မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမျိုးသမီးတွေကို ဂုဏ်တင်ထိုက်တယ်လို့ ဘုရားသခင်ရှုမြင်

အမျိုးသမီးတွေကို ဂုဏ်တင်ထိုက်တယ်လို့ ဘုရားသခင်ရှုမြင်

ယေရှု ကမ္ဘာပေါ်ရှိတုန်းက မိမိရဲ့ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်ရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်ပုံတွေကို အပြည့်အဝ ရောင်ပြန်ဟပ်ခဲ့ပါတယ်။ ယေရှု ဒီလိုမိန့်ဆိုခဲ့တယ်– “ငါသည် ကိုယ့်သဘောအတိုင်း အဘယ်အမှုကိုမျှမပြုဘဲ ငါ့ခမည်းတော်သည် ငါ့အား သွန်သင်တော်မူသည့်အတိုင်း ဟောပြော [၏။] . . . ထိုအရှင် နှစ်သက်တော်မူရာများကို အစဉ်မပြတ် ငါပြု၏။” (ယောဟန် ၈:၂၈၊ ၂၉; ကောလောသဲ ၁:၁၅) ဒါကြောင့် အမျိုးသမီးတွေကို ယေရှုပြုမူပုံနဲ့ သဘောထားတွေကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် အမျိုးသမီးတွေအပေါ် ဘုရားသခင် ဘယ်လိုရှုမြင်တယ်၊ သူတို့ကို ဘယ်လိုပြုမူစေချင်တယ် ဆိုတာတွေကို သိရှိလာနိုင်ပါတယ်။

ခရစ်ဝင်ကျမ်းကို ရေးသားချိန်တုန်းက အမျိုးသမီးတွေအပေါ် လူတွေရဲ့ ရှုမြင်ပုံနဲ့ ယေရှုရဲ့ ရှုမြင်ပုံက အတော်လေးကို ဆန့်ကျင် ကွဲလွဲနေတယ်ဆိုတာ ကျမ်းပညာရှင် အတော်များများ အသိအမှတ်ပြုခဲ့ကြတယ်။ ဘယ်လိုနည်းနဲ့ ဆန့်ကျင်ကွဲလွဲနေတာလဲ။ ယေရှုရဲ့ သွန်သင်ချက်တွေက ကနေ့ခေတ် အမျိုးသမီးတွေအတွက် အကျိုးရှိနေတုန်းပဲလား။

အမျိုးသမီးတွေကို ယေရှု ပြောဆိုပြုမူပုံ

အမျိုးသမီးတွေကို ကိုယ်ကျင့်တရား ယိုယွင်းစေတဲ့သူတွေလို့ ယေရှု မယူမှတ်ခဲ့။ ဆန့်ကျင်ဘက်လိင်ရှင်နဲ့ ပြောဆိုဆက်ဆံတာက ရာဂမီးကိုပဲ တောက်လောင်စေတယ်လို့ ဂျူးဘာသာရေးခေါင်းဆောင်တချို့က ရှုမြင်တယ်။ အမျိုးသမီးတွေ ဖြားယောင်းသွေးဆောင်မှာကို စိုးရိမ်တဲ့အတွက် သူတို့ကို လူသူရှေ့မှာ အမျိုးသားတွေနဲ့ စကားပြောခွင့် မပေးခဲ့ဘူး ဒါမှမဟုတ် မျက်နှာဖုံး မအုပ်ဘဲ အပြင်ထွက်ခွင့် မပေးခဲ့ဘူး။ ဒါပေမဲ့ ယေရှုကတော့ အမျိုးသားတွေကို သူတို့ရဲ့ သွေးသားဆန္ဒတွေကို ထိန်းချုပ်ဖို့၊ အမျိုးသမီးတွေကို ပထုတ်မထားဘဲ သူတို့ကို သိက္ခာရှိရှိ ပြောဆိုဆက်ဆံဖို့ အကြံပေးခဲ့တယ်။—မဿဲ ၅:၂၈

