မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချစ်ခင်ရသူ သေဆုံးသွားတဲ့အခါ

ချစ်ခင်ရသူ သေဆုံးသွားတဲ့အခါ

“အစ်ကို ရုတ်တရက် သေဆုံး​သွားတော့ ကျွန်မ ကူကယ်ရာ​မဲ့ ဖြစ်သွားတယ်။ လ​အတော်ကြာ​မှ အစ်ကို့​ကို ရုတ်တရက် သတိ​ရလာ​ပြီး ဓားနဲ့ ထိုး​ခံရ​သလို မချိမဆံ့ ခံစား​ရတယ်။ တစ်ခါ​တစ်ခါ အစ်ကို ဘာကြောင့် သေဆုံး​သွား​ရသလဲ​ဆိုပြီး ဒေါသ ထွက်​မိတယ်။ အစ်ကို့​ကို အချိန်​မပေးခဲ့​မိ​တဲ့​အတွက် အပြစ်​ရှိတယ်လို့လည်း ခံစား​ရတယ်။”—ဗာနက်ဆာ၊ ဩစတြေးလျ။

ချစ်ခင်​ရသူ သေဆုံး​သွားတာမျိုး ကြုံဖူး​ရင် ဝမ်းနည်းမှု၊ အထီးကျန်မှု၊ အကူအညီ​မဲ့​မှု စတဲ့ ခံစားချက်တွေ ဖြစ်ပေါ်​တတ်တယ်။ ဒေါသ​ထွက်တယ်၊ အပြစ်​ရှိတယ်လို့ ခံစား​ရပြီး ကြောက်​စိတ်လည်း ဝင်​နေ​နိုင်တယ်။ အသက်ရှင်​ရ​ကျိုး နပ်​သေး​ရဲ့​လားလို့​တောင် စဉ်းစားမိ​နိုင်တယ်။

ဝမ်းနည်း​ကြေကွဲ​ခြင်းက ပျော့​ညံ့​တဲ့​အမှတ်လက္ခဏာ မဟုတ်ပါဘူး။ သေဆုံး​သွား​သူကို ဘယ်လောက် ချစ်ခင်​ကြောင်း ဖော်ပြတာ​ပဲ။ ဒါပေမဲ့ ဝမ်းနည်းပူဆွေးမှု​ကနေ စိတ်သက်သာရာ ရနိုင်​ပါ့မလား။

တချို့ ရင်ဆိုင်​ဖြေရှင်း​ကြ​ပုံ

တော်​တော်​နဲ့ ဖြေမဆည်​နိုင်ရင်တောင် အောက်ပါ​အကြံပြုချက်တွေက​နေ နှစ်သိမ့်မှု ရနိုင်ပါတယ်။

ဝမ်းနည်း​ပူဆွေးပါ

ဝမ်းနည်းပူဆွေး​ပုံ၊ ဝမ်းနည်းပူဆွေး​ချိန်​ချင်း မတူကြဘူး။ ငိုချ​လိုက်တာ​က အတော်အတန် စိတ်သက်သာရာ ရစေ​နိုင်တယ်။ ဗာနက်ဆာ ဒီလို​ပြောတယ်– “ကျွန်မ ငိုချ​လိုက်တယ်။ ဝမ်းနည်း​စိတ်​ကို ဖြေရမယ်လေ။” ညီမ​ဖြစ်သူ ရုတ်တရက် သေဆုံးသွားတဲ့ ဆိုဖီယာ ဒီလို​ပြောတယ်– “အဲဒီ​အကြောင်း ပြန်​တွေးမိ​ရင် ရင်​နာ​လို့ မဆုံး​ဘူး။ ဒဏ်ရာကို ခွဲ​ပြီး ဆေးထည့်​တာ​နဲ့ တူတယ်။ မခံရပ်​နိုင်အောင် နာကျင်​တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်မှ ဒဏ်ရာ​သက်သာ​မယ်​လေ။”

ကိုယ့်​အတွေး၊ ခံစားချက်တွေကို ပြောပြပါ

တစ်ယောက်တည်း နေချင်​တဲ့အခါ​တွေ ရှိ​နိုင်ပါတယ်။ တစ်ယောက်​တည်း ကြိတ်မှိတ်ခံ​နေရင်​တော့ ခံနိုင်​မှာ မဟုတ်ဘူး။ ဖခင် ဆုံးပါး​သွားတဲ့ အသက် ၁၇ နှစ်အရွယ် ဂျဲရက် ဒီလို​ပြောပြတယ်– “ကျွန်တော့်​ခံစားချက်တွေ တခြား​သူတွေကို ပြောပြတယ်။ ကျွန်တော့်ကို နားလည်ကြသလား​တော့ မသိ​ဘူး။ ဒါပေမဲ့ ဖွင့်ပြော​နိုင်​ခဲ့​တာ ကျွန်တော့်​အတွက် ကောင်း​သွားတယ်။” အစ​ဆောင်းပါး​မှာ ကိုးကားခဲ့တဲ့ ဂျဲနစ်​က နောက်ထပ် အကျိုးကျေးဇူး​ကို ဒီလို​ပြောပြတယ်– “တခြား​သူတွေကို ပြောပြ​လိုက်​တော့ အတော်လေး စိတ်​သက်သာရာရ​သွားတယ်။ ကျွန်မကို နားလည်​ပေး​ကြတယ်​လို့ ခံစား​ရတယ်။ အထီး​မကျန်​တော့​ဘူး။”

