မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၃၀၊ ၂၀၁၉
ကမ္ဘာတစ်ဝန်းက သတင်းများ

အီဒိုင်းမုန်တိုင်း တိုက်ပြီးနောက် ယေဟောဝါသက်သေတွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်း

အီဒိုင်းမုန်တိုင်း တိုက်ပြီးနောက် ယေဟောဝါသက်သေတွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်း

၂၀၁၉၊ မတ်လတုန်းက အာဖရိက အရှေ့တောင်ဘက် ကမ်းရိုးတန်းမှာ အီဒိုင်းမုန်တိုင်း တိုက်ခတ်ခဲ့တယ်။ မာလာဝီ၊ မိုဇမ်ဘစ်၊ ဇင်ဘာဘွေဌာနခွဲရုံးတွေက သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ (DRCs) ၁၄ ခုကို ချက်ချင်း ဖွဲ့စည်းလိုက်ပြီး ဘေးသင့်တဲ့ ဒေသတွေမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ကူညီပေးခဲ့တယ်။ ညီအစ်ကိုတွေဟာ အဲဒီ ၃ နိုင်ငံမှာရှိတဲ့ ညီအစ်ကိုတွေရဲ့ ပျက်စီးသွားတဲ့အိမ် ၁,၄၃၄ လုံးထဲက ၆၅၀ ကျော်ကို ပြန်ပြုပြင်၊ ဆောက်လုပ်ပေးခဲ့ပြီးပြီ။ ပျက်စီးသွားတဲ့ နိုင်ငံတော်ခန်းမ ၂၉ လုံးထဲက ၈ လုံးကို ပြန်ဆောက်ပြီး ၁၀ လုံးကို ပြန်ပြင်ပေးခဲ့တယ်။

လွန်ခဲ့တဲ့ ၉ လကျော်အတွင်း ညီအစ်ကို၊ ညီအစ်မ ၃,၅၀၀ ကျော်ဟာ ကြီးကျယ်လှတဲ့ ဒီကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီခဲ့ကြတယ်။ အဲဒီထဲက စေတနာ့ဝန်ထမ်းတချို့ဆိုရင် ကူညီပေးဖို့ ဝေးလံတဲ့ဒေသတွေကနေ ရောက်လာကြတယ်။ အာဖရိကမှာရှိတဲ့ နိုင်ငံတွေအပြင် ဘရာဇီး၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်နိုင်ငံတွေကနေ လာကြတယ်။ ကျွမ်းကျင်တဲ့ စေတနာ့ဝန်ထမ်းတွေက ဒေသခံညီအစ်ကိုတွေကို ပန်းရန်နဲ့ လက်သမား အတတ်ပညာတွေ သင်ပေးတယ်။

မာလာဝီက ဆောက်လုပ်ရေးအဖွဲ့ဝင်တချို့ သူတို့ဆောက်နေတဲ့ အိမ်ရှေ့မှာ ဓာတ်ပုံရိုက်နေကြစဉ်

မိုဇမ်ဘစ်နိုင်ငံမှာ အီဒိုင်းမုန်တိုင်း တိုက်ခတ်ပြီးနောက်မှာ မန်ကာနဲ့ ဆာဖာလာပြည်နယ်တွေက ညီအစ်ကိုတွေရဲ့ ကောက်ပဲသီးနှံ ၇၀ ရာခိုင်နှုန်း ပျက်စီးသွားတယ်။ ဌာနခွဲရုံးရဲ့ လမ်းညွှန်မှုအရ အဲဒီဒေသက သဘာဝဘေး ကယ်ဆယ်ရေးအဖွဲ့ဟာ အစားအသောက် တန် ၄၃၀ လောက် ဖြန့်ဝေပေးခဲ့တယ်။ ပြောင်းမှုန့်၊ ပဲအမျိုးမျိုး၊ ဆီ၊ ဆား၊ သကြားတွေ အပါအဝင် ဒေသအစားအစာတွေကို ဖြန့်ဝေပေးခဲ့တယ်။ ခရမ်းချဉ်သီး၊ ပြောင်း၊ ဆန် စတဲ့ အခြေခံအစားအစာတွေအတွက် မျိုးစေ့ ၅ တန်ကိုလည်း ဖြန့်ဝေပေးခဲ့တယ်။

မာလာဝီဌာနခွဲ ကယ်ဆယ်ရေးစီမံကိန်းဟာ ၂၀၂၀၊ ဖေဖော်ဝါရီမှာ ပြီးဆုံးပါလိမ့်မယ်။ မိုဇမ်ဘစ်ကတော့ ၂၀၂၀၊ ဇန်နဝါရီလောက်မှာ ပြီးဆုံးပါမယ်။ ဇင်ဘာဘွေမှာတော့ ၂၀၁၉၊ စက်တင်ဘာမှာ ပြီးဆုံးသွားပါပြီ။ ဒီကယ်ဆယ်ရေးလုပ်ငန်းကြီးမှာ အမေရိကန်ဒေါ်လာ ၄ သန်း သုံးစွဲခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

