မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ကျမ်းစာရေးသားတဲ့ခေတ်က စာတွေကို ဘယ်လိုနည်းနဲ့ ပေးပို့ကြသလဲ။

ပါးရှန်းစာပို့လုလင်တစ်ဦး

ပါးရှန်းခေတ်က အစိုးရရုံးစာတွေကို အစိုးရစာတိုက်ကြီးကနေတစ်ဆင့် ပေးပို့ကြတယ်။ ပါးရှန်းအစိုးရအတွင်း စာတွေပေးပို့ပုံကို ဧသတာကျမ်းစောင်က ဒီလိုဖော်ပြတယ်– “မော်ဒကဲသည် ထိုစာတို့ကို ဇေရဇ်မင်း [ရှင်ဘုရင်အာရွှေရု] ၏အမည်ဖြင့် ရေးလျက် ဘုရင့်လက်စွပ်တော် တံဆိပ်ခတ်နှိပ်ပြီးလျှင် စာပို့လုလင်တို့အား ဘုရင့်မြင်းဇောင်းမှ လျင်မြန်သည့် မြင်းများဖြင့် သွားရောက်ပေးပို့စေ၏။” (ဧသတာ ၈:၁၀ခမ) အုပ်ချုပ်ရေး၊ စစ်ရေးနဲ့ဆိုင်တဲ့ အမြန်ချောပို့စာတွေကို ရောမခေတ်မှာလည်း အဲဒီနည်းအတိုင်း ပေးပို့ကြတယ်။

တမန်တော်ပေါလုနဲ့ တခြားသူတွေ ရေးတဲ့စာလို ကိုယ်ရေးကိုယ်တာ စာတွေကိုတော့ အထက်ပါနည်းတွေနဲ့ ပေးပို့လို့ မရပါဘူး။ ချမ်းသာသူဖြစ်မယ်ဆိုရင် သူ့ကျွန်တစ်ဦးကို စာပို့ခိုင်းနိုင်တယ်။ ဒါပေမဲ့ အများစုကတော့ အသိမိတ်ဆွေတွေ၊ လမ်းကြုံတဲ့သူစိမ်းတွေနဲ့တောင် စာပို့ကြတယ်။ မိသားစုဝင်၊ မိတ်ဆွေ၊ စစ်သားနဲ့ ကုန်သည်တွေကနေတစ်ဆင့်လည်း စာပို့နိုင်ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးကတော့ စာယူသွားပေးတဲ့သူက ဘယ်လောက်အထိ ယုံကြည်စိတ်ချရသလဲ၊ စာတွေကို ဂရုတစိုက်နဲ့ မပျက်မစီးအောင် ယူသွားပေးနိုင်မနိုင် ဆိုတဲ့အချက်ပါပဲ။ ပေါလုက သူ့ရဲ့စာတချို့ကို ခရစ်ယာန်ညီအစ်ကိုတွေနဲ့ ပေးပို့တယ်ဆိုပြီး ကျမ်းစာက ဖော်ပြတယ်။—ဧဖက် ၆:၂၁၊ ၂၂; ကောလောသဲ ၄:၇

ရှေးခေတ်အစ္စရေးအချိန်တုန်းက ဘယ်လိုနည်းနဲ့ ရောင်းဝယ်ဖောက်ကားကြသလဲ။

သစ်သီးတန်း ရုပ်ကြွပုံ

အစ္စရေးနိုင်ငံရဲ့ စီးပွားရေးက လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ပစ္စည်းချင်းလဲလှယ်တာတွေအပေါ် အဓိက အခြေခံတယ်။ မြို့ရဲ့ဂိတ်တံခါးတွေက စျေးတွေကို ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ ဥပမာ၊ “သိုးတံခါး၊” “ငါးတံခါး” နဲ့ “အိုးခြမ်းတံခါး” တို့ဖြစ်တယ်။ (နေဟမိ ၃:၁၊ ၃; ယေရမိ ၁၉:၂သမ္မာ) အဲဒီနာမည်တွေက ကုန်ပစ္စည်းရောင်းဝယ်တဲ့ နေရာတွေကို ရည်ညွှန်းပုံရတယ်။ ကုန်ပစ္စည်းအတော်များများအပြင် ဂျေရုဆလင်မြို့ရဲ့ “မုန့်သည်တန်း” ကိုလည်း ကျမ်းစာထဲမှာ ဖော်ပြထားတယ်။—ယေရမိ ၃၇:၂၁

စျေးနှုန်းနဲ့ပတ်သက်ပြီးတော့ကော။ အနက်ဖွင့်ကျမ်းတစ်ကျမ်းက ဒီလိုပြောတယ်– “စျေးနှုန်းတွေက ရာစုနှစ်တစ်လျှောက် အတက်အကျရှိတယ်။ ကာလ၊ ဒေသပေါ်မူတည်ပြီး ကုန်ပစ္စည်းတစ်ခုရဲ့ စျေးနှုန်းကို အတိအကျဖော်ပြဖို့ ခက်တယ်။” ကျမ်းစာအပါအဝင် ရှေးခေတ်စာပေတွေမှာ ဖော်ပြထားရာတွေအရ ရှေးအချိန်မှာတောင် ငွေကြေးဖောင်းပွမှု ရှိနေပြီဆိုတာပဲ။ ဥပမာ၊ ရှေးအချိန်မှာ ကျွန်တွေကို အရောင်းအဝယ်လုပ်လေ့ရှိတယ်။ ယောသပ်လို့ခေါ်တဲ့ အမျိုးသားကို ငွေဒင်္ဂါး ၂၀ နဲ့ရောင်းစားလိုက်ကြတယ်၊ အဲဒီငွေဒင်္ဂါးတွေက ရှယ်ကယ်လ် ငွေစင်ဒင်္ဂါးပြားတွေ ဖြစ်နိုင်တယ်၊ ခရစ်နှစ်မတိုင်ခင် ၁၈ ရာစုက ကျွန်တစ်ယောက်ရဲ့ ပျမ်းမျှတန်ဖိုးလည်း ဖြစ်နိုင်တယ်။ (ကမ္ဘာဦး ၃၇:၂၈) အနှစ်သုံးရာ ကြာပြီးနောက် ကျွန်တစ်ဦးရဲ့တန်ဖိုးက ရှယ်ကယ်လ် ၃၀ ဖြစ်သွားတယ်။ (ထွက်မြောက်ရာ ၂၁:၃၂) ခရစ်နှစ်မတိုင်ခင် ရှစ်ရာစုရောက်တော့ ရှယ်ကယ်လ် ၅၀ ဖြစ်သွားတယ်။ (၄ ဓမ္မရာဇဝင် ၁၅:၂၀) အနှစ်နှစ်ရာ ကြာပြီးနောက် ပါးရှန်းခေတ်မှာ ရှယ်ကယ်လ် ၉၀ ဒါမှမဟုတ် အဲဒီထက်မက တန်ဖိုးတက်သွားတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွမှုဟာ ရှေးအချိန်ကတည်းက ရှိနေပြီဆိုတာ ထင်ရှားတယ်။