ယေရှု ဒီလိုလည်း ပြောခဲ့တယ်– “မိမိမယားကို ကွာရှင်း၍ အခြားသူတစ်ဦးကို ထိမ်းမြားသူ မည်သူမဆိုသည် အိမ်ထောင်ရေးဖောက်ပြန်သူ၊ မိမိမယားကို ပြစ်မှားသူဖြစ်၏။” (မာကု ၁၀:၁၁၊ ၁၂) ဒီလိုနဲ့ “မည်သည့်အကြောင်းဖြင့်မဆို” ကိုယ့်ဇနီးကို ကွာရှင်းခွင့်ပြုတဲ့ ဂျူးဘာသာရေးဆရာတွေရဲ့ သွန်သင်ချက်ကို ယေရှုပယ်ချခဲ့တယ်။ (မဿဲ ၁၉:၃၊) မိမိမယားကို ပြစ်မှားတာဟာ အိမ်ထောင်ရေးဖောက်ပြန်တာပဲဆိုတဲ့ ယူဆချက်က ဂျူးအများစုအတွက် စိမ်းနေခဲ့တယ်။ ခင်ပွန်းတစ်ဦးဟာ ကိုယ့်ဇနီးကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး၊ ဇနီးသည်ကပဲ သစ္စာမဲ့မှာဖြစ်တယ်လို့ ဂျူးဘာသာရေးဆရာတွေက ပြောခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး အနက်ဖွင့်ကျမ်း တစ်ကျမ်းမှာ ဒီလို ဖော်ပြထားတယ်– “ခင်ပွန်းသည်တွေကို ဇနီးသည်တွေနဲ့တန်းတူ ကျင့်ဝတ်စံနှုန်းတွေ လိုက်နာစေခြင်းအားဖြင့် ယေရှုဟာ အမျိုးသမီးတွေရဲ့ အနေအထားနဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့တယ်။”

ယေရှုရဲ့သွန်သင်ချက်က ကနေ့အချိန်ထိ အကျိုးသက်ရောက်– ယေဟောဝါသက်သေခရစ်ယာန်တွေရဲ့ အစည်းအဝေးတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောဆိုကြပါတယ်။ ဒါပေမဲ့ ခရစ်ယာန်အမျိုးသားတွေဟာ “အသက်အရွယ်ကြီးသော အမျိုးသမီးတို့ကို မိခင်များကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောအမျိုးသမီးတို့ကို နှမများကဲ့သို့လည်းကောင်း ရိုးသားဖြူစင်စွာ ဆက်ဆံ” ဖို့ ဂရုစိုက်ကြတဲ့အတွက် အမျိုးသမီးတွေအနေနဲ့ မတော်တရော် အကြည့်ခံရမှာ ဒါမှမဟုတ် လွန်လွန်ကဲကဲ အရောဝင်ခံရမှာကို စိုးရိမ်ဖို့ မလိုပါဘူး။—၁ တိမောသေ ၅:၂

အမျိုးသမီးတွေကို သွန်သင်ဖို့ ယေရှု အချိန်ယူခဲ့။ အမျိုးသမီးတွေကို လျစ်လျူရှုထားရမယ်ဆိုတဲ့ ဂျူးဘာသာရေးဆရာတွေရဲ့ သွန်သင်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ယေရှုဟာ အမျိုးသမီးတွေကို သွန်သင်ပေးခဲ့တဲ့အပြင် သူတို့အကြောင်း သူတို့ကိုယ်တိုင် ထုတ်ဖော်ပြောဆိုလာအောင် အားပေးခဲ့တယ်။ ယေရှုဟာ မိမိရဲ့သွန်သင်ချက်ကို ဝမ်းသာအားရ နားထောင်နေတဲ့ မာရိကို မောင်းမထုတ်ခြင်းအားဖြင့် အမျိုးသမီးတွေဟာ အိမ်မှုကိစ္စတွေနဲ့ပဲ ဗျာများနေရမှာမဟုတ်ဘူးဆိုတာ ဖော်ပြခဲ့တယ်။ (လုကာ ၁၀:၃၈-၄၂) လာဇရု သေဆုံးပြီးတဲ့နောက် မာရိရဲ့အစ်မ မာသဟာ ယေရှုမေးတာကို အသိဉာဏ်ရှိရှိ ဖြေဆိုသွားတာကို ကြည့်ခြင်းအားဖြင့် သူလည်းပဲ ယေရှုရဲ့သွန်သင်ချက်တွေကနေ အကျိုးရရှိခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။—ယောဟန် ၁၁:၂၁-၂၇

