မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ဖက် ဖောက်ပြန်သွားတဲ့အခါ

အိမ်ထောင်ဖက် ဖောက်ပြန်သွားတဲ့အခါ

“ကျွန်မကို ကွာပြီး နောက်​တစ်ယောက် ယူတော့မယ်​လို့ ကျွန်မ​ခင်ပွန်း ထုတ်ပြော​တော့ သေချင်စိတ်​ပေါက်​သွားတယ်။ အထူးသဖြင့် သူ့​အတွက် စွန့်လွှတ်​အနစ်နာခံခဲ့တာ​တွေကို စဉ်းစားမိ​ရင် လုံးဝ မတရား​ဘူး။”—မာ​ရီ​ယာ၊ စပိန်။

“ကျွန်တော့်​မိန်းမ ကျွန်တော့်ကို ထားရစ်ခဲ့​တော့ သေ​လူ​လို ဖြစ်သွားတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်​တွေ၊ မျှော်လင့်ချက်တွေ၊ အစီအစဉ်တွေ ပျက်စီး​ကုန်တယ်။ အပူအပင် မရှိဘူးလို့ ထင်ရတဲ့​နေ့တွေမှာ​တောင် စိတ်ပျက်လက်ပျက် ဖြစ်နေ​ပြန်တယ်။”—ဘီလ်၊ စပိန်။

အိမ်ထောင်ရေး ဖောက်ပြန်မှု​ဟာ စိတ်ပျက်​စရာ​ပါပဲ။ တချို့က နောင်တ​ရတဲ့ အိမ်ထောင်ဖက်​ကို ခွင့်လွှတ်​ပြီး ဆက်ပေါင်း​ကြ​တာ​တွေ ရှိတာ မှန်ပါတယ်။ * ဒါပေမဲ့ ဆက်ပေါင်း​သည်​ဖြစ်စေ၊ ကွဲသွား​သည်​ဖြစ်စေ အိမ်ထောင်ရေး ဖောက်ပြန်မှု​ကြောင့် နာကျင်​ခံစားရ​တာ​ပါပဲ။ ဒီ​ခံစားချက်ကို ဘယ်လို ကိုင်တွယ်ဖြေရှင်း​နိုင်မလဲ။

အကူအညီ​ဖြစ်စေ​မယ့် ကျမ်းပိုဒ်​များ

အပြစ်မဲ့ အိမ်ထောင်ဖက်​တွေဟာ ဝမ်းနည်း​ကြေကွဲ​ကြပေမဲ့ ကျမ်းစာကနေ နှစ်သိမ့်မှု ရ​ကြတယ်။ သူတို့ရဲ့ မျက်ရည်တွေ၊ နာကျင်မှု​တွေကို ဘုရားသခင် သိမြင်​တယ်၊ စာနာတယ်​ဆိုတာ သိ​လာကြတယ်။—မာလခိ ၂:၁၃-၁၆

“စိုးရိမ်စိတ်တွေ သိပ်​များနေ​တဲ့အခါ ကိုယ်တော် နှစ်သိမ့်​ပေးပြီး စိတ်သက်သာရာ ရစေတယ်။”ဆာလံ ၉၄:၁၉

“အဲဒီ​ကျမ်းချက်ကို ဖတ်တဲ့အခါ သနား​စာနာ​တတ်တဲ့ ဖခင်​လို ယေဟောဝါ​က ကျွန်တော့်ကို ကြင်နာစွာ နှစ်သိမ့်​ပေးနေ​သလို ခံစား​ရတယ်” လို့ ဘီလ် ပြောတယ်။

“သစ္စာစောင့်သိ​သူကို ကိုယ်တော်​က​လည်း သစ္စာ​စောင့်သိတယ်။”ဆာလံ ၁၈:၂၅

ခင်ပွန်းသည် ဖောက်ပြန်​သွားတဲ့ ကာမန် ဒီလို​ပြောတယ်– “ကျွန်မ​ခင်ပွန်း သစ္စာ​မရှိပေမဲ့ ယေဟောဝါ​ကတော့ သစ္စာ​စောင့်သိ​မယ်​ဆိုတာ ယုံကြည်တယ်။ ဘုရားက ကျွန်မကို ဘယ်တော့မှ စိတ်ပျက်အောင်​လုပ်မှာ မဟုတ်ဘူး။”

“ဘာမှ မစိုးရိမ်​ဘဲ အရာရာမှာ . . . ဆုတောင်းကြပါ၊ တိုးလျှိုး​အသနားခံ​ကြပါ၊ ဘုရားသခင်​ဆီ အသနားခံ​ကြပါ။ ဒါဆိုရင် လူ့ဉာဏ်​နဲ့​မမီနိုင်တဲ့ ဘုရားသခင့်​ငြိမ်သက်ခြင်းက . . . ခင်ဗျားတို့ရဲ့ စိတ်နှလုံး​နဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်​ပေးပါလိမ့်မယ်။”ဖိလိပ္ပိ ၄:၆၊ ၇

“ဒီ​ကျမ်းချက်ကို အကြိမ်ကြိမ် ဖတ်တယ်။ ဘုရားဆီ ဆုတောင်း​လေ စိတ်​ငြိမ်သက်မှု ခံစား​ရလေပဲ” လို့ ဆာ​ရှာ ပြောတယ်။

အထက်မှာ ဖော်ပြခဲ့​သူ​အားလုံးဟာ လက်လျှော့​အရှုံးပေး​လိုက်​ချင်စိတ် ပေါ်​ခဲ့​ကြတယ်။ ဒါပေမဲ့ ယေဟောဝါ​ဘုရားကို ယုံကြည်​ကိုးစားပြီး ကျမ်းစာကနေ ခွန်အားရ​ယူ​ခဲ့​ကြတယ်။ ဘီလ် ဒီလို​ပြောတယ်– “အရာရာ ပြိုလဲ​ပျက်စီး​သွား​ပုံ​ရပေမဲ့ ယုံကြည်ခြင်း​ကြောင့် ဘဝ​အဓိပ္ပာယ် ပြန်​ရှိလာ​တယ်။ ‘မှောင်မိုက်တဲ့ ချိုင့်ဝှမ်း​ထဲ’ လျှောက်​ရချိန်​တွေ​မှာ ကျွန်တော်​နဲ့​အတူ ဘုရား ရှိခဲ့တယ်။”—ဆာလံ ၂၃:၄

^ အိမ်ထောင်ဖက်​ကို ခွင့်လွှတ်ခြင်း၊ မလွှတ်​ခြင်းနဲ့​ပတ်သက်ပြီး ၂၀၀​၁၊ ဩဂုတ် ၈ ရက်ထုတ် နိုးလော့!အိမ်ထောင်ဖက်​တစ်ဦး ဖောက်ပြန်သော​အခါ” ဆောင်းပါး​မှာ ကြည့်ပါ။