မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက သွေးသွင်းခြင်းကို ဘာဖြစ်လို့ လက်မခံတာလဲ

ယေဟောဝါသက်သေတွေက သွေးသွင်းခြင်းကို ဘာဖြစ်လို့ လက်မခံတာလဲ

အထင်လွဲမှားလေ့ရှိတဲ့ အချက်များ

အထင်မှားမှု– ယေဟောဝါသက်သေတွေက ဆေးဝါးနဲ့ ဆေးကုသမှုတွေကို အယုံအကြည်မရှိဘူး။

 အဖြစ်မှန်– ကိုယ့်အတွက်နဲ့ မိသားစုအတွက် အကောင်းဆုံး ဆေးကုသမှုတွေကို ကျွန်ုပ်တို့ ရရှိချင်ပါတယ်။ ကျွန်ုပ်တို့ မကျန်းမမာဖြစ်တဲ့အခါ ဆေးကုသမှုမှာ ကျွမ်းကျင်တဲ့ဆရာဝန်တွေ၊ သွေးမဲ့ခွဲစိတ်မှုမှာ ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်တွေဆီ သွားပြကြတယ်။ ဆေးလောကမှာ နည်းပညာ ထွန်းကားလာတဲ့အတွက်လည်း ကျွန်ုပ်တို့ ဝမ်းသာကြတယ်။ တကယ်တော့ သက်သေခံလူနာတွေကို ကူညီပေးရင်းနဲ့ ပေါ်ထွက်လာတဲ့ သွေးမဲ့ကုသနည်းတွေကို အခုဆိုရင် တခြားသူတွေအတွက်လည်း အသုံးပြုနေကြပါပြီ။ နိုင်ငံများစွာမှာ လူနာတွေဟာ သွေးမသွင်းဖို့ ရွေးချယ်နိုင်ကြတယ်။ ဒါကြောင့် သွေးကနေတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ၊ ကိုယ်ခံအားစနစ်ဖောက်ပြန်မှုတွေနဲ့ သွေးမှားသွင်းမိတာတွေကို ရှောင်ရှားနိုင်ကြပါတယ်။

အထင်မှားမှု– ဖျားနာမှုတွေကို ယုံကြည်ခြင်းကုထုံးနဲ့ ကုသလို့ရတယ်လို့ ယေဟောဝါသက်သေတွေ ယုံကြတယ်။

 အဖြစ်မှန်– ယုံကြည်ခြင်းကုထုံးကို ကျွန်ုပ်တို့ လက်မခံဘူး။

အထင်မှားမှု– သွေးမသွင်းဘဲ ကုသတာက ကုန်ကျစရိတ် များလွန်းတယ်။

 အဖြစ်မှန်– သွေးမသွင်းတဲ့ ကုသနည်းတွေဟာ ကုန်ကျစရိတ်နည်းတဲ့ ကုသနည်းတွေဖြစ်တယ်။ a

အထင်မှားမှု– ကလေးတွေအပါအဝင် ယေဟောဝါသက်သေများစွာဟာ သွေးမသွင်းလို့ နှစ်စဉ် သေဆုံးနေကြတယ်။

 အဖြစ်မှန်– ဒါဟာ အထောက်အထား လုံးဝမပြနိုင်တဲ့ ဖော်ပြချက်တစ်ခုပါ။ နှလုံးခွဲစိတ်ကုသမှု၊ အရိုးခွဲစိတ်ကုသမှု၊ ကိုယ်အင်္ဂါအစားထိုးမှုစတဲ့ အကြီးစားခွဲစိတ်ကုသမှုတွေကို ခွဲစိတ်ဆရာဝန်တွေက သွေးမသွင်းဘဲ ပြုလုပ်နေကြပါတယ်။ b သွေးမသွင်းတဲ့ ကလေးအပါအဝင် လူနာတွေဟာ သွေးသွင်းတဲ့လူနာတွေလိုပဲ ကျန်းမာလာတတ်တယ်။ ဒါမှမဟုတ် သွေးသွင်းတဲ့လူနာတွေထက် ပိုပြီးတော့တောင် ကျန်းမာလာတတ်တယ်။ c ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်၊ သွေးမသွင်းလို့ သေမယ်လို့ တပ်အပ်မပြောနိုင်သလို သွေးသွင်းရင် အသက်ရှင်မယ်လို့လည်း အာမ,မခံနိုင်ပါဘူး။