အမျိုးသမီးတွေရဲ့ ထင်မြင်ချက်တွေကို ယေရှု စိတ်ဝင်စားမှု ပြခဲ့ပါတယ်။ ပျော်ရွှင်မှုရဲ့ သော့ချက်က သားကောင်းရတနာ ပိုင်ဆိုင်ခြင်း၊ ဖြစ်နိုင်မယ်ဆိုရင် ပရောဖက်လို သားမျိုးကို ပိုင်ဆိုင်ထားခြင်းဖြစ်တယ်ဆိုပြီး ယေရှုခေတ်က ဂျူးအမျိုးသမီးအများစု ယူဆထားကြတယ်။ တစ်ခါက ယေရှုကို အမျိုးသမီးတစ်ဦးက “ကိုယ်တော်ကို ဝမ်းနှင့်လွယ်၍ နို့တိုက်ခဲ့သောသူသည် ပျော်ရွှင်၏” ဆိုပြီး ပြောခဲ့တယ်။ အဲဒီအမျိုးသမီးကို အဲဒါထက် ပိုကောင်းတဲ့အရာ ရှိတယ်ဆိုတာ ပြောပြဖို့ ယေရှု အခွင့်အရေးယူခဲ့တယ်။ (လုကာ ၁၁:၂၇၊ ၂၈) ဘုရားသခင့်စကားကို နားထောင်ဖို့ ပိုအရေးကြီးတယ်လို့ ဖော်ပြပေးခြင်းအားဖြင့် အမျိုးသမီးတွေ လိုက်နာနေရတဲ့ ဓလေ့ထုံးစံထက် ပိုပြီး အရေးကြီးတဲ့အရာကို ယေရှု ထောက်ပြပေးခဲ့တယ်။—ယောဟန် ၈:၃၂

ယေရှုရဲ့သွန်သင်ချက်က ကနေ့အချိန်ထိ အကျိုးသက်ရောက်– ယေဟောဝါသက်သေ အသင်းတော်က သွန်သင်ပေးသူတွေဟာ အစည်းအဝေးတွေမှာ အမျိုးသမီးတွေ မှတ်ချက်ပေးတာကို ဝမ်းပန်းတသာ လက်ခံကြပါတယ်။ ရင့်ကျက်တဲ့ အမျိုးသမီးတွေဟာ လူရှေ့မှာရော၊ လူကွယ်ရာမှာပါ အမူအကျင့်ကောင်း တင်ပြခြင်းအားဖြင့် “ကောင်းမြတ်သောအရာကို သွန်သင်ပေး” နေကြတယ်။ ဒီအတွက် ခရစ်ယာန်အမျိုးသားတွေရဲ့ လေးစားမှုကို သူတို့ရရှိကြတယ်။ (တိတု ၂:၃) ဒါ့အပြင် ဘုရားသခင့်နိုင်ငံတော်သတင်းကို လူသိရှင်ကြား ပြောပြတဲ့နေရာမှာလည်း အမျိုးသမီးတွေက အားကိုးရပါတယ်။—ဆာလံ ၆၈:၁၁; စာမျက်နှာ ၉ မှာပါတဲ့  “စကားမပြောဖို့ အမျိုးသမီးတွေကို တမန်တော်ပေါလု တားမြစ်ခဲ့သလား” လေးထောင့်ကွက်ကို ကြည့်ပါ။

