လွန်ခဲ့တဲ့ အနှစ်တစ်ရာ —၁၉၁၇
“ပဋိပက္ခ၊ ဝရုန်းသုန်းကားနဲ့ သွေးချောင်းစီးမှုတွေကြားမှာ နှစ်သစ်တစ်နှစ် စတင်လာပြီ” လို့ ၁၉၁၇၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ ဖော်ပြထားတယ်။ မှန်ပါတယ်၊ ကမ္ဘာချီ လူသတ်ပွဲ ပထမကမ္ဘာစစ်ဟာ ဥရောပမှာ ဆက်ဖြစ်ပွားတယ်။
စစ်မှန်တဲ့ ခရစ်ယာန်ကြားနေမှုမှာ ဘာပါဝင်တယ်ဆိုတာ ကျမ်းစာကျောင်းသားတွေ အပြည့်အဝ နားမလည်ပေမဲ့ အများစုကတော့ သွေးစွန်းမှုမှာ မပါဖို့ ကြိုးစားခဲ့တာ ချီးမွမ်းစရာပါပဲ။ ဥပမာ၊ အင်္ဂလန်နိုင်ငံမှာ အသက် ၁၉ နှစ်အရွယ် စတန်လီ ဝီလီဟာ ကြားနေဖို့ ဆုံးဖြတ်ခဲ့တယ်။ မိမိရပ်တည်မှုအတွက် စစ်ဆေးခံ
ဖို့ မသွားခင် ဒီလိုရေးခဲ့တယ်– “အခုလိုသက်သေခံခွင့် ရတာကိုပဲ အခွင့်ထူးကြီးအဖြစ် ယူမှတ်ပါတယ်။ ကျွန်တော့်ကို စစ်ယူနီဖောင်း ဝတ်ဖို့ အမိန့်ပေးမယ်၊ ငြင်းဆိုရင် စစ်ခုံရုံး တင်မယ်လို့ ဒီမနက်မှာ ဗိုလ်မှူး ပြောသွားတယ်။”စတန်လီ အလျှော့မပေးတဲ့အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ချမှတ်ခံရတယ်။ ဒါပေမဲ့ အကောင်းမြင်သဘောထား ရှိနေတုန်းပဲ။ နှစ်လပြီးနောက် ဒီလိုရေးခဲ့တယ်– “အမှန်တရားက ပေးတဲ့ ‘တန်ခိုး’ ကြောင့် တခြားသူတွေ မခံနိုင်တာကို . . . စိတ်ရှည်ရှည် ခံရပ်နိုင်ခဲ့တယ်။” ထောင်မှာ အချိန်ကို ပညာရှိရှိ အသုံးပြုခဲ့တယ်။ “မကြာသေးခင်က ဒီအမှုတွေအတွင်း ရရှိခဲ့တဲ့ အကြီးမားဆုံးကောင်းချီးကတော့ ကောင်းကောင်း တွေးတောဆင်ခြင်၊ လေ့လာ၊ ဆုတောင်းဖို့ အခွင့်အရေး ရခဲ့တာပဲ” လို့ သူပြောတယ်။
မကြာခင်မှာပဲ စစ်ပွဲမှာ အမေရိကန် တရားဝင် ပါဝင်လာတယ်။ ၁၉၁၇၊ ဧပြီ ၂၊ အမေရိကန် ပြည်ထောင်စု ကွန်ဂရက်မှာ ပြောတဲ့ မိန့်ခွန်းအရ သမ္မတ ဝူးဒရိုး ဝီလ်စင်က ဂျာမနီကို တရားဝင် စစ်ကြေညာခဲ့တယ်။ လေးရက်ကြာပြီးနောက် အမေရိကန် ပြည်ထောင်စုဟာ စစ်ပွဲမှာ ပါဝင်လာတယ်။ မကြာခင်မှာပဲ အမေရိကန်မှာရှိတဲ့ ခရစ်ယာန်တွေ ကြားနေမှုကိစ္စ ရင်ဆိုင်ခဲ့ရတယ်။
စစ်သား အရေးပေါ်လိုအပ်မှုကို ဖြည့်ဆည်းဖို့ အမေရိကန်က ရွေးချယ်စစ်မှုထမ်းစနစ် အက်ဥပဒေကို မေလမှာ ပြဋ္ဌာန်းခဲ့တယ်။ တစ်လကြာပြီးနောက် သူလျှိုအက်ဥပဒေကို ထုတ်ပြန်ခဲ့တယ်။ ပထမပြဋ္ဌာန်းတဲ့ ဥပဒေကြောင့် အမေရိကန် အစိုးရဟာ ယောက်ျားထောင်ပေါင်းများစွာကို စစ်ထဲ ဝင်အောင် ကြိုးပမ်းနိုင်ခဲ့တယ်။ အဲဒီကြိုးပမ်းမှုအပေါ် ကြားဝင်နှောင့်ယှက်မှုတွေကို ဒုတိယထုတ်ပြန်တဲ့ သူလျှိုဥပဒေကြောင့် ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့တယ်။ မကြာခင်မှာပဲ အမှန်တရားရဲ့ ရန်သူတွေဟာ အဲဒီ “ဥပဒေကို အသုံးချပြီး” ယေဟောဝါရဲ့ ကျေးကျွန်တွေကို “ဒုက္ခပေး” ကြတော့တယ်။—ဆာ. ၉၄:၂၀။