ယေဟောဝါသက်သေတွေက ဘာဖြစ်လို့ သွေးမသွင်းကြတာလဲ

 သွေးမသွင်းရတာက ဆေးပညာကြောင့်မဟုတ်ဘဲ ဘာသာရေးခံယူချက်ကြောင့် ဖြစ်တယ်။ ဓမ္မဟောင်းကျမ်းမှာရော၊ ဓမ္မသစ်ကျမ်းမှာပါ သွေးကိုရှောင်ဖို့ ရှင်းရှင်းလင်းလင်း မိန့်မှာထားတယ်။ (ကမ္ဘာဦး ၉:၄; ဝတ်ပြုရာ ၁၇:၁၀; တရားဟောရာ ၁၂:၂၃; တမန်တော် ၁၅:၂၈၊ ၂၉) ဒါ့အပြင် ဘုရားသခင့်အမြင်မှာ သွေးဟာ အသက်ကို ကိုယ်စားပြုတယ်။ (ဝတ်ပြုရာ ၁၇:၁၄) ဘုရားသခင့် မိန့်မှာချက်ကို နာခံရုံမက အသက်ပေးပိုင်ရှင်ဖြစ်တဲ့ ဘုရားသခင်ကို လေးစားတဲ့အတွက် ကျွန်ုပ်တို့ သွေးမသွင်းရခြင်း ဖြစ်တယ်။

အမြင်တွေ ပြောင်းလာ

အကြီးစားခွဲစိတ်မှုတွေကို သွေးမသွင်းဘဲ အောင်မြင်စွာ လုပ်ဆောင်နိုင်

 တစ်ချိန်တုန်းက သွေးသွင်းခြင်းကိုရှောင်တဲ့ ကုသနည်းတွေ (သွေးမဲ့ကုသမှုလို့လည်းခေါ်) ကို အစွန်းရောက်တဲ့၊ ကိုယ့်ကိုယ်ကိုယ်သေစေတဲ့ နည်းတွေလို့ မြင်ခဲ့ကြပေမဲ့ မကြာသေးခင်နှစ်တွေမှာတော့ အဲဒီအမြင်တွေက ပြောင်းလဲသွားပြီဖြစ်တယ်။ ဥပမာ၊ ၂၀၀၄ ခုနှစ်ထုတ် ဆေးပညာဂျာနယ်တစ်စောင်မှာ “ယေဟောဝါသက်သေလူနာတွေကို ကူညီပေးရင်းနဲ့ ပေါ်ထွက်လာတဲ့ ကုသနည်းပညာတွေက အနာဂတ်မှာ စံအနေနဲ့ အသုံးပြုလာကြမယ်” လို့ ဖော်ပြထားတယ်။ d ၂၀၁၀ ခုနှစ်ထုတ် Heart, Lung and Circulation  ဂျာနယ်မှာ “သွေးမဲ့ခွဲစိတ်မှုတွေဟာ ယေဟောဝါသက်သေတွေအတွက်ပဲ မဖြစ်သင့်တော့ဘူး။ ခွဲစိတ်မှုတိုင်းမှာ သွေးမဲ့ခွဲစိတ်နည်းကို အသုံးပြုသင့်တယ်” လို့ ဖော်ပြထားတယ်။

 ကမ္ဘာတစ်ဝန်းက ဆရာဝန်ထောင်ပေါင်းများစွာဟာ သွေးထွက်နည်းအောင် လုပ်တဲ့နည်းတွေကိုသုံးပြီး သွေးမဲ့အကြီးစားခွဲစိတ်မှုတွေကို လုပ်ဆောင်နေကြတယ်။ သွေးမသွင်းတဲ့ အဲဒီလိုကုသနည်းတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတောင် အသုံးပြုနေကြပြီး ယေဟောဝါသက်သေမဟုတ်တဲ့ လူနာတွေလည်း အဲဒီနည်းနဲ့ကုသပေးဖို့ တောင်းဆိုနေကြတယ်။

a Transfusion and Apheresis Science , အတွဲ ၃၃၊ နံပါတ် ၃၊ စာမျက်နှာ ၃၄၉ ကိုကြည့်ပါ။

b The Journal of Thoracic and Cardiovascular Surgery , အတွဲ ၁၃၄၊ နံပါတ် ၂၊ စာမျက်နှာ ၂၈၇–၂၈၈; Texas Heart Institute Journal , အတွဲ ၃၈၊ နံပါတ် ၅၊ စာမျက်နှာ ၅၆၃; Basics of Blood Management , စာမျက်နှာ ၂; Continuing Education in Anaesthesia, Critical Care & Pain , အတွဲ ၄၊ နံပါတ် ၂၊ စာမျက်နှာ ၃၉ ကိုကြည့်ပါ။

c The Journal of Thoracic and Cardiovascular Surgery , အတွဲ ၈၉၊ နံပါတ် ၆၊ စာမျက်နှာ ၉၁၈; Heart, Lung and Circulation , အတွဲ ၁၉၊ စာမျက်နှာ ၆၅၈ ကိုကြည့်ပါ။

d Continuing Education in Anaesthesia, Critical Care & Pain, အတွဲ ၄၊ နံပါတ် ၂၊ စာမျက်နှာ ၃၉။