အမျိုးသမီးတွေကို ယေရှု ဂရုစိုက်ခဲ့။ ကျမ်းစာခေတ်က သမီးမိန်းကလေးတွေဟာ သားယောက်ျားတွေလောက် တန်ဖိုးထားမခံရပါဘူး။ ဒီအမြင်မျိုးကို တာလ်မွဒ်ကျမ်းမှာ ဒီလို ဖော်ပြထားပါတယ်– “သားယောက်ျားလေးတွေကို ပိုင်ဆိုင်ထားတဲ့သူဟာ ပျော်ရွှင်တဲ့သူဖြစ်ပြီး သမီးမိန်းကလေးတွေကို ပိုင်ဆိုင်ထားတဲ့သူကတော့ ဝမ်းနည်းရတဲ့သူ ဖြစ်တယ်။” သမီးအတွက် အိမ်ထောင်ဖက် ရှာပေးရတာ၊ သမီးရှင်ဘက်ကနေ ကွမ်းဖိုးပေးရတာ၊ အသက်ကြီးလာတဲ့အခါ သမီးကို အားကိုးလို့ မရတာတွေကြောင့် မိဘတချို့ဆိုရင် သမီးမိန်းကလေးတွေကို ဝန်ထုပ်လို ရှုမြင်ခဲ့ကြတယ်။

နာဣနမြို့သူ မုဆိုးမရဲ့သားကို အသက်ပြန်ရှင်စေခဲ့သလို ယာဣရုရဲ့သမီးကိုလည်း အသက်ပြန်ရှင်စေခဲ့တာကို ကြည့်ခြင်းအားဖြင့် မိန်းကလေးရဲ့အသက်ဟာ ယောက်ျားလေးရဲ့အသက်လိုပဲ တန်ဖိုးရှိတယ်ဆိုတာကို ယေရှု ပြသခဲ့တယ်။ (မာကု ၅:၃၅၊ ၄၁၊ ၄၂; လုကာ ၇:၁၁-၁၅) “တစ်ဆယ့်ရှစ်နှစ်ပတ်လုံး အားလျော့စေသောနတ် အပူးခံရ” တဲ့ အမျိုးသမီးတစ်ဦးကို ယေရှု ကုသပေးပြီးတဲ့နောက် သူ့ကို “အာဗြဟံ၏သမီး” လို့ခေါ်ခဲ့တယ်။ အဲဒီအသုံးအနှုန်းကို ဂျူးစာပေတွေမှာ မတွေ့ရသလောက်ပါပဲ။ (လုကာ ၁၃:၁၀-၁၆) အဲဒီလို ကြင်ကြင်နာနာနဲ့ တလေးတစား ခေါ်ဆိုခြင်းအားဖြင့် အဲဒီအမျိုးသမီးဟာ တခြားသူတွေလိုပဲ အရေးပါတဲ့သူဖြစ်တယ်ဆိုပြီး ယေရှု ယူမှတ်ခဲ့တဲ့အပြင် သူ့ရဲ့ ယုံကြည်ခြင်းကိုလည်း အသိအမှတ်ပြုခဲ့တယ်။—လုကာ ၁၉:၉; ဂလာတိ ၃:၇

ယေရှုရဲ့သွန်သင်ချက်က ကနေ့အချိန်ထိ အကျိုးသက်ရောက်– “သမီးတစ်ယောက်ကို ပြုစုရတာက အိမ်နီးချင်းရဲ့ ဥယျာဉ်ကို ရေလောင်းပေးတာနဲ့ တူတယ်” ဆိုတဲ့ အာရှ ဆိုရိုးစကားတစ်ခွန်း ရှိပါတယ်။ ခရစ်ယာန်ဖခင်တွေဟာ အဲဒီလိုယူဆချက်မျိုးရဲ့ အလွှမ်းမိုးမခံဘဲ ကိုယ့်ရဲ့ သားသမီးအားလုံးကို တန်းတူ ဂရုစိုက်သင့်ပါတယ်။ ခရစ်ယာန်မိဘတွေဟာ သားသမီးတွေကို ပညာသင်ကြားပေးပြီး သူတို့ရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးရပါမယ်။

ယေရှုဟာ မာဂဒလမာရိကို မိမိရှင်ပြန်ထမြောက်တဲ့အကြောင်း တမန်တော်တွေကို သွားပြောစေခြင်းအားဖြင့် ဂုဏ်တင်ခဲ့