စစ်ကာလအတွင်း ကမ္ဘာ့ပဋိပက္ခတွေကို ကျမ်းစာကျောင်းသားတွေ မအံ့ဩကြဘူး။ ဒီအခြေအနေတွေအကြောင်း ကျမ်းစာကြိုဟောချက်တွေကို သူတို့ အာရုံစိုက်ခဲ့တာ ဆယ်စုနှစ်တွေ ရှိနေပြီ။ ဒါပေမဲ့ ယေဟောဝါရဲ့ လူမျိုးအလယ်
မှာ မကြာခင် ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုတွေကြောင့် လူများစွာ အံ့ဩခဲ့ရတယ်။စမ်းသပ်ခြင်း၊ စစ်ထုတ်ခြင်း
အမေရိကန်ပြည်ထောင်စုမှာ စီတီရပ်စယ်လ် သေဆုံးပြီးနောက် မကြာခင်မှာပဲ ယေဟောဝါ့ကျေးကျွန်တွေရဲ့ လုပ်ငန်းကို ဘယ်လို စီမံခန့်ခွဲမယ်ဆိုတဲ့ ပြဿနာ စတော့တယ်။ ညီအစ်ကို ရပ်စယ်လ်က ၁၈၈၄ ခုနှစ်မှာ ဇိအုန် ကင်းမျှော်စင် ဝေစာအသင်းကို တည်ထောင်ခဲ့ပြီး ၁၉၁၆၊ အောက်တိုဘာလမှာ သေဆုံးတဲ့အထိ အဲဒီတရားဝင် ကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တယ်။ ညီအစ်ကို ဂျေအပ်ဖ် ရပ်သဖော့ဒ် စတင်ဦးဆောင်တဲ့အခါ ဒါရိုက်တာအဖွဲ့ဝင် လေးယောက်အပါအဝင် အဖွဲ့အစည်းမှာ ထင်ပေါ်ကျော်ကြားသူတချို့ အာဏာပိုလိုချင်လာတယ်။
အဲဒီလေးယောက်နဲ့ တခြားသူအတော်များများဟာ ညီအစ်ကို ရပ်သဖော့ဒ် ကိုင်တွယ်ညွှန်ကြားပုံကို မကြိုက်ကြဘူး။ အဲဒီထဲမှာ တိုက်နယ်ကြီးကြပ်မှူး ပေါလ် ဂျွန်ဆင်ရဲ့ လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စ ပါတယ်။
ညီအစ်ကို ရပ်စယ်လ် မသေဆုံးခင်လေးမှာ ဂျွန်ဆင်ကို အဖွဲ့အစည်းရဲ့ နယ်လှည့်ကိုယ်စားလှယ်အဖြစ် အင်္ဂလန်ကို စေလွှတ်ဖို့ စီစဉ်ခဲ့တယ်။ ဂျွန်ဆင်က အဲဒီမှာ သတင်းကောင်း ဟောပြောရမယ်၊ အသင်းတော်တွေကို လည်ပတ်ရမယ်၊ အဲဒီနယ်မြေမှာ လုပ်ဆောင်နေတဲ့လုပ်ငန်းကို မှတ်တမ်းပို့ရမယ်။ ၁၉၁၆၊ နိုဝင်ဘာလမှာ ဂျွန်ဆင် အဲဒီကိုရောက်တော့ ညီအစ်ကို/မတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ ဝမ်းနည်းစရာကတော့ မြှောက်စားခံရမှုကြောင့် ဂျွန်ဆင် မာနတက်လာပြီး ညီအစ်ကို ရပ်စယ်လ်ရဲ့ ဆက်ခံသူ ဖြစ်သင့်တယ်လို့တောင် ထင်လာတယ်။
