မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သဘာဝဘေး ကျရောက်တဲ့အခါ

သဘာဝဘေး ကျရောက်တဲ့အခါ

“စိတ်ဓာတ် ဘုန်း​ဘုန်း​ကျသွား​တယ်။ ရေ​ကြီး၊ မြေ​ပြို​လို့ ပိုင်ဆိုင်သမျှ​အားလုံး ပျက်စီး​သွားပြီ။”—အန်ဒရူး၊ ဆီ​ရာ​လီယွန်။

“မုန်တိုင်း ငြိမ်​သွား​လို့ အိမ်​ပြန်လာ​ကြတယ်။ ဘာ​ဆို​ဘာမှ မကျန်​ဘူး။ ဆွံ့အသွားတာ​ပဲ။ သမီး​ဆိုရင် ထိုင်ပြီး ငိုချ​လိုက်တော့တယ်။”—ဒေးဗစ်၊ ဗာဂျင်​ကျွန်းစု။

သဘာဝဘေး ကြုံခဲ့ဖူး​မယ်​ဆိုရင် တခြားသူတွေ ကြုံတွေ့​ရတဲ့ ထိတ်လန့်​မှု၊ လက်မခံနိုင်​မှု၊ စိတ်​ရှုပ်ထွေးမှု၊ စိုးရိမ်​ပူပန်မှု၊ အိပ်မက်ဆိုး​တွေကို နားလည်​ပေးနိုင်ပါ​လိမ့်မယ်။ သဘာဝဘေးသင့်​သူ များစွာဟာ စိတ်ပျက်လက်ပျက်​နဲ့ ရှင်သန်​ချင်စိတ်​တောင် မရှိကြ​တော့​ဘူး။

သဘာဝဘေး ကြုံခဲ့ဖူး​မယ်​ဆိုရင် သင်လည်း မခံရပ်​နိုင်အောင် စိတ်ဓာတ်ကျ​ဖူး​ပါလိမ့်မယ်။ အသက်​ရှင်​နေလည်း အလ​ကား​ပဲ​လို့ ခံစား​ရနိုင်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက အသက်ရှင်​ရကျိုးနပ်​တယ်၊ ပို​ကောင်းမွန်​တဲ့​အနာဂတ်ကို မျှော်လင့်​နိုင်တယ်လို့ ဆိုထားတယ်။

ကျမ်းစာ​အမှန်တရား သိထားခြင်းက အသက်ရှင်​ရကျိုးနပ်​စေ

“ကိစ္စ​တစ်ခုရဲ့ အဆုံး​ဟာ အစ​ထက် ပို​ကောင်းတယ်” လို့ ဒေသနာ ၇:၈ မှာ ဆိုထားတယ်။ သဘာဝဘေး သင့်​ပြီး​ခါ​စ​ဆိုရင် မျှော်လင့်ချက် မဲ့​နေ​သလို ဖြစ်နေ​နိုင်တယ်။ ဒါပေမဲ့ စိတ်ရှည်ရှည်​နဲ့ ဘဝကို ပြန်​တည်ဆောက်​သွား​ရင် တဖြည်းဖြည်း ကောင်းမွန်​လာနိုင်​ပါတယ်။

“ငိုကြွေး​သံ​တွေ၊ ကူ​ပါ​ကယ်​ပါ​ဆိုတဲ့ အသံ​တွေ ကြားရ​တော့​မှာ မဟုတ်” တဲ့ အချိန်ကာလ​ကြောင်း ကျမ်းစာမှာ ကြိုဟော​ထားတယ်။ (ဟေရှာယ ၆၅:၁၉) ဘုရား​နိုင်ငံတော် အုပ်ချုပ်မှု​အောက် ကမ္ဘာမြေဟာ ပရဒိသု ဖြစ်လာတဲ့​အခါ အဲဒီလို ဖြစ်လာ​ပါလိမ့်မယ်။ (ဆာလံ ၃၇:၁၁၊ ၂၉) သဘာဝဘေးတွေ ကျရောက်​တော့​မှာ မဟုတ်ဘူး။ နာကျင်ဖွယ်​အမှတ်ရစရာတွေ၊ ဖျောက်ဖျက်​မရတဲ့ စိတ်​ဒဏ်ရာတွေ ထာဝရ ပျောက်ပျက်​သွားပါလိမ့်မယ်။ အကြောင်းကတော့ “အရင်တုန်းက ဖြစ်ခဲ့တာတွေကို သတိရ​တော့​မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲ ပေါ်လာ​တော့​မှာ မဟုတ်ဘူး” လို့ အနန္တ​တန်ခိုးရှင် ဘုရားသခင် ကတိပေး​ထားလို့ပါ​ပဲ။—ဟေရှာယ ၆၅:၁၇

စဉ်းစား​ကြည့်ပါ– ဖန်ဆင်းရှင်​က “မင်းတို့ မျှော်လင့်တဲ့ အနာဂတ်​မျိုး” ပေးဖို့ စီစဉ်​ထားပါ​တယ်။ ဘုရား​နိုင်ငံတော် အုပ်ချုပ်မှု​အောက် ငြိမ်သက်​အေးချမ်း​တဲ့ ဘဝ​အသက်တာ ပေးမယ်။ (ယေရမိ ၂၉:၁၁) ဒီ​အမှန်တရားကို သိထားခြင်းက အသက်ရှင်​ရကျိုးနပ်​အောင် ကူညီ​ပေး​နိုင်သလား။ “အနာဂတ်မှာ ဘုရား​နိုင်ငံတော် လုပ်ဆောင်​ပေးမယ့် ကောင်းမွန်​ရာတွေ​နဲ့ ကိုယ့်ကိုယ်ကိုယ် သတိ​ပေးတဲ့​အခါ အတိတ်​ဖြစ်ရပ်တွေကို ထားခဲ့ပြီး ပစ္စုပ္ပန်​ကို ရင်ဆိုင်​ဖြတ်ကျော်​သွားဖို့ ခွန်အား ရှိလာ​တယ်” လို့ အစ​ဆောင်းပါး​မှာ ကိုးကားခဲ့တဲ့ ဆယ်လီ ပြောတယ်။

ဒါကြောင့် အနာဂတ်မှာ လူသားတွေ​အတွက် ဘုရား​နိုင်ငံတော် လုပ်ဆောင်​ပေးမယ့်​အရာတွေ​အကြောင်း လေ့လာ​ကြည့်ပါ။ ဒါဆိုရင် သဘာဝဘေး ကြုံခဲ့​ရပေမဲ့ အသက်ရှင်​ရ​ကျိုး နပ်​ပါလိမ့်မယ်။ သဘာဝဘေး မရှိတော့မယ့် အနာဂတ်ကို ထက်သန်​စွာ စောင့်မျှော်​လာနိုင်​မယ်။ ဒီ​အတောအတွင်း လက်တွေ့ကျတဲ့ ကျမ်းစာ​လမ်းညွှန်ချက်တွေ​က သဘာဝဘေး ကြုံတွေ့ပြီးနောက်ပိုင်း ရင်ဆိုင်​ဖြေရှင်း​သွား​နိုင်အောင် အထောက်အကူ ပြု​နိုင်ပါတယ်။ ဥပမာ​တချို့ကို သုံးသပ်​ကြည့်ပါ။