အမျိုးသမီးတွေကို ယေရှု ယုံကြည်စိတ်ချခဲ့။ ဂျူးတရားရုံးတွေမှာ အမျိုးသမီးတစ်ဦးရဲ့ သက်သေထွက်ဆိုချက်ကို ကျွန်တစ်ဦးရဲ့ ထွက်ဆိုချက်အလား ယူမှတ်ကြတယ်။ ပထမရာစုက သမိုင်းပညာရှင် ဂျိုစီဖတ်စ် ဒီလိုပြောခဲ့တယ်– “အမျိုးသမီးတွေရဲ့ သဘောသဘာဝကြောင့် သူတို့ကို ယုံကြည်စိတ်ချလို့မရဘူး။”

ယေရှုကျတော့ မိမိရှင်ပြန်ထမြောက်လာတာကို သက်သေခံဖို့ အမျိုးသမီးတွေကို ရွေးချယ်ခဲ့တယ်။ (မဿဲ ၂၈:၁၊ ၈-၁၀) အဲဒီသစ္စာတည်ကြည်တဲ့ အမျိုးသမီးတွေဟာ ယေရှု အသတ်ခံရတာ၊ သင်္ချိုင်းမှာ မြှုပ်နှံခံရတာတွေကို မျက်မြင်သက်သေဖြစ်ခဲ့ပေမဲ့ သူတို့ရဲ့စကားတွေကို အမျိုးသားတွေ မယုံခဲ့ကြပါဘူး။ (မဿဲ ၂၇:၅၅၊ ၅၆၊ ၆၁; လုကာ ၂၄:၁၀၊ ၁၁) ဒါပေမဲ့ ရှင်ပြန်ထမြောက်လာတဲ့ ယေရှုဟာ အမျိုးသမီးတွေရှေ့မှာ အရင်ဆုံး ကိုယ်ယောင်ပြပေးခြင်းအားဖြင့် သူတို့ကို တခြားတပည့်တွေလိုပဲ သက်သေခံထိုက်တဲ့သူတွေလို့ ယူမှတ်ခဲ့တယ်။—တမန်တော် ၁:၈၊ ၁၄

ယေရှုရဲ့သွန်သင်ချက်က ကနေ့အချိန်ထိ အကျိုးသက်ရောက်– ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တွေမှာ တာဝန်ရှိတဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ ထင်မြင်ချက်တွေကို ထည့်တွက် စဉ်းစားပေးခြင်းအားဖြင့် သူတို့ကို ထောက်ထားကြောင်း ပြသကြတယ်။ ခင်ပွန်းသည်တွေကလည်း ကိုယ့်ဇနီးရဲ့စကားကို ဂရုတစိုက် နားထောင်ပေးခြင်းအားဖြင့် သူတို့ကို “ဂုဏ်တင်” ကြတယ်။—၁ ပေတရု ၃:၇; ကမ္ဘာဦး ၂၁:၁၂

ကျမ်းစာမူတွေက အမျိုးသမီးတွေကို ပျော်ရွှင်စေ

ကျမ်းစာမူတွေကို လိုက်နာတဲ့သူတွေဟာ အမျိုးသမီးတွေကို လေးစားပြီး ဂုဏ်တင်ကြ

ခရစ်တော်ကို အမျိုးသားတွေ တုပတဲ့အခါ အမျိုးသမီးတွေက ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်အတိုင်း လေးစားမှုနဲ့ လွတ်လပ်မှုကို ခံစားရရှိပါတယ်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုမြတ်တယ်ဆိုတဲ့ အမျိုးသား ဂုဏ်မောက်မှုကို ခရစ်ယာန် လင်ယောက်ျားတွေ မထောက်ခံဘဲ ကျမ်းစာမူတွေရဲ့ လမ်းညွှန်မှုကို ခံယူခြင်းအားဖြင့် ကိုယ့်ရဲ့ဇနီးသည်ကို ပျော်ရွှင်စေပါတယ်။—ဧဖက် ၅:၂၈၊ ၂၉