အင်္ဂလန်မှာ မိမိကို ဆန့်ကျင်တဲ့ ဗေသလမိသားစုဝင်တချို့ကို လုပ်ပိုင်ခွင့်အာဏာ မရှိဘဲ ထုတ်ပစ်တယ်။ လန်ဒန်မှာရှိတဲ့ အဖွဲ့အစည်းပိုင် ဘဏ်စာရင်းကို ထိန်းချုပ်ဖို့လည်း ကြိုးစားခဲ့တယ်။ ဒီအချိန်မှာ ညီအစ်ကို ရပ်သဖော့ဒ်က ဂျွန်ဆင်ကို အမေရိကန် ပြန်ခေါ်လိုက်တယ်။
ဘရွတ်ကလင်ကို ဂျွန်ဆင် ပြန်လာတယ်။ ဆုံးမမှုကို နှိမ့်ချစွာ လက်ခံမယ့်အစား အင်္ဂလန်ကို ပြန်ပို့ဖို့ပဲ ညီအစ်ကို ရပ်သဖော့ဒ်ကို အကြိမ်ကြိမ် ဖျောင်းဖျခဲ့တယ်။
ဖျောင်းဖျလို့ မရတဲ့အခါ ဒါရိုက်တာအဖွဲ့ကို ဩဇာလွှမ်းမိုးဖို့ ကြိုးစားတဲ့အတွက် လေးယောက် သူ့ဘက် ပါသွားတယ်။ဒီလူတွေဟာ အင်္ဂလန်မှာ ဂျွန်ဆင် လုပ်ခဲ့သလို အမေရိကန်မှာလည်း အဖွဲ့အစည်းရဲ့ အလှူငွေကို သိမ်းပိုက်ဖို့ ကြိုးစားမယ်လို့ ထင်ရတဲ့အတွက် ညီအစ်ကို ရပ်သဖော့ဒ်က သူတို့ကို ဒါရိုက်တာအဖွဲ့ကနေ ထုတ်လိုက်တယ်။ ဥပဒေအရ ကော်ပိုရေးရှင်းအဖွဲ့ဝင်တွေဟာ နှစ်တိုင်း ဒါရိုက်တာ အဖွဲ့ဝင်တွေကို ရွေးကောက်တင်မြှောက်ရတယ်။ ဒါပေမဲ့ ၁၉၁၇၊ ဇန်နဝါရီ ၆ ရက်မှာ ကျင်းပတဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ဂျေအပ်ဖ် ရပ်သဖော့ဒ်၊ အန်ဒရူး ပီယာစင်၊ ဝီလျံ အီး ဗန်အမ်ဘာ့ဂ်တို့ သုံးယောက်ပဲ ရွေးကောက်ခံရတယ်။ သူတို့က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး–ဘဏ္ဍာရေးမှူးဆိုတဲ့ နေရာအသီးသီး ရရှိသွားကြတယ်။ ဒါရိုက်တာအဖွဲ့မှာ ကျန်ရှိနေတဲ့ လေးနေရာအတွက်တော့ ရွေးကောက်ပွဲ မလုပ်ဘူး။ အဲဒီနေရာမှာ လုပ်ခဲ့ဖူးတဲ့ ဆန့်ကျင်သူ လေးယောက်က အရင်က ရွေးကောက်ခံရဖူးလို့ အဲဒီနေရာမှာ တစ်သက်လုံး ဆက်ရှိသွားမယ်လို့ တချို့ ထင်နေကြတယ်။ ဒါပေမဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ သူတို့ ပြန်ရွေးကောက်မခံရတဲ့အတွက် ဒါရိုက်တာအဖွဲ့ရဲ့ တရားဝင်အဖွဲ့ဝင်တွေ မဟုတ်တော့ဘူး။ ဒါကြောင့် ၁၉၁၇ ခုနှစ်၊ ဇူလိုင်လမှာ ညီအစ်ကို ရပ်သဖော့ဒ်က လစ်လပ်နေတဲ့ ဒါရိုက်တာနေရာတွေမှာ သစ္စာရှိ ညီအစ်ကိုလေးယောက်ကို ခန့်အပ်လိုက်တယ်။
မျှော်လင့်ထားတဲ့အတိုင်း အဖြုတ်ခံလိုက်ရတဲ့ ဒါရိုက်တာလေးယောက် ဒေါသထွက်ပြီး နေရာပြန်ရဖို့ ကြိုးစားကြတော့တယ်။ ဒါပေမဲ့ မအောင်မြင်ကြပါဘူး။ ကျမ်းစာကျောင်းသားတချို့ သူတို့ဘက် ပါသွားပြီး တခြားအဖွဲ့အစည်းတွေ တည်ထောင်ကြပေမဲ့ ကျမ်းစာကျောင်းသား အများစုကတော့ ဆက်သစ္စာရှိခဲ့ကြတယ်။ အဲဒီလေးယောက်က ဒါရိုက်တာအဖွဲ့မှာ နေရာပြန်မရခဲ့ဘူး။
အခက်အခဲတွေကြား တိုးတက်မှု