အကူအညီကို လက်ခံပါ

ဆရာဝန်​တစ်ယောက် ဒီလို​ပြောတယ်– “ဝမ်းနည်းပူဆွေး​သူ​အနေနဲ့ မိတ်ဆွေ​တွေ၊ ဆွေမျိုးတွေရဲ့ အကူအညီကို စောစောစီးစီး လက်ခံ​လိုက်ရင် ဝမ်းနည်း​စိတ် ပြန်​ပေါ်လာတဲ့​အခါ ရင်ဆိုင်​ကျော်လွှား​နိုင်​စေတယ်။” မိတ်ဆွေ​တွေ ကူညီ​ပေးချင်​ပေမဲ့ ဘယ်လို ကူညီ​ရ​မှန်း မသိ​ဖြစ်​တတ်တဲ့​အတွက် ဘာ​အကူအညီ လို​ကြောင်း အသိပေး​ပါ။—ပညာအလိမ္မာ ၁၇:၁၇

ဘုရားသခင်နဲ့ ပို​ရင်းနှီးအောင် ကြိုးစားပါ

တီနာ ဒီလို​ပြောတယ်– “ကျွန်မ​ခင်ပွန်း ကင်ဆာ​ရောဂါ​နဲ့ ရုတ်တရက် ဆုံး​သွားတော့ သူနဲ့ ရင်ဖွင့်​တိုင်ပင်​လို့ မရတော့ဘူး။ ဒါကြောင့် ဘုရားကိုပဲ အားလုံး ပြောပြ​ရတော့တယ်။ တစ်နေ့​တာ​ကို ဖြတ်ကျော်​နိုင်အောင် ကူညီ​ပေးဖို့ ဆုတောင်းခြင်းနဲ့ အစ​ပြုတယ်။ ကျွန်မ ပြောပြ​နိုင်တာ​ထက် ဘုရား ကူညီ​ပေးတယ်။” မိခင် ဆုံးပါး​သွားချိန်မှာ အသက် ၂၂ ပဲ​ရှိသေး​တဲ့ တာ​ရှာ ဒီလို​ပြောတယ်– “နေ့စဉ် ကျမ်းစာ​ဖတ်ရှုခြင်းကနေ နှစ်သိမ့်မှု ရတယ်။ အားရှိစရာ​တစ်ခုခု​တော့ တွေ့တယ်။”

ရှင်ပြန်ထမြောက်​ချိန်​ကို မြင်ယောင်ပါ

တီနာ ဒီလို​ဆက်ပြောတယ်– “စ​စ​ချင်း​တော့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​က ကျွန်မကို နှစ်သိမ့်မှု မဖြစ်စေ​ဘူး။ ကျွန်မ​ခင်ပွန်းကို ကျွန်မ လိုအပ်တယ်။ ကျွန်မ​သားတွေလည်း အဖေ လိုအပ်တယ်​လေ။ ဒါပေမဲ့ အခု လေးနှစ်​ကြာပြီးနောက်​မှာ​တော့ ဒီ​မျှော်လင့်ချက်ကို ကျွန်မ ဖက်တွယ်​ထားတယ်။ ကျွန်မ​အတွက် အသက်ကယ်​ကြိုး​နဲ့ တူတယ်။ သူနဲ့ ပြန်ဆုံ​တာ​ကို မြင်ယောင်​ကြည့်တယ်။ အဲဒါက စိတ်ချမ်းသာ​စေတယ်၊ ကြည်နူး​စေတယ်။”

ချက်ချင်း​တော့ စိတ်​သက်သာရာရ​မှာ မဟုတ်ဘူး။ ဗာနက်ဆာရဲ့ တွေ့ကြုံမှု​ကနေ အားယူ​နိုင်တယ်။ သူ ဒီလို​ပြောတယ်– “ဘယ်တော့မှ စိတ်​သက်သာရာရ​မှာ မဟုတ်ဘူးလို့ ထင်တယ်။ ဒါပေမဲ့ တဖြည်းဖြည်း စိတ်သက်သာရာ ရလာတယ်။”

ရင်ထဲမှာ ဟာတာတာ​ကြီး ဖြစ်နေပေမဲ့ အသက်ရှင်​ရ​ကျိုး နပ်​နိုင်​ပါသေး​တယ်။ ဘုရားရဲ့ ကူညီမစမှု​ကြောင့် မိတ်ဆွေတွေနဲ့ ပျော်ရွှင်​နိုင်​ပါသေး​တယ်။ အဓိပ္ပာယ်​ရှိတဲ့​ဘဝ ပိုင်ဆိုင်​နိုင်​ပါသေး​တယ်။ သေလွန်​သွား​သူတွေကို ဘုရားသခင် မကြာခင် အသက်ပြန်ရှင်​စေပါ​တော့​မယ်။ ချစ်ခင်​ရသူ​ကို ပြန်​ပွေ့ဖက်​ခွင့် ရစေချင်​တယ်။ အဲဒီ​အချိန်ကျရင် ရင်ထဲ​က နာကျင်မှု​တွေ ထာဝစဉ် ပျောက်​သွားပါလိမ့်မယ်။