ရယ်လီနာဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ကျမ်းစာ စလေ့လာတဲ့အချိန်မှာ ခင်ပွန်းသည်ရဲ့ အနိုင်ကျင့်မှုကို ကြိတ်မှိတ်ခံစားနေရပါတယ်။ သူ့ခင်ပွန်းက ကိုယ်နှစ်သက်တဲ့ အမျိုးသမီးကို အလိုမတူဘဲ အတင်းအကျပ် အိမ်ထောင်ပြုပြီး မတော်မတရားပြုလေ့ရှိတဲ့ ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တဲ့သူပါ။ “ကျမ်းစာကနေ သိရှိလာရာတွေကြောင့် ကျွန်မ အားရှိသွားတယ်။ ကျွန်မကို ချစ်မြတ်နိုးတဲ့သူ၊ တန်ဖိုးထားတဲ့သူ၊ ဂရုစိုက်တဲ့သူတစ်ဦး ရှိနေပါလားဆိုတာ သိလိုက်ရတယ်။ ကျွန်မရဲ့ခင်ပွန်းသာ ကျမ်းစာလေ့လာမယ်ဆိုရင် ကျွန်မအပေါ် သဘောထားပြောင်းသွားမှာပဲ ဆိုပြီးတော့လည်း နားလည်လိုက်ရတယ်” လို့ ရယ်လီနာက ပြောပြတယ်။ နောက်ဆုံးမှာ သူ့ခင်ပွန်းလည်း ကျမ်းစာသင်ဖို့ သဘောတူလိုက်တယ်။ အဲဒီနောက် ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံလိုက်ချိန်မှာတော့ ရယ်လီနာရဲ့ဆန္ဒ ပြည့်ဝသွားခဲ့ပါပြီ။ “ကျွန်မရဲ့ခင်ပွန်းဟာ စိတ်ထိန်းတတ်လာတယ်။ တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်တတ်ဖို့လည်း သင်ယူခဲ့ကြတယ်” လို့ ရယ်လီနာက ပြောပြတယ်။ သူ့ရဲ့နောက်ဆုံးကောက်ချက်က ဘာလဲ။ “ကျွန်မရဲ့အိမ်ထောင်မှာ ကျွန်မဟာ အရေးပါသူ၊ ကာကွယ်ခံရတဲ့သူဆိုပြီး ခံစားလာအောင် ကျမ်းစာမူတွေက ကျွန်မကို ကူညီပေးခဲ့ပါတယ်။”—ကောလောသဲ ၃:၁၃၊ ၁၈၊ ၁၉

ရယ်လီနာရဲ့ တွေ့ကြုံမှုက အဆန်းတော့ မဟုတ်ပါဘူး။ သန်းနဲ့ချီတဲ့ ယေဟောဝါသက်သေ အမျိုးသမီးတွေဟာ ပျော်ရွှင်နေကြပါတယ်။ အကြောင်းရင်းကတော့ သူတို့နဲ့အတူ သူတို့ရဲ့ ခင်ပွန်းသည်တွေကလည်း ကျမ်းစာမူတွေကို ကြိုးစားလိုက်နာနေကြလို့ပါ။ ယုံကြည်ခြင်းတူတဲ့သူတွေ အလယ်မှာလည်း လေးစားမှု၊ နှစ်သိမ့်မှုနဲ့ လွတ်လပ်မှုတွေကို သူတို့ ခံစားနေရပါတယ်။—ယောဟန် ၁၃:၃၄၊ ၃၅

လူသားတွေဟာ အပြစ်တရားကို အမွေခံထားရတဲ့အတွက် အပြစ်ပြုတတ်တယ်ဆိုတာကို ခရစ်ယာန်အမျိုးသားတွေရော အမျိုးသမီးတွေပါ အသိအမှတ်ပြုထားကြတယ်။ ဒါပေမဲ့ မေတ္တာပြည့်ဝတဲ့ ယေဟောဝါဘုရားသခင်နဲ့ ရင်းနှီးမှုကို ပြုစုပျိုးထောင်မယ်ဆိုရင် အပြစ်ရှိတဲ့အခြေအနေကနေ “လွတ်မြောက်” ပြီး စုံလင်ပြည့်ဝတဲ့ အသက်တာကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ သူတို့ ယုံကြည်တယ်။ အဲဒါက ဘုရားသခင့် စောင့်ရှောက်မှုအောက်မှာ အမျိုးသားတွေရော အမျိုးသမီးတွေပါ ရရှိမယ့် ထူးမြတ်တဲ့ အလားအလာပဲ ဖြစ်ပါတော့တယ်။—ရောမ ၈:၂၀၊ ၂၁