ဒီအတောအတွင်း ညီအစ်ကို ရပ်သဖော့ဒ်နဲ့ ဗေသလမှာရှိတဲ့ တခြားသစ္စာရှိ ညီအစ်ကိုတွေက နိုင်ငံတော်လုပ်ငန်း တိုးတက်ဖို့ ဆက်လုပ်ဆောင်ခဲ့ကြတယ်။ တိုက်နယ်ကြီးကြပ်မှူး ၆၉ ယောက်ကနေ ၉၃ ယောက်အထိ တိုးများလာတယ်။ ကော်လ်ပေါ်တာလို့ခေါ်တဲ့ မှန်မှန်ရှေ့ဆောင်လည်း ၃၇၂ ယောက်ကနေ
၄၆၁ ယောက်အထိ တိုးများလာတယ်။ ဒီနေ့ခေတ် အရန်ရှေ့ဆောင်နဲ့ ဆင်တူတဲ့ အထူးကော်လ်ပေါ်တာတွေကိုလည်း ဦးဆုံးအကြိမ် ခန့်အပ်ခဲ့တယ်။ အသင်းတော်တချို့မှာ အဲဒီထက်သန်တဲ့ ရှေ့ဆောင် ၁၀၀ လောက်ရှိတယ်။၁၉၁၇ ခုနှစ်၊ ဇူလိုင် ၁၇ ရက်မှာ ပြီးဆုံးလေသော နက်နဲရာ စာအုပ်သစ် ထွက်လာတယ်။ အဲဒီနှစ်ကုန်ပိုင်းမှာ စာအုပ်ကုန်သွားလို့ စာပေပုံနှိပ်တဲ့ အလုပ်ရုံမှာ အုပ်ရေ ၈၅၀,၀၀၀ ကို ထပ်မှာယူခဲ့ရတယ်။ *
၁၉၁၆ ခုနှစ်မှာ ညီအစ်ကို ရပ်စယ်လ် အစပြုခဲ့တဲ့ ဗေသလလုပ်ငန်းကို ပြန်လည်ဖွဲ့စည်းတာ ၁၉၁၇ မှာ ပြီးဆုံးတယ်။ အဲဒီနှစ် ဒီဇင်ဘာလ၊ ကင်းမျှော်စင်မှာ ဒီလိုဖော်ပြတယ်– “ဗေသလလုပ်ငန်း ပြန်လည်ဖွဲ့စည်းမှု . . . ပြီးဆုံးပါပြီ။ စီမံခန့်ခွဲမှုကောင်းတဲ့ အဖွဲ့အစည်းတစ်ခုလို ချောချောမောမော၊ ထိထိရောက်ရောက် လုပ်ဆောင်နေပါပြီ။ . . . ဗေသလအိမ်သားတွေအနေနဲ့ ဗေသလမှာ ရှိနေတာဟာ ရပိုင်ခွင့် မဟုတ်ဘဲ အခွင့်ထူးဖြစ်တယ်ဆိုတာ နားလည်ကြပါတယ်။”
၁၉၁၇ ခုနှစ်၊ စက်တင်ဘာလ ကင်းမျှော်စင်မှာ ဒီလိုဖော်ပြတယ်– “၁၉၁၆ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၉၁၇၊ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး လတိုင်း [စာပေထုတ်လုပ်မှု] တိုးတက်လာတယ်။ . . . ဘရွတ်ကလင်မှာ အခြေပြုတဲ့ လုပ်ငန်းကို သခင် ကောင်းချီးပေးနေတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား ဖြစ်ပုံရတယ်။”
စမ်းသပ်ခြင်း၊ စစ်ထုတ်ခြင်း မပြီးဆုံးသေး
ဆန့်ကျင်သူတွေကို အဖွဲ့အစည်းကနေ ရှင်းထုတ်လိုက်ပြီ။ အသင်းတော် ဆန္ဒခံယူမှု ရလဒ်တွေကို ကင်းမျှော်စင်မှာ ဖော်ပြထားတဲ့အရ ညီအစ်ကိုအများစုက ညီအစ်ကို ရပ်သဖော့ဒ်နဲ့ ဗေသလက သစ္စာရှိအမျိုးသားတွေကို ထောက်ခံကြတယ်။ ဒါပေမဲ့ အဲဒီအမျိုးသားတွေအတွက် စမ်းသပ်မှု မပြီးဆုံးသေးပါဘူး။ ၁၉၁၈ ခုနှစ်ဟာ အစကောင်းခဲ့ပေမဲ့ ခေတ်သစ်သမိုင်းမှာ အမှောင်မိုက်ဆုံးကာလ ဖြစ်လာပါတော့တယ်။
^ စာပိုဒ်၊ 18 ၁၉၂၀ ပြည့်နှစ်အထိ စီးပွားဖြစ် ပုံနှိပ်စက်တွေမှာပဲ ကျွန်တော်တို့ရဲ့ စာပေတွေကို ပုံနှိပ်ခဲ့ရတယ်။