မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငွေကြေးနဲ့ပတ်သက်ပြီး ဘာသာရေးအဖွဲ့အစည်းကို ယုံကြည်စိတ်ချနိုင်ပါသလား

ငွေကြေးနဲ့ပတ်သက်ပြီး ဘာသာရေးအဖွဲ့အစည်းကို ယုံကြည်စိတ်ချနိုင်ပါသလား

အက်စတဲလ် *ဟာ သားသမီးတွေနဲ့အတူ ဘုရားကျောင်း မှန်မှန်တက်တဲ့သူဖြစ်တယ်။ သူဒီလိုပြောပြတယ်– “ကျွန်မကို ကျမ်းစာသင်ပေးပါလို့ ခရစ်ယာန်ဘုန်းတော်ကြီးကို တောင်းဆိုခဲ့တယ်။” ဒါပေမဲ့ အဲဒီဘုန်းတော်ကြီးဟာ တစ်ခါမှ ကျမ်းစာ မသင်ပေးခဲ့ပါဘူး။ နောက်ဆုံးတော့ အက်စတဲလ်လည်း ဘုရားကျောင်း မတက်တော့ဘူး။ သူ ဒီလိုဆက်ပြောပြတယ်– “ခင်ဗျားမလာနိုင်ရင်လည်း မလာနဲ့။ ပိုက်ဆံတော့ ပို့ပေးလိုက်ပါဆိုတဲ့ စာတစ်စောင် ဘုရားကျောင်းကနေ ရောက်လာတယ်။ ‘ဘုရားကျောင်းကို ငါ တက်တက်၊ မတက်တက် သူတို့ဂရုမစိုက်ဘူး။ သူတို့လိုချင်တာက ငါ့ရဲ့ပိုက်ဆံတွေပဲ’ လို့ကျွန်မ စဉ်းစားမိတယ်။”

ဘာသာတရားကိုင်းရှိုင်းတဲ့ အင်ဂျလီနာက ဒီလိုပြောပြတယ်– “ကျွန်မရဲ့ ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းပွဲလုပ်တိုင်း အလှူငွေအိတ် သုံးခါ လက်ဆင့်ကမ်းပေးတယ်။ လက်ဆင့်ကမ်းပေးတိုင်း ကျွန်မတို့ ပိုက်ဆံထည့်ရတော့တယ်။ ကျွန်မတို့ဆီကနေ တစ်ချိန်လုံး ပိုက်ဆံတောင်းနေတာပဲ။ ‘သူတို့နဲ့အတူ ဘုရားသခင်မရှိဘူး’ လို့ ကျွန်မ စဉ်းစားမိတယ်။”

သင့်ဒေသမှာရှိတဲ့ ဘာသာရေးအဖွဲ့အစည်းတွေဟာ နည်းအမျိုးမျိုးသုံးပြီး ငွေကြေးကောက်ခံနေသလား။ အဲဒီလိုလုပ်တာက သမ္မာကျမ်းစာနဲ့ ကိုက်ညီမှုရှိသလား။

ကျမ်းစာသွန်သင်ရာ

ခရစ်ယာန်ဘာသာကို စတည်ထောင်ခဲ့တဲ့ ယေရှု ဒီလိုပြောခဲ့တယ်– “သင်တို့သည် အခမဲ့ရကြသည်ဖြစ်၍ အခမဲ့ပေးကမ်းကြလော့။” (မဿဲ ၁၀:၈) ကျမ်းစာအမှန်တရားကို ငွေနဲ့ ဝယ်ယူလို့မရနိုင်ပါဘူး။ သိချင်တဲ့သူအားလုံးကို အခမဲ့ ပြောပြသင့်ပါတယ်။

ပထမရာစုက ခရစ်ယာန်တွေဟာ အသင်းတော်အတွက် ကုန်ကျစရိတ်တွေကို ဘယ်လိုရရှိခဲ့သလဲ။

“လူတိုင်း မိမိနှလုံး၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူပါစေ။ နှမြောတွန့်တိုစိတ်နှင့်လည်းကောင်း၊ မလှူမနေရဟူသော သဘောနှင့်လည်းကောင်း မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်တော်မူ၏။” (၂ ကောရိန္သု ၉:၇) တမန်တော်ပေါလုလည်း ဒီလိုပြောပြတယ်– “မည်သူ့ကိုမျှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ငါတို့သည် နေ့ညမပြတ် အလုပ်လုပ်လျက် ဘုရားသခင်၏သတင်းကောင်းကို သင်တို့အား ဟောပြောကြ၏။” (၁ သက်သာလောနိတ် ၂:၉) ပေါလုဟာ ဝမ်းစာအတွက် တဲရှင်ချုပ်တဲ့အလုပ်ကို လုပ်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခဲ့တယ်။—တမန်တော် ၁၈:၂၊ ၃

ယေဟောဝါသက်သေတွေ လုပ်ဆောင်ရာ

ယေဟောဝါသက်သေတွေဟာ ဝတ်ပြုရာခန်းမလို့ခေါ်တဲ့ သာမန်အဆောက်အအုံတွေမှာ ဝတ်ပြုစည်းဝေးတွေ ကျင်းပကြပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်တွေကို ဘယ်လိုရရှိသလဲ။ သူတို့ဟာ အလှူခံအိတ်တွေ လက်ဆင့်မကမ်းပါဘူး။ အလှူငွေတွေထည့်ဖို့ စာအိတ်တွေလည်း မပို့ပေးပါဘူး။ ဝတ်ပြုရေးအစီအစဉ်ကို လေးမြတ်တဲ့သူတွေက ဝတ်ပြုရာခန်းမမှာရှိတဲ့ အလှူငွေပုံးတွေထဲမှာ မိမိတို့ဆန္ဒအလျောက် အလှူငွေတွေ ထည့်ဝင်နိုင်ကြတယ်။

ဘာသာရေးအဖွဲ့အစည်းအတွက် ဘယ်လိုနည်းနဲ့ ငွေကြေးထောက်ပံ့သင့်ပါသလဲ

ဒီမဂ္ဂဇင်းကို ပုံနှိပ်ပြီး အနယ်နယ်အရပ်ရပ်ကို ပို့ပေးရတဲ့အတွက် ငွေကုန်ကြေးကျများမယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ စီးပွားရေးကြော်ငြာတွေ၊ ငွေတောင်းခံတာတွေကို သင်တွေ့ရမှာ မဟုတ်ပါဘူး။ သမ္မာကျမ်းစာအမှန်တရားကိုပဲ အဓိကထားပြီး ဝေမျှပေးနေပါတယ်။

သင် ဘယ်လိုထင်ပါသလဲ– အဲဒီအစီအစဉ်တွေက ယေရှုခရစ်ရဲ့ မိန့်ဆိုချက်တွေ၊ ပထမရာစုက ခရစ်ယာန်တွေရဲ့လုပ်ဆောင်ပုံနဲ့ ကိုက်ညီပါသလား။

^ စာပိုဒ်၊ 2 ဒီဆောင်းပါးတွဲက နာမည်တချို့ကို ပြောင်းထားပါတယ်။