟာဗာဗုလုန်ဟာ “မြေကြီးပေါ်ရှိ ရွံရှာဖွယ်ရာများ” ရဲ့ ဇာစ်မြစ်၊ တစ်နည်းအားဖြင့် ဘုရားသခင်ကို ရှုတ်ချဂုဏ်ဖျက်နေတဲ့ သွန်သင်ချက်တွေ၊ လုပ်ရပ်တွေရဲ့ အဓိကတရားခံပဲ။ (ဗျာဒိတ် ၁၇:၅) မှားယွင်းတဲ့ဘာသာတရားမှာရှိသူတွေဟာ မဟာဗာဗုလုန်ကို ထောက်ခံအားပေးနေတဲ့ “လူစုများ၊ လူအုပ်များ၊ လူမျိုးများနှင့် ဘာသာစကားများ” ဖြစ်တယ်။​—ဗျာဒိတ် ၁၇:၁၅

 “မြေကြီးပေါ်မှာ အသတ်ခံရသောသူ” အားလုံးအတွက် မဟာဗာဗုလုန်မှာ တာဝန်ရှိတယ်။ (ဗျာဒိတ် ၁၈:၂၄) သမိုင်းကိုပြန်ကြည့်ရင် မှားယွင်းတဲ့ဘာသာတရားက စစ်ပွဲတွေဖြစ်လာအောင် သွေးထိုးပေးရုံမက အကြမ်းဖက်လုပ်ရပ်တွေကို မီးထိုးယပ်ခတ်ပေးတဲ့အပြင် မေတ္တာရှင်ဘုရားသခင် ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားကိုလည်း မသွန်သင်ပေးဘူး။ (၁ ယောဟန် ၄:၈) အဲဒီလိုမသွန်သင်ပေးတဲ့အတွက် လူ့သမိုင်းမှာ သွေးစွန်းမှုအများကြီး ဖြစ်ခဲ့ရတယ်။ အဲဒီအချက်တွေကြောင့် ဘုရားသခင် နှစ်သက်လက်ခံမှုကို လိုချင်သူတွေဟာ “သူ၏အထဲမှထွက်” ရမယ်၊ တစ်နည်းအားဖြင့် မှားယွင်းတဲ့ဘာသာကနေ ထွက်လာရမှာဖြစ်တယ်။​—ဗျာဒိတ် ၁၈:၄; ၂ ကောရိန္သု ၆:၁၄–၁၇

aစစ်မှန်တဲ့ဘာသာကို ဘယ်လိုရှာတွေ့နိုင်မလဲ” ဆိုတဲ့ ဆောင်းပါးကို ကြည့်ပါ။