မာတိကာဆီ ကျော်သွား

ယေရှုရဲ့ ပူဇော်သကာက ဘယ်လိုနည်းနဲ့ “လူအများအတွက် ရွေးဖိုး” ဖြစ်သလဲ

ယေရှုရဲ့ ပူဇော်သကာက ဘယ်လိုနည်းနဲ့ “လူအများအတွက် ရွေးဖိုး” ဖြစ်သလဲ

ကျမ်းစာအဖြေ

 ယေရှုရဲ့ ပူဇော်သကာဟာ လူသားတွေကို အပြစ်နဲ့သေခြင်းကနေ ဘုရားသခင် ကယ်တင်ပေးတဲ့နည်းလမ်းဖြစ်တယ်။ ကျမ်းစာမှာ ယေရှုသွန်းလောင်းခဲ့တဲ့သွေးကို ရွေးဖိုးအဖြစ် ဖော်ပြထားတယ်။ (ဧဖက် ၁:၇; ၁ ပေတရု ၁:၁၈၊ ၁၉) ဒါကြောင့် “လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကိုပေးဖို့” ရောက်လာတာလို့ ယေရှုပြောခဲ့တယ်။—မဿဲ ၂၀:၂၈ကဘ။

“လူအများအတွက် ရွေးဖိုး” ဘာကြောင့်လိုအပ်

 ပထမလူသား အာဒံဟာ ပြည့်ဝစုံလင်စွာ ဖန်ဆင်းခံရတယ်၊ သူ့မှာ အပြစ်မရှိဘူး။ ထာဝစဉ်အသက်ရှင်ခွင့် အလားအလာရှိတယ်။ ဒါပေမဲ့ ဘုရားကို မနာခံတဲ့အတွက် အဲဒီအလားအလာကို ဆုံးရှုံးလိုက်ရတယ်။ (ကမ္ဘာဦး ၃:၁၇-၁၉) သူ့မှာ သားသမီးရလာတဲ့အခါ အပြစ်ကို သူတို့ဆီ လက်ဆင့်ကမ်းပေးခဲ့တယ်။ (ရောမ ၅:၁၂) ဒါကြောင့် အာဒံဟာ ကိုယ်တိုင်နဲ့သားသမီးတွေကို အပြစ်နဲ့သေခြင်းလက်ထဲ “ရောင်းစား” လိုက်တယ်လို့ ကျမ်းစာပြောတယ်။ (ရောမ ၇:၁၄ကဘ) သူ့သားမြေးတွေဟာ ပြည့်ဝစုံလင်သူတွေ မဟုတ်တော့ဘူး။ ဒါကြောင့် အာဒံဆုံးရှုံးသွားတဲ့အရာကို သူတို့တစ်ယောက်မှ ပြန်မဝယ်နိုင်တော့ဘူး။—ဆာလံ ၄၉:၇၊ ၈

 မျှော်လင့်ချက်မဲ့နေတဲ့ အာဒံ့သားမြေးတွေကို ဘုရားသခင် သနားတယ်။ (ယောဟန် ၃:၁၆) ဒါပေမဲ့ ဘုရားသခင့် တရားမျှတမှုစံနှုန်းအရ ခိုင်လုံတဲ့အကြောင်းရင်းမရှိဘဲ အပြစ်တွေကို ခွင့်လွှတ်လို့မရဘူး။ (ဆာလံ ၈၉:၁၄; ရောမ ၃:၂၃-၂၆) ဘုရားက လူသားတွေကို ချစ်တဲ့အတွက် သူတို့အပြစ်တွေကို ခွင့်လွှတ်ရုံမက လုံးဝဖယ်ရှားပစ်နိုင်တဲ့ တရားဝင်နည်းလမ်းကို ပြင်ဆင်ပေးခဲ့တယ်။ (ရောမ ၅:၆-၈) အဲဒီတရားဝင်နည်းလမ်းကတော့ ရွေးဖိုးပါပဲ။

ရွေးဖိုးဆိုတာ ဘာလဲ

 ကျမ်းစာအရ “ရွေးဖိုး” ဆိုတဲ့စကားလုံးမှာ အချက်သုံးချက်ပါဝင်တယ်-

  1.  ၁။ အဖိုးအခဖြစ်တယ်။—တောလည်ရာ ၃:၄၆၊ ၄၇

  2.  ၂။ လွတ်မြောက်ခွင့်၊ ရွေးယူခွင့် ရစေတယ်။—ထွက်မြောက်ရာ ၂၁:၃၀

  3.  ၃။ တန်ဖိုးညီမျှတယ် ဒါမှမဟုတ် ဖုံးအုပ်ပေးတယ်။ a

 အဲဒီအချက်သုံးချက်က ယေရှုခရစ်ရဲ့ ရွေးဖိုးပူဇော်သကာနဲ့ ဘယ်လိုသက်ဆိုင်သလဲဆိုတာ ကြည့်ရအောင်။

