မာတိကာဆီ ကျော်သွား

ခရစ်ယာန်တွေ ဆေးကုသမှု ခံယူလို့ရသလား

ခရစ်ယာန်တွေ ဆေးကုသမှု ခံယူလို့ရသလား

သမ္မာကျမ်းစာဖြေဆိုရာ

 ရပါတယ်။ ယေရှုက “ကျန်းမာသောသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏” လို့မိန့်တော်မူခဲ့ခြင်းက ကိုယ်တော်ရဲ့နောက်လိုက်တွေဟာ ဆေးကုသမှုခံယူနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောနေခြင်းဖြစ်တယ်။ (မဿဲ ၉:၁၂) သမ္မာကျမ်းစာက ဆေးကျမ်းတော့မဟုတ်ပေမဲ့ ဘုရားသခင့် မျက်နှာသာရလိုသူတွေအတွက် လမ်းညွှန်မှုရနိုင်တဲ့ မူတချို့ကို ဖော်ပြပေးထားပါတယ်။

သင့်ကိုယ်သင်မေးရမယ့် မေးခွန်းများ

 ၁။ ငါ့ကို အကြံပြုလာတဲ့ ကုသမှုကို ငါကောင်းကောင်း သဘောပေါက်သလား။ “ပြောသမျှကိုယုံ” မယ့်အစား ယုံကြည်စိတ်ချလောက်တဲ့ အချက်အလက်တွေကို ရှာဖွေဖို့ သမ္မာကျမ်းစာက အကြံပြုထားပါတယ်။–သုတ္တံ ၁၄:၁၅

 ၂။ တခြားဆရာဝန်တွေနဲ့ တိုင်ပင်သင့်သလား။ “တိုင်ပင်သောသူများ” မယ်ဆိုရင် သင့်အတွက်အကျိုးရှိပါတယ်။ အထူးသဖြင့် သင့်အခြေအနေက စိုးရိမ်ရရင်ပေါ့။–သုတ္တံ ၁၅:၂၂

 ၃။ ကုသမှုမှာ “သွေး . . . ကိုကြဉ်ရှောင်ရန်” ဆိုတဲ့ကျမ်းစာပညတ်နဲ့ မလွတ်ကင်းတာမျိုးရှိသလား။–တမန်တော် ၁၅:၂၀

 ၄။ ရောဂါရှာဖွေတဲ့အခါ ဒါမှမဟုတ် ကုသမှုမှာ နတ်ဆိုးပညာ ပါဝင်နေသလား။ သမ္မာကျမ်းစာမှာ “နတ်ဆိုးပညာလိုက်စားခြင်း” ကိုပြစ်တင်ရှုတ်ချထားပါတယ်။ (ဂလာတိ ၅:၁၉–၂၁) ကုသမှုမှာ နတ်ဆိုးပညာပါမပါ သိနိုင်ဖို့ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ–

  •   ဆေးကုသပေးသူက နတ်ဆိုးပညာကို အသုံးပြုသလား။

  •   ဖျားနာရတဲ့အကြောင်းရင်းက နတ်ဘုရားတွေ၊ အောက်လမ်းဆရာတွေကို ပြစ်မှားလို့ဆိုတဲ့ ယုံကြည်ချက်တွေပေါ်အခြေပြုတဲ့ ကုသမှုလား။

  •   ဆေးကုသဖို့ ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် ဆေးကုသတဲ့အခါ ပူဇော်ပသခြင်း၊ ဂါထာရွတ်ခြင်း ဒါမှမဟုတ် တခြားနတ်ဆိုးပညာနဲ့ဆိုင်တဲ့ ဓလေ့ထုံးစံတွေပါသလား။

 ၅။ ငါ့ရဲ့ကျန်းမာရေးကိုပဲ ငါ အလွန်အမင်း အာရုံစိုက်နေသလား။ သမ္မာကျမ်းစာက ဒီလိုအကြံပြုတယ်- “သင်တို့၏ အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့။” (ဖိလိပ္ပိ ၄:၅) အကျိုးသင့်အကြောင်းသင့်သဘော ရှိတာက ယေဟောဝါရဲ့အလိုတော်ဆောင်ခြင်း စတဲ့ “သာ၍အရေးကြီးသောအရာ” တွေကို အာရုံစိုက်ဖို့ ကူညီပေးပါလိမ့်မယ်။–ဖိလိပ္ပိ ၁:၁၀; မဿဲ ၅:၃