ဌာနခွဲ ကယ်ဆယ်ရေး ကော်မတီမှာ ပါဝင်တဲ့ ဇင်ဘာဘွေဌာနခွဲ ကော်မတီဝင် ထရန့်အတ်စင် ဒီလို ပြောတယ်– “ညီအစ်ကို၊ ညီအစ်မတွေဟာ သူတို့ရဲ့အိမ်တွေကို ပြန်ဆောက်ပေးလို့ သိပ်ဝမ်းသာကြတယ်။ ရပ်နီးရပ်ဝေးက ညီအစ်ကို၊ ညီအစ်မတွေရဲ့ အကူအညီနဲ့ အားပေးမှုတွေကို မြင်ရတာ တကယ်အားရှိစရာပါပဲ။ ဒါကြောင့် ညီအစ်ကို၊ ညီအစ်မများစွာဟာ အတတ်နိုင်ဆုံး ကူညီပေးချင်ကြတယ်။”

အာဖရိက အရှေ့တောင်ပိုင်းက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ညီအစ်ကို၊ ညီအစ်မ ၁၀,၀၀၀ ကျော်နဲ့အတူ ကျွန်တော်တို့လည်း “ဒုက္ခရောက်ချိန်မှာ” ညီရင်းအစ်ကိုမေတ္တာ ပြခဲ့တာတွေအတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။—ပညာအလိမ္မာ ၁၇:၁၇

 

ညီအစ်ကိုတွေဟာ မာလာဝီနိုင်ငံ၊ ခေါ်လောင်အွန်ဂျို အသင်းတော်က ညီအစ်ကို ဝေးလော့ ဘင်ဒေရာနဲ့ ဇနီးဖြစ်သူ ညီအစ်မ အယ်စီနာလာ ဘင်ဒေရာတို့ရဲ့ အိမ်ကို ပြန်ဆောက်ပေးခဲ့ကြ

ဇင်ဘာဘွေက ညီအစ်ကို နေဟမိယာ့ တီဂရာနဲ့ ဇနီး ဖာတီမာ စီဂါမိ တိဂရာတို့ ပြန်ဆောက်ထားတဲ့ သူတို့ရဲ့အိမ်ရှေ့မှာ ရပ်နေကြစဉ်

တိုက်နယ်ကြီးကြပ်မှူးတွေဖြစ်တဲ့ ညီအစ်ကို ဝတ်နက်စ် ဂျာဘူးနဲ့ ညီအစ်ကို ဩဂတ်စတင်း ကမ်မက်ဇီတို့ မာလာဝီနိုင်ငံ၊ နစ်ချာလိုမြို့က အိမ်ပျက်စီးသွားတဲ့ သက်သေခံမိသားစုကို လည်ပတ်အားပေးနေစဉ်

မိုဇမ်ဘစ်မှာရှိတဲ့ ညီအစ်ကိုတွေဆီ ပို့ပေးမယ့် ပြောင်းမျိုးစေ့တွေကို ချီမိုဂျိ ကယ်ဆယ်ရေးစခန်းက ညီအစ်ကိုတွေ ကားပေါ်မှ ချနေစဉ်

ရှိုင်းယားမြစ်ကို ကနူးလှေနဲ့ ဖြတ်ပြီး မိုဇမ်ဘစ်နယ်စပ်အနီးမှာ နေထိုင်တဲ့ ညီအစ်ကိုတွေဆီ ထောက်ပံ့ပစ္စည်းတွေ ပို့ပေးဖို့ ပြင်ဆင်နေတဲ့ ညီအစ်ကိုတွေကို တွေ့ရစဉ်

မာလာဝီက ပေးပို့တဲ့ ထောက်ပံ့ပစ္စည်းတွေကို မိုဇမ်ဘစ်နိုင်ငံ၊ တီဂန်နီရွာက နိုင်ငံတော်ခန်းမမှာရှိတဲ့ ကယ်ဆယ်ရေးစင်တာဆီ ညီအစ်ကို၊ ညီအစ်မတွေ ပို့ဆောင်နေစဉ်

မိုဇမ်ဘစ်နိုင်ငံ၊ တီဂန်နီရွာက နိုင်ငံတော်ခန်းမမှာ ညီအစ်ကို၊ ညီအစ်မတွေ ထောက်ပံ့ပစ္စည်းတွေ ရယူနေကြစဉ်