  1.  ၁။ အဖိုးအခ။ ခရစ်ယာန်တွေကို ‘တန်ဖိုးကြီးကြီးပေးပြီး ဝယ်ထား’ တာလို့ ကျမ်းစာပြောတယ်။ (၁ ကောရိန္သု ၆:၂၀; ၇:၂၃ကဘ) အဲဒီတန်ဖိုးဆိုတာ ယေရှုရဲ့သွေးကိုပြောတာ။ ယေရှုက ‘လူမျိုးနွယ်၊ ဘာသာစကား၊ လူစုနဲ့ လူမျိုးတွေထဲက လူတွေကို ဘုရားသခင်အတွက် မိမိရဲ့သွေးနဲ့ ဝယ်ယူခဲ့တယ်။’—ဗျာဒိတ် ၅:၈၊ ၉ကဘ။

  2.  ၂။ လွတ်မြောက်ခွင့်။ ယေရှုရဲ့ ရွေးဖိုးပူဇော်သကာကြောင့် အပြစ်ကနေ ‘လွတ်မြောက်ခွင့်’ ရကြတယ်။—၁ ကောရိန္သု ၁:၃၀ကဘ; ကောလောသဲ ၁:၁၄; ဟေဗြဲ ၉:၁၅

  3.  ၃။ တန်ဖိုးညီမျှ။ ယေရှုရဲ့ ပူဇော်သကာက အာဒံဆုံးရှုံးခဲ့တဲ့ ပြည့်ဝစုံလင်တဲ့လူ့အသက်နဲ့ အတိအကျ ညီမျှတယ်။ (၁ ကောရိန္သု ၁၅:၂၁၊ ၂၂၊ ၄၅၊ ၄၆) ‘လူတစ်ယောက် [အာဒံ] ရဲ့ မနာခံမှုကြောင့် လူများစွာ အပြစ်ရှိသူတွေ ဖြစ်လာတယ်။ အလားတူ၊ လူတစ်ယောက် [ယေရှုခရစ်] ရဲ့ နာခံမှုကြောင့် လူများစွာ ဖြောင့်မတ်သူတွေ ဖြစ်လာတယ်’ လို့ကျမ်းစာဆိုတယ်။ (ရောမ ၅:၁၉ကဘ) ဒီအချက်က လူတစ်ယောက်ရဲ့သေခြင်းဟာ ဘယ်လိုနည်းနဲ့ လူအများအတွက် ရွေးဖိုးပေးနိုင်သလဲဆိုတာ နားလည်စေတယ်။ တကယ်တော့ ယေရှုရဲ့ပူဇော်သကာဟာ အကျိုးခံစားချင်သူ “အားလုံးအတွက် ညီမျှတဲ့ရွေးဖိုး” ဖြစ်တယ်။—၁ တိမောသေ ၂:၅၊ ၆

a ကျမ်းစာမှာ “ရွေးဖိုး” လို့ပြန်ဆိုတဲ့ မူရင်းစကားလုံးက အဖိုးအခ၊ ပေးဆပ်ရတဲ့တန်ဖိုး ဆိုတဲ့သဘောဖြစ်တယ်။ ဥပမာ၊ ဟီဘရူးစကားလုံး ကာဖာက “ဖုံးအုပ်” လို့အဓိပ္ပာယ်ရတယ်။ အပြစ်တွေ ဖုံးအုပ်တာကိုလည်း ရည်ညွှန်းလေ့ရှိတယ်။ (ဆာလံ ၆၅:၃ကဘ) အဲဒီစကားလုံးနဲ့ဆက်စပ်တဲ့ ကိုဖာကတော့ ဖုံးအုပ်ဖို့ ဒါမှမဟုတ် လွတ်မြောက်စေဖို့ ပေးရတဲ့ အဖိုးအခကို ရည်ညွှန်းတယ်။ (ထွက်မြောက်ရာ ၂၁:၃၀) “ရွေးဖိုး” လို့ပြန်ဆိုတဲ့ ဂရိစကားလုံး လိုင်တရွန်ကိုလည်း “ရွေးယူဖို့ ပေးဆပ်ရတဲ့အဖိုးအခ” ဆိုပြီးပြန်ဆိုနိုင်တယ်။ (မဿဲ ၂၀:၂၈; The New Testament in Modern Speech, by R. F. Weymouth) ဂရိစာရေးဆရာတွေက ဒီစကားလုံးကို စစ်သုံ့ပန်း ဒါမှမဟုတ် ကျွန်ကို ရွေးယူဖို့ ပေးဆပ်ရတဲ့ အဖိုးအခအဖြစ် အသုံးပြုခဲ့ကြတယ်။